ကသာမြို့ မိုးဒါးလေးရွာ လေယာဉ်နဲ့ဗုံးကြဲခံရပြီး ခုနစ်ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရ

RFA Burmese
2023.01.19
ကသာမြို့ မိုးဒါးလေးရွာ လေယာဉ်နဲ့ဗုံးကြဲခံရပြီး ခုနစ်ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က ကသာမြို့နယ် မိုးဒါးလေးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်အားတွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ် မိုးဒါးလေးရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါ ပစ်ခဲ့တာကြောင့် ဒေသခံခုနစ်ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီအထဲမှာ လေယာဉ်ဗုံးကြောင့် မီးလောင်ပြီး သေဆုံးသူလေးဦး၊ ဗုံးစထိမှန်ပြီး မည်သူ မည်ဝါ မသိရအောင်အထိ ဖြစ်ပြီး သေဆုံးသူနှစ်ဦးနဲ့ ဦးခေါင်းကိုထိမှန်ပြီး ဆေးကုရင်း သေဆုံး သူတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေ ခုနစ်ယောက်သေတယ်။ မိုးဒါးရွာအမြီးပိုင်းကို ဗုံးနဲ့လာချသွားတာ စေတီရပ်ပေါ့။ အလှူပွဲနေရာ မဟုတ်ဘူးဗျ"

ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီခန့် မိုးဒါးလေးရွာ စေတီရပ်မှာ ရှင်ပြုအလှူပွဲလုပ်ပြီးချိန် ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံးလာကြဲလို့ နေအိမ်မှာပုန်းနေသူတွေနဲ့ အလှူပွဲကပြန်လာ သူတွေ သေဆုံး၊ ဒဏ်ရာရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူတွေ ခုနစ်ယောက်သေတယ်။ မိုးဒါးရွာအမြီးပိုင်းကို ဗုံးနဲ့လာချသွားတာ စေတီ ရပ်ပေါ့။ အလှူပွဲနေရာ မဟုတ်ဘူးဗျ။ အလှူပွဲနဲ့တော်တော်ဝေးနဲ့နေရာ အိမ်ပေါ်မှာ ကျသွားတာ။ လေယာဉ်သံကြားလို့ ပုန်းနေတဲ့သူတွေ မီးလောင်ဒဏ်ရာတွေနဲ့ သေတဲ့ သူကသေ။ အစမှန်လို့ သေတဲ့သူကသေပေါ့။ ထိထိုက်ဒဏ်ရာရတာက အလှူပွဲမှာ ရှိတဲ့ သူတွေလည်း ရကြတယ်။ ချတဲ့အသံကြား ပြေးကြတာ။ ပြေးကြတော့ ထိကုန်ကြတယ်။ ကျန်တာကတော့ ထိခိုက်ဒဏ်ရာရတာ။ အိမ်က ငါးလုံး မီးလောင်သွားတယ်။ ခုနစ်လုံး ပျက်စီးသွားတယ်”

သေဆုံးတဲ့အထဲမှာ အသက် ၃၀ ကနေ ၆၃ နှစ်အတွင်း အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသား တစ်ဦးပါဝင်ပြီး ဒဏ်ရာရတဲ့ ဒေသခံ ၃၀ ကျော်ထဲမှာတော့ ငါးဦးက ဒဏ်ရာပြင်းထန်တယ် လို့ ဆိုပါတယ်။

သေဆုံးထိခိုက်သူတွေရဲ့အမည်ကို လုံခြုံရေးအရ ပြောလို့မရပေမယ့် ဒဏ်ရာရသူတွေက တော့ ကသာမြို့ဘက် ဆင်းပြီး ဆေးကုနေကြရတယ်လို့ ဒေသခံက ပြောပါတယ်။

ဗုံးကြဲခံရတဲ့နေရာနဲ့ ငါးမိုင်ခန့်ဝေးတဲ့နေရာမှာ ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းကတည်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တွေ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တဲ့နေရာကို မပစ်ဘဲ ဒေသခံတွေရှိတဲ့နေရာကို လေယာဉ်နဲ့ လာပစ်သွားတာလို့ မိုးဒါးလေးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒဏ်ရာရတဲ့ကောင်လည်း အများကြီးပြင်းထန်တယ်ဗျ။ ပေါင်တွေရော၊ လက်တွေရော၊ မျက်ခွက်တွေရော၊ ခါးတွေရော အဲလိုမျိုးဖြစ်နေကုန်တာ။ သေတာက ခုနစ်ယောက်ဗျ။ မနေ့က ဒီမှာတိုက်ပွဲဖြစ်နေ တော့ တိုက်ပွဲ ဖြစ်တဲ့နေရာသွားမချဘဲ ရွာထဲတွေလိုက်ချ နေတာ။ မနေ့က ၁၀ နာရီထိုးကတည်းကဖြစ်တာ အခုမနက်ထိ ဖြစ်နေတုန်း”

လေယာဉ်နဲ့လာပစ်ချိန် စစ်ကောင်စီတပ်က ရွာဘက်ကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ ကြောင့် ဆင်ကုန်တိုင်နဲ့ တိုက်ကုန်းရွာက ဒေသခံနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။

signal-2023-01-19-130145_002.jpeg
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က ကသာမြို့နယ် မိုးဒါးလေးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်အားတွေ့ရစဉ်။ (Photo: Citizen Journalist)

တိုက်ကုန်းရွာနဲ့ ဆင်ကုန်တိုင်ရွာကြားမှာ ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်ဘက်က အထိနာတာကြောင့် လေယာဉ်နဲ့ ဗုံးလာကြဲ တာလို့ ကသာ PDF ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

“မနေ့က ၄ နာရီ ခန့်မှန်းခြေအချိန်မှာပေါ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မိုးဒါးလေးရွာမှာ လေယဉ်နဲ့ ဗုံးကြဲသွားတာပေါ့။ မနေ့က တစ်ယောက်ထပ်ဆုံး ခုနစ်ယောက် ဖြစ်သွား တယ်ဗျ။ ဒဏ်ရာရတဲ့သူက မနေ့က ၃၀ လောက်ရပြီးမှ အခု နောက်ဆုံးစာရင်းအရတော့ ငါးဦးပေါ့။ သူတို့ အထိနာလို့ပဲပြောရမှာပေါ့။ သူတို့ ၁၁ နာရီထိုးလောက်ကတည်းက တိုက်ပွဲဖြစ်နေကြတာ ရှေ့မတိုးနိုင်ဘူး။ အခုလည်း ဖြစ်နေကြတယ်၊ ချနေကြတယ်။ အဲလိုမျိုး သူတို့ တက်လို့မရရင်တော့ လေကြောင်းရန်လာတော့မယ်ဆိုတာတော့ လူတိုင်းသိနေကြတယ်”

လက်ရှိ မိုးဒါးလေးရွာအပြင် တိုက်ကုန်းရွာက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေး ဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

326104093_536953538495370_8734625991310343297_n.jpg
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က ကသာမြို့နယ် မိုးဒါးလေးရွာကို စစ်ကောင်စီတပ် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်အားတွေ့ရစဉ်။ (Photo: Citizen Journalist)

KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကသာဘက်မှာ တိုက်ပွဲဖြစ် နေတာကိုသာ ကြားရပြီး အသေးစိတ် သတင်းအချက်အလက်တွေတော့ တက်မလာသေး ဘူးလို့ RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ကသာမြို့နယ်၊ မှတ်တိုင်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ ပစ်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာ ရခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့မှာလည်း မိုးဒါးကြီးရွာကို ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ပစ်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းနှစ်နှစ်နီးပါးအတွင်း ကသာမြို့နယ်ထဲက မိုးဒါးလေး၊ မှတ်တိုင်၊ ကျွန်းပင်၊ ဘန့်ဘွေးကုန်း၊ မင်းလယ်နဲ့ မိုးဒါးကြီးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး ခြောက်ကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ နှစ်နှစ်နီးပါးအတွင်း တစ်နိုင်ငံလုံးမှာ သေဆုံးတဲ့ ဒေသခံ ၂၇၄၉ ဦး ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။