အစိုးရသစ်အပေါ် မွန်လူထု မျှော်လင့်ချက် များပြား
2020.11.24
အလုပ်ကိုင်အခွင့်အလမ်း ပေါများလာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်လာရေးနဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာရေးတို့အတွက် အစိုးရသစ်က ဖန်တီးပေးနိုင်မယ်လို့ မွန်လူထုက မျှော်လင့်နေပါတယ်။
၂၀၂၁ နှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းမယ့် မွန်ပြည်နယ် အစိုးသစ်အနေနဲ့ ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ မွန်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက လိုလားနေကြပါတယ်။
ပြည်ပကပြန်လာတဲ့ အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ အစိုးရက ဖန်တီးပေးဖို့လိုတယ်လို့ မွန်ပြည်နယ်အခြေစိုက် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (LRC) ဒေသဆိုင်ရာ စီစဉ်ညှိနှိုင်းရေးမှူး မင်းဝင်းဗိုလ်က RFA ကို ပြောပါတယ်။
“မွန်ပြည်နယ်မှာ နိုင်ငံခြားကနေပြီးတော့ ဟိုမှာနေလို့မရတော့လို့ ပြန်လာတဲ့အလုပ်သမားတွေ အများကြီး ရှိတယ်။ အဲဒီအလုပ်သမားတွေကလည်း သူတို့ကျွမ်းကျင်ပြီးသား ပညာတွေရခဲ့တယ်။ ဒါကို ကိုယ့်ရဲ့ ပြည်တွင်းအားအနေနဲ့ ပြန်သုံးနိုင်မယ်ဆိုရင် ကိုယ့်ရဲ့မွန်ပြည်နယ် တိုးတက်ဖို့အတွက်ကို အလားအလာ တော်တော်လေးကောင်းတယ်။ ဒါတစ်ခု လုပ်ဖို့လိုတယ်။ နောက်တစ်ခုက လက်ရှိ မွန်ပြည်နယ်မှာ ထွက်နေတဲ့ ထုတ်ကုန်တွေကို ဒါကို Promote လုပ်ဖို့လိုတယ်။ ထွက်နေတဲ့ထုတ်ကုန် ပြန်ပြီး ရောင်းလို့မရဘူး။ ပြန်ပြီးတော့ရောင်းနေတာ ဈေးနှုန်းကောင်းကောင်း မရနေဘူးဆိုရင် မွန်ပြည်နယ်အတွက်က အခက် အခဲဖြစ်နေအုံးမှာ ဒါကို အစိုးရက လုပ်ဖို့လိုမယ်လို့ထင်တယ်။”
မွန်ပြည်နယ်မှာ ထိုင်း၊ မလေး၊ စင်ကာပူ အစရှိသဖြင့် ပြည်ပနိုင်ငံတွေကို တစ်နှစ်တစ်နှစ် သွားတဲ့သူ ဦးရေဟာ နှစ်သိန်းဝန်းကျင် ရှိနေပြီး ကိုဗစ်ရောဂါ ကူးစက်မှုအခြေအနေတွေကြောင့် ပြည်ပကိုသွားကြသူတွေထဲက ထက်ဝက်လောက်ဟာ ပြန်လာနေကြတယ်လို့ မွန်ပြည်နယ်အခြေစိုက် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (LRC) ဒေသဆိုင် ရာ စီစဉ်ညှိနှိုင်းရေးမှူးက ပြောပါတယ်။
“ခန့်မှန်းခြေအနေနဲ့ကတော့ ရွာအနေနဲ့ တွက်ကြည့်လိုက်ရင်တော့ နှစ်သိန်းဝန်းကျင်လောက် ရှိနိုင်တာပေါ့။ အဲတော့ အခု ကိုဗစ်ဖြစ်ပြီးတဲ့အခါမှာ အဲဒီလူတွေက ဟိုဘက်မှာ အလုပ်လုပ်တာ အဆင်မပြေတော့လို့ တစ်ဝက်ဝန်းကျင်လောက်က ပြန်လာတယ်။ ပြန်လာတဲ့သူတွေကို မေးကြည့်တဲ့အချက်အလက်အရ အတိအကျမဟုတ်ပေမယ့် တစ်သိန်းဝန်းကျင်လောက် ရှိနိုင်မယ်လို့သိရတယ်။ အဲဒီလူတွေက နိုင်ငံခြားမှာ အကြာကြီး အလုပ်လုပ်ခဲ့တယ်။ သူတို့ဆီမှာ ကျွမ်းကျင်တဲ့နည်းပညာတွေ ပါလာတယ်။ အဲဒီတော့ အခုအခြေအနေအရဆိုရင် အဲဒီလူတွေရဲ့ အရင်းအမြစ်တွေကို ကျွန်တော်တို့နိုင်ငံအတွက် ပြည်နယ်အတွက် အသုံးချနိုင်ရင် အကျိုးရှိတဲ့ကိစ္စတစ်ခုဖြစ်တယ်။ အဲဒီတော့ နောက်တက်လာမယ့်အစိုးရမှာ ဒီကိစ္စကို အာရုံစိုက်ပြီးတော့ ကျွန်တော်တို့နိုင်ငံ၊ ပြည်နယ်အတွက် အကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။”
မွန်လူထုဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာဖို့အပြင် ဒေသလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ အစိုးရအပေါ် မျှော်လင့်တာတွေလည်း ရှိနေပါတယ်။
ဥပမာအားဖြင့် ရေးမြို့နယ်မှာ လျှပ်စစ်ဓာတ်အား အသုံးပြုရေး အစိုးရက စီစဉ်ပေးနိုင်ခြင်း မရှိသေးတဲ့အတွက် ပုဂ္ဂလိကုမ္ပဏီတွေပေးတဲ့ လျှပ်စစ် ဓာတ်အားကို အသုံးပြုနေရပါတယ်။
ဒီအတွက် လျှပ်စစ်မီတာခဈေးနှုန်းဟာ တစ်ယူနစ်ကို ၄၀၀ နဲ့ ၅၀၀ ကျပ်ကြားမှာ ပေးဆောင်နေရပါတယ်။
ကိုဗစ်ကာလမှာ အစိုးရလျှပ်စစ် သုံးစွဲသူတွေက မီးတာခကင်းလွတ်ခွင့်၊ ခံစားခွင့်ရနေချိန်မှာ ရေးမြို့နယ်ကတော့ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ဖြစ်နေတဲ့အတွက် မီတာခကင်းလွတ်ခွင့်တွေ မခံစားခဲ့ကြရပါဘူး။
ဒါကို လျှော့ချပေးဖို့နဲ့ ရေးမြို့နယ်က အခြားမြို့နယ်နည်းတူ အစိုးရလျှပ်စစ်မီးရရှိအောင် နောင်တက်လာမယ့် ပြည်နယ်အစိုးရသစ်က ဆောင်ရွက်ပေးသွားဖို့ ရေးမြို့နယ်၊ အံဒင်ကျေးရွာက ကိုဖိုးဇော်က မျှော်လင့်နေပါတယ်။
“မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ရေးမြို့နယ်တစ်နယ်ပဲ လျှပ်စစ်မီးမရသေးတာပေါ့၊ အခုကျွန်တော်တို့ ပေးဆောင် နေရတာက တစ်ယူနစ်ကို ၄၀၀ နဲ့ ၅၀၀ ကြားမှာ ပေးဆောင်နေရတဲ့ လျှပ်စစ်မီးသုံးစွဲခ ပေးဆောင် နေရတာပေါ့နော်၊ အခုလက်ရှိကတော့ ပုဂ္ဂလိက လျှပ်စစ်မီးနဲ့ လည်ပတ်နေတယ်။ ဒီအပေါ်မှာ တက်လာမယ့် အစိုးရသစ်ကို တောင်းဆိုချင်တာကတော့ အစိုးရ လျှပ်စစ်မီးရရှိနိုင်အောင် ကြိုးစားပေးပါ။ ဒါမှလည်း ကျွန်တော်တို့ ရေးမြို့နယ်သားတွေ စီးပွားရေး၊ ဖွံ့ဖြိုးရေးအပိုင်းတွေကို အများကြီး အကျိုးပြုနိုင်မယ်လို့ မြင်တယ်။”
NLD အစိုးရလက်ထက်မှာ လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်အပါဝင် အခြေခံ အဆောက်အအုံနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ရှိခဲ့တယ်ဆိုတာကိုတော့ မွန်လူထုက လက်ခံပါတယ်။
ဒါပေမဲ့လို့ စီးပွားရေးပိုင်းမှာ အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေက အားနည်းတယ်ဆိုပြီး ထောက်ပြတာတွေ ရှိပါတယ်။
မွန်ပြည်နယ်ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ ရော်ဘာလုပ်ငန်းဖွံ့ဖြိုးရေးနဲ့ ဈေးကွက်ရရှိအောင် အစိုးရသစ်က ဖော်ဆောင်ပေးဖို့ကိုလည်း ဒေသခံတွေက လိုလားနေပါတယ်။
မွန်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးကို တာဝန်ယူထားတဲ့ ကိုကြည်ဇော်လွင်က မွန်ပြည်နယ် အစိုးရအနေနဲ့ ရော်ဘာလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့ပေမယ့် ရော်ဘာတောင်သူတွေအတွက် ပြောင်းလဲတဲ့ ရလဒ်တွေ မရရှိခဲ့ဘူးလို့ပြောပါတယ်။
“ဒီ ငါးနှစ်အတွင်းမှာ ပြည်နယ်အစိုးရက ရာဘာကဏ္ဍနဲ့ပတ်သက်ပြီးတော့ လုပ်ခဲ့တာတော့ တွေ့ရတယ်။ ဒါပေမဲ့ ကြီးကျယ်တဲ့ရလဒ်တွေ ကျွန်တော်တို့ မမြင်ရဘူး။ ဘယ်လောက်အောင်မြင်သွားလဲ၊ ဘယ်လောက် ပြောင်းလဲသွားတာပေါ့နော်၊ ဒီရလဒ်တွေ မမြင်ရဘူး။ လာမယ့် ငါးနှစ်ကျရင် ဒီလိုပဲသွားဦးမလားပေါ့။ ဒါကတော့ ပြောင်းလဲဖို့လိုလာတယ်။ ဈေးကွက်ကို ဝင်တိုးနိုင်အောင် အစိုးရက ဘယ်လိုလုပ်ပေးမလဲ။ ဒါလေးတစ်ချက် အရေးကြီးတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ကုန်ကြမ်းကိုပဲ သွားအုံးမလားပေါ့။ ကုန်ချောအဖြစ် ဖြစ်နိုင်ဖို့အတွက် ဒီဟာနဲ့ပြောင်းဖို့ Plan ဘယ်လိုချမလဲ။ ဒါတွေက ခဏပေါ်လို့ ပြေးပြီးလုပ်လိုက်ရတဲ့အလုပ်မဟုတ်ဘူး။ ဒါကို တစိုက်မတ်မတ်ချပြီး လုပ်ဖို့လိုတယ်။ ဒါလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။”
ဒါ့အပြင် ပြီးခဲ့တဲ့ NLD ရဲ့ ပထမအစိုးရ သက်တမ်း ငါးနှစ်မှာ ခရီးသွားလုပ်ငန်း တွင်တွင်ကျယ်ကျယ် ဖြစ်လာဖို့ ပြည်နယ်အစိုးရက ကြွေးကြော်ခဲ့ပေမယ့် ထင်သလောက် ခရီးပေါက်ခဲ့ဘူးလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြကြပါတယ်။
ခရီးသွားလုပ်ငန်းကော်မတီမှာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူတာဖြစ်လို့ တိုးတက် လာဖို့က ဝန်ကြီးရဲ့ စိတ်အားထန်သန်မှုအပေါ် အများကြီးမူတည်နေတယ်လို့ မွန်ပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီရဲ့ တတ်သိပညာရှင် မရည်မွန်စုက သုံးသပ်ပါတယ်။
“ခရီးသွားလုပ်ငန်းတွေက ၂၀၁၆ မှာ ခရီးသွားလုပ်ငန်းနည်းဥပဒေတွေကို သူတို့ထုတ်ခဲ့တာပေါ့နော်၊ ဆိုလိုတာက ဥပဒေတွေက ပြောင်းသွားပြီး အဲဒီဥပဒေတွေက သက်ဆိုင်ရာဒေသ ခရီးသွားလုပ်ငန်း ကော်မတီတွေကို ပေးဖွဲ့ပြီးတော့ လုပ်ပိုင်ခွင့် ပေးထားတယ်။ အဓိကတော့ အဲဒီကော်မတီကို ဦးဆောင်တာက ဝန်ကြီးက ဥက္ကဋ္ဌ နေရာကနေပါတယ်။ အဲဒီဝန်ကြီးက ခရီးသွားလုပ်ငန်းကို သူဘယ်လောက်အထိ နားလည်ပြီး ဘယ်လောက်အထိ စိတ်အားထက်သန်တဲ့အပေါ်မှာအရေးကြီးတယ်လို့ ကျွန်မမြင်တယ်။”
မြို့နယ်အလိုက် ထူးခြားမှုရှိတဲ့ နေရာတွေမှာ ခရီးသွားတွေများလာဖို့နဲ့ ခရီးသွားလုပ်ငန်း တွင်ကျယ်လာဖို့ ပြည်နယ်အစိုးရက ဖော်ထုတ်ပေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။
ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာလည်း ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ပညာရှင်တွေကို ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးဖို့ တောင်းဆိုကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဦးဆောင်တဲ့ လက်ရှိအစိုးရလက်ထက်အတွင်း ရေးမြို့နယ်က အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို ပေးလိုက်တဲ့ကိစ္စ၊ မော်လမြိုင်မြို့၊ ဈေးကြိုအဝိုင်း တည်ဆောက်ရာမှာ ကျပ်သိန်း ၁၅၀၀ ကုန်တဲ့ကိစ္စ၊ သံဖြူဇရပ်မြို့နယ်၊ ဂျပန်စစ်ကျန် မိန်ဗလာတောင် တူးဖော်ရေးကိစ္စကို ပွင့်လင်းမြင်သာစွာ ချပြပေးခြင်းမရှိဘူးလို့ ပြောပြကြပါတယ်။
ဒါ့အပြင် ကျိုက်ထီးရိုးမှာ အမှိုက်ဖျက်ဆီးစက် ထားရှိခဲ့တဲ့ကိစ္စမှာလည်း ပွင့်လင်းမှု မရှိဘူးဆိုပြီး ဝေဖန် ခံခဲ့ရပါသေးတယ်။
ဒီလိုသာဓကတွေရှိခဲ့တာမို့ ဒေသခံတွေရဲ့အသံကို အလေးထား နားထောင်ပေးတဲ့အစိုးရသစ်ကို မျှော်လင့်တယ်လို့ ရေးမြို့နယ်၊ အံဒင်ကျေးရွာက ကိုဖိုးဇော်ကပြောပါတယ်။
“ရေးမြို့နယ်မှာ ရေးမြို့နယ်သား တစ်ယောက်အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အကြီးဆုံး ပြဿနာကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတော့ အများကြီး ရင်ဆိုင်နေရတာပေါ့နော်၊ ဒီအပေါ်မှာ လာမယ့်အစိုးရသစ်ကို ဒေသခံတိုင်းရင်းသားတွေအပေါ် ထိခိုက်နစ်နာမှုမရှိတဲ့ စီမံကိန်းကိုပဲ ကျွန်တော်တို့ လိုလားတယ်။ စီမံကိန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒေသခံတွေရဲ့အသံကို အစိုးရအနေနဲ့ နားထောင်စေချင်တယ်။ ဒေသခံတွေဘက်မှာ ရပ်တည်ပေးဖို့ လိုအပ်တယ်။”
ဒီလို မွန်လူထုက အစိုးရသစ်အပေါ် မျှော်လင့်ထားတာတွေနဲ့ ပတ်သက်လို့ အစိုးရဘက်ပိုင်းက အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုအခြေအနေအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ပြောရေးဆိုခွင့်ရသူ ဒေါက်တာ မျိုးညွန့်က စီစဉ်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
“မွန်ပြည်နယ်အစိုးရအဖွဲ့ကို ကျွန်တော်တို့ ဖွဲ့စည်းပြီးတော့မှပဲ သူတို့ရဲ့တင်ပြချက်တွေအရ ရှေ့ဆက် ကျွန်တော်တို့ တိတိကျဆုံးဖြတ်ရမယ်။ အခြေခံကတော့ ကျွန်တော်တို့က လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ကောင်းမွန်ရေးပဲ။ ဒီ ၂၀၃၀ ဆို တစ်နိုင်ငံလုံး အကုန်လုံး လျှပ်စစ်မီးရရှိဖို့ဆိုတာ ကျွန်တော်တို့ စီမံချက်တွေ ချထားတာ၊ အဲဒီတော့ လျှပ်စစ်မီးရရှိရေးအတွက် မွန်ပြည်နယ်မှာလည်း ဓာတ်အားပေးစက်ရုံတွေလည်း ကျွန်တော်တို့ စီစဉ်ထားပေးတာတွေ ရှိပါတယ်။ ခရီးသွားလုပ်ငန်းလည်း ဒါက ကျွန်တော်တို့ ကိုဗစ်ကပ်ရောဂါ ကျော်လွန်ပြီးတော့ ဒါကို ကျွန်တော်တို့ တိုးချဲ့ပြီးထပ်မံလုပ်ကိုင်ရမယ့် ကိစ္စဖြစ်ပါတယ်။”
မွန်ပြည်နယ်မှာ NLD ပါတီက ကိုယ်စားလှယ် ၃၄ နေရာ အနိုင်ရခဲ့ပြီး မွန်ညီညွတ်ရေးပါတီ MUP က ၁၁ နေရာ အနိုင်ရရှိထားတဲ့ မွန်ပြည်နယ်မှာ ပါတီနှစ်ခု ပေါင်းစည်းဆောင်ရွက်နိုင်ဖို့ကိုလည်း ဒေသခံတွေက မျှော်လင့် နေကြပါတယ်။
ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ ဘယ်လောက်အကောင်အထည်ပေါ်လာနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။