အာဏာသိမ်းပြီးနောက် လူတစ်သိန်းခွဲကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံနေရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အချိန်တစ်နှစ်ခွဲကျော်အတွင်း လုံခြုံရေး အခြေအနေတွေကြောင့် ထိုင်း-မြန်မာနယ်စပ်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည် တစ်သိန်းခွဲကျော်ရှိတယ်လို့ လေ့လာစောင့်ကြည့် နေသူတွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
အဲဒီအထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ အများဆုံးပါဝင်ပြီး အချို့ကလည်း တတိယနိုင်ငံတွေဆီကို ဆက်လက်ထွက်ခွာတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ဘားအံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မနန္ဒာအောင်က နေ့စားအလုပ်နဲ့ ဖြစ်သလိုဖြတ်သန်းနေရတယ်လို့ ပြောပါတယ်။
"ဒီဘက်ကို ရောက်လာတဲ့ အခါကျတော့ စားဝတ်နေရေး ရုန်းကန်ရတယ်၊ သူများနိုင်ငံ မှာ ညီမတို့က တရားမဝင် နေနေရတဲ့အတွက် ရဲဖမ်းမှာလည်း ကြောက်ရတယ်၊ အခက်အခဲတွေကတော့ နေဖို့ထိုင်ဖို့ရယ် အဓိကတော့ နေဖို့ရယ်၊ စားဖို့ရယ်အတွက် ရုန်းကန်ရတယ်၊ နေဖို့ဆိုရင်လည်း ထိုင်းတွေက ညီမတို့ကို အထောက်ထားမရှိတဲ့ အတွက်ကြောင့် သူတို့ မငှားချင်ဘူး အဲလိုတွေ ပြဿနာ ကြုံနေရတယ်၊ စားဖို့အတွက် ကလည်း သူများနိုင်ငံမှာ ဘာထောက်ခံစာမှ မရှိတဲ့အတွက် ညီမတို့က အလုပ်ချိန်ကို လည်း ပုံမှန်ဆို ၈ နာရီပဲရှိမယ်၊ သူတို့က ၁၂ နာရီခိုင်းမယ် ပြီးရင် လုပ်ခတော့ ကိုယ်ရဲ့ လုပ်အားခနဲ့ ထိုက်တန်တဲ့ကြေး မရဘူးပေါ့ အဲလိုမျိုးတွေ ရှိတယ်"
မနန္ဒာအောင်ရဲ့ ဖခင်ဖြစ်သူ ဖမ်းဝရမ်းထုတ်ခံထားရသလို အသက် ၂၀ ကျော်အရွယ် မောင်ဖြစ်သူပါ ထောင် ၁၂ နှစ် ချမှတ်ခံထားရတာကြောင့် သူ့လုံခြုံရေးအတွက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကပင် ဘားအံမြို့ကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိနေတာပါ။
ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံနေသူတွေအထဲမှာ တနင်္သာရီတိုင်း၊ မောရဝတီ ရေတပ် ဌာနချုပ်က ဒုတပ်ကြပ် ကိုအောင်မျိုးသန့်လည်း ပါဝင်ပါတယ်။ သူဟာ စစ်ကောင်စီက ပြည်သူတွေအပေါ် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကတည်းက CDM ဝင်ပြီး ထိုင်းနယ်စပ်မှာ မိသားစုနဲ့အတူ လာရောက်ခိုလှုံနေတာပါ။
"ရေတပ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရေတပ်မှာ ပည(ပညာ)ပေါင်း တစ်ရာ ကျော်တယ်၊ ကျနော်တို့မှာ အတတ်ပညာ အများကြီးရှိတယ်၊ ပြောမယ်ဆိုရင်တော့ သူတို့သင်ပေးလိုက်တဲ့ ပညာတွေနဲ့ပဲ မိသားစုကို လွတ်မြောက်နယ်မြေမှာ ဒီနေ့အချိန် အထိ ရုန်းကန်လှုပ်ရှားပြီးတော့ ပြောရမယ်ဆိုရင်တော့ ခါးမလှရင်နေပါစေ၊ ဝမ်းဝရင် ရပြီ၊ လက်ရှိ အဖွဲ့အစည်းတွေမှာ ကျနော်တို့ ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး၊ အဲလို ဖြစ်နေတော့ ကျနော်မိသားစု ကျနော် အပါအဝင် ခြောက်ဦးရှိတယ်၊ သားသမီး လေးဦး၊ ကျနော်ဘယ်လိုမှ မရုန်းကန်နိုင်ဘူး၊ အခုလက်ရှိ လွတ်မြောက်နယ်မြေမှာ ကျနော် လက်ရှိ လုပ်နေရတဲ့ လုပ်အားခက မြန်မာငွေတစ်သောင်းပဲ ရတာ"
စစ်ကောင်စီရဲ့ အန္တရာယ်ကနေ လွတ်မြောက်နေပေမယ့် လက်ရှိမှာ မိသားစု စားဝတ်နေရေး မပြေလည်မှုဒဏ်ကို ကြုံနေရတယ်လို့ဆိုပါတယ်။ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်ကို ထွက်ပြေးခိုလှုံနေသူအများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့သာ လာခဲ့ကြရတဲ့အတွက် လူတိုင်းနီးပါး နေထိုင်ရေးနဲ့ စားဝတ်နေရေး အခက်ကြုံရတယ် လို့လည်း သူက ပြောပါတယ်။
ယခင်က ရန်ကုန်မြို့မှာနေထိုင်ခဲ့တဲ့ ဧရာဝတီတိုင်းမ် သတင်းဌာနက ရုပ်သံအယ်ဒီတာ မအဲမလီကတော့ ဧည့်စာရင်းအကြောင်းပြပြီး အဖမ်းခံရခါနီးဆဲဆဲမှာ ထွက်ပြေး လွတ်မြောက်လာခဲ့တာကြောင့် နယ်စပ်မှာ အခက်အခဲရှိပေမယ့် ဆက်ပြီးတော့ ဖြတ်သန်းသွားမယ်လို့ ပြောပါတယ်။
"အခြေအနေ အရပ်ရပ်ကြောင့် ကိုယ်တွေကနေပြီးတော့ ဒီဘက်ကို သတင်းသမားအနေ နဲ့ ထွက်ပြေးတိမ်းရှောင်လာတာ သက်သောင့်သက်သာနဲ့ ဧည့်သည်အဖြစ်နဲ့ လာနေတာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ်တွေရဲ့ အနောက်မှာ သဲကြီးမဲကြီးနဲ့ ဖမ်းမယ်ဟေ့၊ စီးမယ်ဟေ့၊ သတ်မယ်ဟေ့ ပုံစံမျိုးနဲ့ လိုက်ဖမ်းနေတဲ့အခါကျတော့ ခွေးပြေး၊ ဝက်ပြေး ပြေးလာရတဲ့ အနေအထားမျိုးမှာ လွတ်မြောက်နယ်မြေကို ရောက်နေဦးတော့ သူများ နိုင်ငံမှာ လုံခြုံရေး ဘာအထောက်ထားမှ မရှိဘူး၊ ဘာသာစကားတစ်လုံးမှ မတတ်ဘူး၊ ဟိုလည်းမသွားရဲ ဒီလည်းမသွားရဲ အဲလိုအနေအထားမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်၊ ဒါက သတင်းသမားမှ မဟုတ်ဘူး၊ အကြောင်း အမျိုးမျိုးကြောင့် ဒီဘက်ကို ထွက်ပြေးလာရတဲ့၊ တိမ်းရှောင်နေရတဲ့ မြန်မာပြည်ထဲက ပြည်သူတွေအကုန်လုံးက ဒီဘက် လွတ်မြောက်နယ်မြေလို့သာ ပြောပေမယ့် ကိုယ်က တရားမဝင် ရောက်လာရတဲ့ အနေအထားကြောင့်မို့ အရာရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ရှိတယ်"
သူ့ရဲ့ ရှစ်နှစ်အရွယ်သားနဲ့ နှစ်နှစ်အရွယ် သမီးကတော့ နိုင်ငံမဲ့ ကလေးငယ်တွေအဖြစ် ကြီးထွားရှင်သန်နေနေရတဲ့အပြင် ထိုင်းနိုင်ငံဘက်ကလည်း တစ်ခါတစ်ရံ အဖမ်းအဆီးတွေ ရှိလာရင် တစ်ပတ်၊ ဆယ်ရက်လောက် မိသားစု လိုက် အပြင်မထွက်ရဲဘူးလို့ သူက ဆိုပါတယ်။
"လွတ်မြောက်နယ်မြေလို့သာပြောပေမယ့် ကိုယ်က တရားမဝင်ရောက်လာရတဲ့အနေအထားကြောင့်မို့ အရာရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာရှိတယ်"
နယ်စပ်ကို ထွက်ပြေးလာကြရတဲ့ လူ ၁၀ ဦးမှာ ခုနစ်ဦးခန့်ဟာ စားဝတ်နေရေး အဆင်မပြေ ဘဲ ထမင်းနပ်မှန်အောင် မစားရတဲ့အပြင် တချို့လူတွေဆို အမှိုက်ကောက်စားနေရတယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ ရနောင်း၊ မယ်ဆိုင် စတဲ့ ဂိတ်တွေ ကနေ တစ်ဆင့် ထိုင်းနိုင်ငံထဲ ရောက်ရှိလာကြတာဖြစ်ပြီး အဲဒီအထဲမှာ မဲဆောက်ဂိတ် ကတော့ လာရောက်သူ အများဆုံးဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ထွက်ပြေးလာသူအားလုံးကို ကူညီဖို့ခက်ပေမယ့် အတတ်နိုင်ဆုံး အကူအညီပေးနေတယ်လို့ ရွှေ့ပြောင်းဒုက္ခသည်အရေး ကူညီပေးတဲ့ နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးစန်းအောင်က ပြောပါတယ်။
"ထိုင်းဘက်ကို ရောက်ရင်တော့ Refugee ပေါ့ဗျာ၊ မြန်မာပြည်မှာဆို IDP လို့ခေါ်တာပေါ့၊ နောက်တစ်ခုက ဒီမိုကရေစီဘက်တော်သားတွေ ဒီဘက်ကိုရောက်လာကြတယ်၊ အဲ့လိုသုံးမျိုးရှိတယ်၊ ကျနော်ကတော့ အကုန်လုံးကို ကူတယ်၊ ဒါပေမဲ့ အထူးသဖြင့် မြင်တာက ဒီမိုကရေစီ အင်အားစုတွေကျတော့ ကူမယ့်သူမရှိဘူး၊ ဘယ်လိုပြောရမလဲ ရှားတယ်၊ ရှားတဲ့အခါကျတော့ အဲဒါတွေကို ဇောင်းပေးပြီးတော့ ကူတယ်၊ လောလောဆယ်ကတော့ Safe House တွေပေးတယ်၊ အထူးသဖြင့်တော့ လေးကေ့ကော် ကျကတည်းက ပေးတာ၊ အခုလည်းပဲ Safe House တွေကို တတ်နိုင် သလောက် ကူပေးတယ်၊ လူတွေ ထွက်ပြေးတိမ်းရှောင် လာရင် အခက်အခဲရှိရင် ပေးတယ်၊ နောက်တစ်ခုက စားနပ်ရိက္ခာလည်း သုံးလစာ ပေးပေးနေတာ ကျနော့်အထင် လူ ၃၅၀၀ လောက်ကို ကျနော်တို့ ကူနေရတယ်၊ နောက်ထပ်လည်း ကူရမှာပဲ"

ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည် တစ်သိန်းခွဲကျော်ထဲက ၇၀ ရာခိုင်နှုန်းဟာ တတိယနိုင်ငံကို သွားရောက် ခိုလှုံဖို့ လျှောက်ထားကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၈၈ အရေးအခင်းမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ အရေအတွက်ထက် အခု ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ အရေအတွက်က ပိုများတယ်လို့လည်း ဦးစန်းအောင်က ပြောပါတယ်။
လက်ရှိ ထွက်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည်အရေအတွက်ဟာ အကူအညီပေးနိုင်တဲ့ ပမာဏထက် ပိုများတာ ကြောင့် ရေရှည်ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးလို့လည်း ဒုက္ခသည်အရေး ကူညီနေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အင်တာနက်ဝက်ဘ်ဆိုက် မှာတော့ ထိုင်းအစိုးရရဲ့ စီစဉ်မှုနဲ့ မြန်မာဒုက္ခသည် ၉၁,၄၀၁ ဦးကို စခန်းကိုးခုမှာ ခိုလှုံခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီဒုက္ခသည်တွေဟာ ကရင်၊ ကရင်နီနဲ့ ဗမာလူမျိုးစုတွေ အများဆုံးဖြစ်ပြီး အဲဒီအထဲက ဒုက္ခသည်အချို့ကတော့ ၁၉၈၀ နှစ်လယ်လောက်ကတည်း က မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပဋိပက္ခကြောင့် ထွက်ပြေး ရောက်ရှိနေသူတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။