ရေစကြိုမြို့နယ် ငတရော်ရွာက နေအိမ် ၄၀၀ ကျော် မီးရှို့ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငတရော် ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဩဂုတ်လ ၁၇ ရက် မနေ့ မနက် ၁၀ နာရီခွဲကနေ ဒီကနေ့မနက်အထိ ဝင်ရောက်မီးရှို့နေတာကြောင့် နေအိမ် ၄၀၀ ကျော် လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
ဩဂုတ်လ ၁၇ ရက် မနေ့က ရွာရဲ့အရှေ့ပိုင်းကနေ မြောက်ပိုင်းအထိ မီးရှို့ခံခဲ့ရသလို နေ့ လယ်ပိုင်းမှာလည်း ရွာအလယ်ပိုင်းကို ဆက်လက်မီးရှို့တာကို အဝေးကနေ လှမ်းမြင်နေ ကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
"ဒုက္ခအမျိုးမျိုးပဲ ဒီတစ်ခါဆို ငါးကြိမ်လောက်ရှိပြီ ပြေးရတာ။ အရင်တစ်ခါတုန်းက မီးရှို့သွားသေးတယ်"
ကျန်နေတဲ့အိမ်တွေလည်း ဒီနေ့မနက်ပိုင်းမှာ ဆက်လက်မီးရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငတရော်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"မနေ့ညက ၁၀ နာရီလောက်မှာ မိုးတအားရွာတော့ မီးငြိမ်းသွားတယ်။ အခု ၈ နာရီထိုး ကတည်းက ရှို့နေတာ အခုအချိန်အထိပဲ။ မီးခိုးကို တောက်လျှောက်ကို တက်နေတာ။ တစ်လုံးပြီး တစ်လုံး၊ တစ်လုံးပြီး တစ်လုံးကို တစ်ခါတည်း တက်နေတော့တာ။ သူတို့က သေနတ်သံတွေက တဖောင်းဖောင်းနဲ့ ပစ်နေတော့ ကျနော်တို့လည်း အခြေကပ်လို့ မရတော့ အဝေးကပဲ ကြည့်နေရတယ်။ မနေ့က ရှို့တာက မြောက်ပိုင်း၊ ဒီနေ့မနက် ရှို့တာက တောင်ပိုင်း ရှို့နေတာ အစွန်ဆုံးထိ ရောက်သွားပြီ။ တစ်ရွာလုံး နီးနီးကို ဖြစ်သွားပါပြီ"
ငတရော်ရွာသားတွေကတော့ စစ်တပ်ဝင်ရောက်လာတဲ့ မနေ့ကတည်းက တစ်ရွာလုံး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
အရင်ကလည်း စစ်ကောင်စီတပ်က ငတရော်ရွာကို ဝင်ရောက်တာ ငါးကြိမ်ခန့်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က ဝင်ရောက်ခဲ့ချိန်မှာတော့ ရွာထဲက ဆိုင်ကယ် ၁၄ စီး စုပုံမီးရှို့ခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ကျေးရွာသားတွေ ထွက်ပြေးရတာဟာ ငါးကြိမ်မြောက်ဖြစ်တယ်လို့ ငတရော်ရွာက အမျိုးသမီး တစ်ဦးက ပြောပါတယ်။
"ဒုက္ခအမျိုးမျိုးပဲ ဒီတစ်ခါဆို ငါးကြိမ်လောက်ရှိပြီ ပြေးရတာ။ အရင်တစ်ခါတုန်းက မီး ရှို့သွားသေးတယ်။ အခုက တစ်ရွာလုံးကို ပြောင်သလောက် ဖြစ်သွားပြီရှင့်။ ပြေးရတာ တော့ နွားတွေအတင်း ဒုန်းမောင်းပြီးတော့ ပြေးရတာပါ၊ ရှိတာလေး တင်ပြီးတော့။ အိမ်ဆိုရင် အခု ခါးဝတ်ခါးစားနဲ့ပဲ ပြေးခဲ့ရတာပါ။ ဘာမှ မတင်နိုင်ပါဘူး။ နွားစာအိတ် ကလေးတို့ ဒါလေးတွေပဲ တင်နိုင်တာပါ။ လယ်လည်း မစိုက်ရတော့ပါဘူးရှင်။ တချို့ ရူးတောင် ရူးနိုင်ပါတယ် မြင်ကွင်းတောင် မမြင်ရသေးဘူး ဒီကနေပြီးတော့ ရူးတောင် ရူးနိုင်နေပြီ။ ငိုကြ၊ ရယ်ကြ၊ ဟစ်ကြ ဖြစ်နေပါတယ်ရှင်။ ဒုက္ခရောက်လိုက်တာမှ ရေလယ်ကျွန်းက တော်တော်ဒုက္ခရောက်နေတာပါရှင်"
ရွာထဲက တချို့အိမ်တွေမှာ တင်း ၃၀၀၊ တင်း ၂၀၀ အထိ သိုလှောင်ထားတဲ့ ဝမ်းစာစပါးတွေ လည်း အားလုံးမီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ထွက်မပြေးနိုင် ဘဲ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေနဲ့ ကျန်းမာရေးမကောင်းသူတွေရဲ့ အသက်အန္တရာယ်အတွက် စိတ်ပူနေရတယ်လို့လည်း ပြောကြပါတယ်။
ကျေးရွာသားတွေ ရွာကနေထွက်ပြေးနေကြရစဉ်မှာပဲ မနေ့က ည ၉ နာရီခွဲလောက်မှာ RFA က ဆက်သွယ်မေးမြန်းခွင့်ရခဲ့တဲ့ သက်ကြီးအမျိုးသမီးတစ်ဦးကတော့ ဒီလိုဖြစ်ရပ်မျိုးကို သူ့တစ်သက်မှာ တစ်ခါမှ မကြုံဖူးဘူးလို့ ပြောပါတယ်။
"ဟိုတုန်းကလည်း ငတ်တစ်လှည့် ပြတ်တစ်လှည့် နေခဲ့ရတာ အခုလည်း အမေတို့ အိမ်တော့ပါကုန်ပြီ။ အမေကြီး ၆၃ နှစ်ရှိပြီ ဒီလိုလည်း မတွေ့ဖူးဘူး။ အမေတို့ မကြုံ ဖူးပါဘူး၊ ဟိုတုန်းက ခေတ်က ပျက်တုန်းကလည်း အမေကြီးတို့ ဒီလိုပဲ ငတ်ရတာ။ သီးနှံတွေ လျှောက်ခူး၊ ဆူးကြီးရွက်တွေခူး၊ သဖန်းသီးတွေခူး စားခဲ့ရတာ အခုလည်း အိမ်ကြီးကုန်ပြီ သားရဲ့"
သူ့ဆွေမျိုးသားချင်း အိမ်တွေလည်း မီးထဲပါသွားတာကို သတင်းကြားရပြီး နေမကောင်းဖြစ် နေရင်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ ရွာထဲ စစ်တပ်ဝင်ချိန်မှာ ကြုံတဲ့ဆိုင်ကယ် တွေနဲ့ ဖြစ်သလို ထွက်ပြေးလာခဲ့ရတာလို့လည်း ပြောပါတယ်။
ငတရော်ကျေးရွာက နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်း ထွန်းကတော့ သူတို့စစ်ကြောင်းတွေ အနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်တာမရှိသလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာကလည်း သူတို့လက်ချက် မဟုတ်ဘဲ PDF အဖွဲ့ တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ RFA ကို အရင်က ပြောဆိုထားပါတယ်။
ရေစကြိုမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ငတရော်ကျေးရွာအနီးမှာ ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားရာကနေ စစ်တပ်က ဝင်ရောက်လာတာလို့ ပြောပါတယ်။
"မနေ့တုန်းက ငတရော် ဝင်ခါနီးလေးမှာ အဖွဲ့အချို့နဲ့ တိုက်ပွဲလေးဖြစ်ခဲ့တာ။ သူတို့ နယ်မြေခံ ပျူစောထီးတွေ ပါတယ်ဗျ။ ဒီ မင်းရွာ ကျေးရွာမှာ စပြီးတော့ တပ်စွဲထားတာ။ အဲဒီအဖွဲ့ပဲ ၁၂ ရက်လောက် တပ်စွဲပြီး နောက်ပိုင်းမှာ သူတို့ အဖွဲ့ထဲကနေ တစ်ဝက် လောက်ကို ပြောရမှာပေါ့နော် ။ အဲတစ်ဝက်က စစ်ကြောင်းစထိုးတာဗျ"

မနေ့ မနက် ၉ နာရီလောက်က ငတရော်ရွာအနီးမှာ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းက ရွာထဲကို ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြ တာလို့လည်း သူက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ အခုညနေပိုင်းအထိ ရွာထဲမှာရှိနေ ဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက ကျေးရွာပေါင်း ၄၀ ကျော်ရှိတဲ့ ရေလယ်ကျွန်းဒေသကို ရောက်ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစလို့ ငတရော်ကျေးရွာ အပါအဝင် လှေခုတ်၊ မင်းရွာ၊ နေရင်း၊ ပေါက်တော၊ ရေယှား၊ နန်းဦး၊ နွယ်နီ စတဲ့ ရွာတွေဘက်မှာ စစ်ကောင်စီတပ်က လှုပ်ရှားနေ တာကြောင့် ဒေသခံ ၅၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေက အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ လှေခုတ် ရွာကို သုံးကြိမ်တိုင် မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော် မီးထဲပါသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။