လူငယ်နဲ့ အမျိုးသမီးကို ပိုမိုရှေ့တန်းတင်ဖို့ ပါတီတွေ မူဝါဒချမှတ်ထား

သန့်ဇင်ဦး
2020.07.30

အင်အားကြီးနိုင်ငံရေးပါတီကြီးတွေ အပါအဝင် နိုင်ငံရေးပါတီ အများအပြားရဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့ထဲမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ရွေးချယ်ထားမှုဟာ ရာခိုင်နှုန်းအားဖြင့် အရင် ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ယှဉ်ရင် ဒီနှစ်မှာ ပိုများလာတာတွေ့ရပါတယ်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသမီး ၁၃ ရာခိုင်နှုန်းပဲ ပါဝင်ပေမယ့် ဒီတခါတော့ ၂၀ ရာခိုင်နှုန်းအထိ တိုးပြီးရွေးချယ်ထားပါတယ်။

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကတော့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ပါတီရဲ့မူအရ ထည့်သွင်းတာဖြစ်တဲ့အပြင် သူတို့ရဲ့စွမ်းဆောင်ရည်ဟာ စိတ်ချရတဲ့ အနေအထားရှိတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

"၂၀၁၅ တုန်းကတော့ အမျိုးသမီးကိုယ်စားလှယ်တွေလည်း ဦးစားပေးရမယ်ဆိုတဲ့ဟာ ရှိတယ်လေ၊ မူရှိတယ်၊ ထို့အတူပဲ ဒီ ၂၀၂၀ မှာလည်း ဒီမူပါပဲ ဆက်ပြီးတော့ ကျွန်တော်တို့ ကျင့်သုံးပါတယ်၊ ၂၀၂၀ ကျတော့ မြို့နယ် တော်တော်များများက အမျိုးသမီးကိုယ်စားလှယ်တွေ ပါလာကြတယ်လေ၊ ပါလာကြတော့ ကျွန်တော်တို့အနေ နဲ့ ဒါအမျိုးသမီးကိုယ်စားလှယ်တွေ ပါရမယ်ဆိုတဲ့မူနဲ့ပဲ တကယ်အရည်အချင်းလည်းရှိတယ် တကယ်စွမ်း ဆောင်ရည်ရှိတယ်ဆိုရင်ကတော့ ကျွန်တော်တို့ ထည့်ပေးတဲ့သဘောပါပဲ၊ လွှတ်တော်ထဲမှာ မေးခွန်းတွေ အများဆုံးမေးတာ အဲဒါ အမျိုးသမီးကိုယ်စားလှယ်တွေများပါတယ်၊ ဒီဟာ ကျေနပ်စရာကောင်းတဲ့အဖြေပါပဲ၊ အဲဒါကြောင့် ဒီအမျိုးသမီးကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ချရတဲ့အနေအထားရှိတယ်လို့ပဲ ပြောချင်ပါတယ်။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ မေးခွန်းအများဆုံး မေးတဲ့သူတွေလည်းဖြစ်တယ်လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။

လူငယ်နဲ့ အမျိုးသမီးတွေရဲ့ အတွေးအခေါ်သစ် အမြင်သစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မယ် ဆိုတဲ့အမြင်နဲ့ ပိုမိုရွေးချယ်တာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

"သူတို့မှာ အတွေးအခေါ်အသစ် အမြင်အသစ်များစွာနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ ပေါင်းစပ်လိုက်လို့ရှိရင် ကျွန်တော်တို့နိုင်ငံ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လိ့မ်မယ်ဆိုတဲ့ ဒီလိုအမြင်မျိုးတွေနဲ့ ကျွန်တော်တို့က လူငယ် အမျိုးသမီးပိုင်းဆိုင်ရာတွေကိုလည်းပဲ ဦးစားပေးလာတာဖြစ်တယ်ဗျ၊ အမျိုးသမီးပိုင်းဆိုင်ရာဆိုရင်လည်းပဲ ကမ္ဘာမှာဆိုရင်လည်း ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကိုလည်း တွေ့မြင်ရလိမ့်မယ်၊ ဒါကြောင့်မလို့ သူ့နေရာနဲ့သူပေါ့နော်၊ အမျိုးသမီးဆိုရင် အမျိုးသမီး အချင်းချင်းဆွေးနွေးနိုင်အောင် ဆွေးနွေးကြရအောင်၊ သူတို့ရဲ့အခွင့်အရေးတွေလည်းပဲ ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်အောင်၊ အမျိုးသမီးက အမျိုးသမီးကဏ္ဍ ပိုပြီးကျွမ်းကျင်တာပေါ့၊ ကဏ္ဍအလိုက်တွေကို ပိုပြီး တာဝန်ပေးနိုင်အောင်လို့လည်းပါတယ်၊ ကျွန်တော်တို့ စဉ်းစားတဲ့အထဲမှာ သူတို့ရဲ့ နိုးကြားတက်ကြွမှုတွေ လည်းပါတယ်"

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူငယ်နဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း နှစ်ခုပေါင်း ၂၀ ရာခိုင်နှုန်းနီးပါး ရွေးခဲ့ ပေမယ့် အခုရွေးကောက်ပွဲအတွက်ကိုတော့ နှစ်ခုပေါင်း ၃၀ ရာခိုင်နှုန်းနီးပါးအထိ တိုးပြီး ရွေးချယ်ထားကြောင်း၊ လူငယ် ၁၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၅ ရာခိုင်နှုန်းဖြစ်တယ်လို့  ဦးသိန်းထွန်းဦးက ဆိုပါတယ်။

ပဋိပက္ခတွေများတဲ့ မြန်မာနိုင်ငံမှာ မိခင်စိတ်ရှိတဲ့ အမျိုးသမီးတွေ ပါဝင်လာတာဟာ ပြဿနာတွေကို ဖြေရှင်း ဖို့အတွက် အထောက်ကူပြုနိုင်တယ်လို့ ၈၈ မျိုးဆက် နိုင်ငံရေးသမားတွေ ဦးဆောင်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက RFA ကို ပြောပါတယ်။

"အခုကတော့ အမျိုးသမီးတွေဆိုတာက အခြေခံအားဖြင့် မိခင်စိတ်ရှိတယ်ပေါ့နော်၊ အဲတော့ ဒီလိုမျိုး ပဋိပက္ခများတဲ့နိုင်ငံမှာ အမျိုးသမီးတွေရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းတွေ ပါလာသလို အခြေခံမိခင်စိတ်ဟာလည်းပဲ ပဋိပက္ခတွေဖြေရှင်းဖို့အတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။"

ပြည်သူ့ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မထုတ်ပြန်ထားသေးပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထက် ပါဝင်လာအောင် တိုက်တွန်းထားတယ်လို့  ဦးကိုကိုကြီးက ဆိုပါတယ်။

NLD ပါတီက ထွက်လာခဲ့တဲ့ လွှတ်တော်အမတ်တချို့  ဦးဆောင်ပါဝင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က လူငယ်နဲ့ အမျိုးသမီးတွေကို သူတို့ပါတီရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နိုင်အောင် ပါတီရဲ့မူဝါဒမှာပါ ထည့်သွင်းရေးဆွဲထားတယ်လို့ RFA ကိုပြောပါတယ်။

"ကျွန်မတို့ပါတီမှာ အသိပညာ အတတ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေပြီးလို့ရှိရင် အတွေ့အကြုံရင့်ကျတ်တဲ့ပုဂ္ဂိုလ်တွေ ကို ကျွန်မတို့ဦးစားပေးမယ်၊ ပြီးလို့ရှိရင် ကျွန်မတို့က လူငယ်တွေအများကြီးကို လက်ခံတဲ့အတွက်ကြောင့်မလို့ ဆိုလို့ရှိရင် လူငယ်တွေ အမျိုးသမီးတွေ တိုင်းရင်းသားတွေ ပါဝင်ကြတဲ့ပါတီဖြစ်ပါတယ်၊ ကျွန်မတို့ပါတီ ဖွဲ့ စည်းပုံစည်းမျဉ်းအရကို လူငယ်တွေ အမျိုးသမီးတွေ တိုင်းရင်းသားရေးရာ စိတ်ပါဝင်စားသူတွေက ပါတီရဲ့ မြို့နယ်အဆင့်ဖြစ်ဖြစ် တိုင်းဒေသကြီးပြည်နယ်မှာဖြစ်ဖြစ် ဗဟိုမှာဖြစ်ဖြစ် ပါတီရဲ့ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လို့ရအောင် ကျွန်မတို့ပါတီ ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲထားပါတယ်ရှင့်။"

ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ပါတီဝင်ထဲမှာလည်း အမျိုးသမီးက ၄၅ ရာခိုင်နှုန်း ပါဝင်တဲ့အပြင် အသက် ၃၅ နှစ် အောက် လူငယ် ၃၇ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။

တိုင်းရင်းသားပါတီတွေထဲက မွန်ညီညွတ်ရေးပါတီကလည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနဲ့ လူငယ် ၄၀ ရာခိုင်နှုန်းအထိ ထည့်သွင်းထားပါတယ်။

အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း လူငယ်နဲ့ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်းအထိ ပါဝင်အောင် ရွေးချယ်မယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို အားပေးတဲ့အနေနဲ့ရယ် အမျိုးသမီးထုရဲ့မဲကို ရနိုင်ဖို့ရယ်ကြောင့် အခုလို ရွေးချယ်လာကြတာဖြစ်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်တဲ့ နယူးမြန်မာဖောင်ဒေး ရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

"အဓိကကတော့ အခုဒီနောက်ပိုင်းမှာ လူငယ်တို့ အမျိုးသမီးတို့ရဲ့ ပါဝင်မှုပေါ့နော်၊ ပါဝင်မှုအခန်းကဏ္ဍကို ပိုပြီးတော့မှ နိုင်ငံရေးပါတီတွေက ဦးစားပေးလာတာကို တွေ့တယ်ပေါ့နော်၊ အဓိကကတော့ ဘာလဲဆိုတော့ အမျိုးသမီးအုပ်စုရဲ့မဲကိုလည်း သူတို့ရနိုင်တယ်လေ၊ ဥပမာ လူငယ်ဆို လူငယ်ရဲ့မဲ၊ အမျိုးသမီးရွေးတယ်ဆို လည်း ဒီအမျိုးသမီးကို ဦးတည်တဲ့အုပ်စုပေါ့၊ ဥပမာ ကျွန်မတို့နိုင်ငံမှာဆိုရင်ကျတော့ အမျိုးသမီးမဲဆန္ဒရှင် ကလည်း များတာကိုနော်၊ မဲပေးတဲ့သူရာခိုင်နှုန်းရဲ့  ငါးဆယ်ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေလေ၊ ဒီဟာကိုရည်ရွယ်ပြီးတော့မှ လုပ်တယ်လို့ထင်တယ်၊ နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အားပေး တဲ့အနေနဲ့ လုပ်တယ်လို့လည်း ထင်ပါတယ်။"

လူငယ်တွေနဲ့ အမျိုးသမီးတွေ ပါလာလို့ မဲပိုရမယ်လို့ ပြောလို့မရပေမယ့် အမျိုးသမီးတွေရဲ့ အားသာချက်က အမျိုးသမီးထုရဲ့မဲတချို့ကို ပိုရနိုင်သလို စည်းရုံးရေးအရ ပြောဆိုမှုတွေမှာ ပိုကောင်းနိုင်တာကြောင့် အခုလို ရွေးချယ်လာကြတာဖြစ်တယ်လို့လည်း ဒေါ်မြနန္ဒာသင်းကဆိုပါတယ်။

မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိသူတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

လက်ရှိ လွှတ်တော်သုံးရပ်စလုံးမှာ လွှတ်တော်ကိုယ်စားလှယ် အယောက် ၁၁၅၀ ရှိတဲ့အထဲ အမျိုးသမီး ကိုယ်စား လှယ် ပါဝင်မှုဟာ ပြည်သူ့လွှတ်တော်မှာ ၄၄ ယောက်နဲ့ ၁၀ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ ၂၃ ယောက်နဲ့ ၁၀ ရာခိုင်နှုန်းကျော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ၈၄ ယောက်နဲ့ ကိုးရာခိုင်နှုန်းကျော် ရှိပါတယ်။

အသက် ၃၅ နှစ်အောက် လူငယ်ပါဝင်မှုအနေနဲ့ကတော့ ပြည်သူ့လွှတ်တော်မှာ ၂၉ ယောက်နဲ့ ခြောက်ရာခိုင်နှုန်း ကျော်၊ အမျိုးသားလွှတ်တော်မှာ ၁၄ ယောက်နဲ့ ခြောက်ရာခိုင်နှုန်းကျော်အထိ ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။