ပလက်ဝမှာ ကျောင်းသားသုံးသောင်းကျော် ကျောင်းမတက်နိုင်သေး

စောဖိုးခွား
2020.08.05

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ အခြေခံပညာ ကျောင်းပေါင်း ၂ဝကျော်ရှိပြီး ကျောင်းသားသုံးသောင်းကျော် ရှိတယ်လို့  မြို့နယ်ပညာရေးမှူးရုံးကသိရပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ပလက်ဝမြို့ပေါ်က အထက ၂ ကျောင်း တစ်ကျောင်းကိုပဲ ပြန်ဖွင့်နိုင်ပါသေးတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် ပြည်ထောင်စုအစိုးရကထောက်ပံ့ပေးနေတဲ့ ကိုဗစ် ၁၉ ကာကွယ်ရေး ပစ္စည်းတွေ ချင်းပြည်နယ် ပလက်ဝမြို့ကို အခုထိ မရောက်သေးတာကြောင့် ကျောင်းတွေမဖွင့်နိုင်သေးတာလို့ မြို့နယ်ပညာရေးမှူး ဦးဆလိုင်းအောင်မင်းက RFA ကိုဒီကနေ့ပြောပါတယ်။ 

"အဓိကပြောရရင် ပညာရေးဌာနအတွက် ပစ္စည်းတွေအားလုံးမရောက်သေးတာပဲ။ လမ်းတွေက မိုးတွေ ရွာတော့ ပျက်နေတယ်။ အဲဒီပစ္စည်းတွေတင်ပြီးထွက်လာတဲ့ကားက ထွက်လာတာတော်တော်ကြာပြီ။ အဲဒီကားနဲ့လုံးဝဆက်သွယ်မရသေးဘူး။"

အခုဖွင့်ထားတဲ့ မြို့ပေါ်က အ.ထ.က ၂ ကျောင်းမှာတော့ ကျောင်းသား ၁၈၀ ကျော်ဟာ Covid 19 ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ စာသင်နေပါတယ်။

ပလက်ဝမြို့ပေါ်မှာရှိတဲ့ ၂၈၉ တပ်ရင်းထဲမှာရှိတဲ့ အထကခွဲ မြို့သစ် ကျောင်းကတော့ အစိုးရရဲ့ ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေနဲ့မဟုတ်ဘဲ  စစ်တပ်က ထောက်ပံ့ပေးတဲ့ Covid-19 ကာကွယ်ရေးပစ္စည်းတွေနဲ့ မနက်ဖြန်မှာ ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ် လို့လည်း မြို့နယ်ပညာရေးမှူးဦးဆလိုင်းအောင်မင်းဆိုပါတယ်။

မိုးတွင်းကာလမှာ ကုန်းလမ်းတွေပျက်စီးနေတာမို့ ပလက်ဝကိုရောက်နိုင်ဖို့ ရေလမ်းခရီးကိုအသုံးပြုရပါတယ်။ ဒါပေမဲ့ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေကြောင့် ရေလမ်းခရီးတွေပိတ်ထားတာမို့ ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးတဲ့ပစ္စည်းတွေ ပလက်ဝမြို့ကိုရောက်ဖို့ အတော်ခက်ခဲနေတာလို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

"စစ်ပွဲတွေကြောင့် ရေလမ်းက အခုထိမဖွင့်သေးဘူး။ မိုးရာသီကျတော့ ကုန်းလမ်းတွေက ပျက်စီးတယ်။ ကားတွေက သွားလို့မရတော့ ဆယ်ဘီးကားနဲ့ အဲဒီပစ္စည်းတွေက မရောက်နိုင်ဘူး။ အဲဒါတွေရရင်တော့ ကျောင်းတွေ မြန်မြန်ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။"

ပလက်ဝမြို့နယ်ထဲက ကျောင်းပေါင်း ၁၃ ကျောင်းကို ဖွင့်နိုင်ဖို့ လျာထားတယ်လို့ ဝန်ကြီးဦးစိုးထက် ကပြောပါတယ်။

ပလက်ဝဒေသခံတစ်ဦးဖြစ်တဲ့ ကိုဆလိုင်းကျော်အောင်ကတော့ ကျောင်းတွေပြန်ဖွင့်ဖို့ မျှော်လင့်နေပါတယ်။

"ကိုဗစ်ကလည်းတစ်မှောက်ပေါ့။ နယ်မြေကလည်းမလုံခြုံတော့ ကျန်တဲ့မြို့တွေအားလုံး ဖွင့်နိုင်ပြီး၊ ကျနော်တို့ပလက်ဝပဲကျန်နေတယ်။ ဒီအခြေအနေမှာ ကျနော်တို့ကလေးတွေ ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ်ပညာရေး စိတ်ပူစရာ ဖြစ်နေတယ်။"

အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေကြောင့်  ချင်းပြည်နယ် ပလက်ဝမြို့ ကျေးရွာတွေက စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ဟာ ပလက်ဝမြို့ပေါ်မှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည် အများစုဟာ ကျောင်းပြန်ဖွင့်မယ့် စာသင်ကျောင်းတွေမှာ နေထိုင်နေကြရဆဲဖြစ်တယ်လို့ ပလက်ဝမြို့နယ် ဘက်ကနေ ချင်းပြည်နယ် အမှတ် ၇ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံမယ့် ဦးကိုလင်းက ပြောပါတယ်။

"စစ်ဘေးဒုက္ခသည်တွေ ကျောင်းမှာရှိလို့ ဖွင့်လို့မရတာတစ်ချက်။ သူတို့ကို မြို့နယ် ဘုန်းကြီးကျောင်းတွေ၊ ဘောလုံးကွင်းမှာလည်း ထားတယ်။အားကစားရုံတွေမှာရော ဒုက္ခသည်တွေက မြို့ပေါ်မှာပြည့်နေတာပဲ"

ချင်းပြည်နယ်ပလက်ဝမြို့မှာ ကျောင်းပေါင်း ၂ဝ ကျော်ရှိပြီး အဲ့ဒီကျောင်းတွေ အားလုံးနီးပါး ပြန်မဖွင့်နိုင် သေးတာကြောင့် ကျောင်းသားသုံသောင်းကျော် ကျောင်းပြန်မတက်နိုင်သေးဘူးလို့ မြို့နယ်ပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။