SNLD ပါတီဝင်တွေနဲ့ မိသားစုဝင်တွေလည်း NLD နည်းတူ ခြိမ်းခြောက်ခံနေရ

ခင်မောင်စိုး ( ဝါရှင်တန်ဒီစီ )
2022.05.04
SNLD ပါတီဝင်တွေနဲ့ မိသားစုဝင်တွေလည်း NLD နည်းတူ ခြိမ်းခြောက်ခံနေရ (၂၀၂၀ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲနေ့က မန္တလေးမြို့က ပါတီရုံးမှာ NLD ပါတီဝင်တွေကို တွေ့ခဲ့ရစဉ်။)
Photo:AFP

ဧပြီလနောက်ဆုံးပတ်အတွင်း မန္တလေးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်နဲ့ သူတို့ရဲ့ မိသားစုဝင် စုစုပေါင်းရှစ်ဦးကို သွေးသောက်လို့ အမည်ခံထားတဲ့ အဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ရန်ကုန်မြို့မှာလည်း PDFတစ်ဦးရဲ့ အဘိုးဖြစ်သူကို သွေးသောက်ဆိုတဲ့အဖွဲ့တစ်ခုက သတ်ဖြတ်ခဲ့ပါတယ်။

ဒီလိုသတ်ဖြတ်တာကို စစ်ကောင်စီရဲ့ လက်အောက်ခံ ကြေးစားလူမိုက်အဖွဲ့တွေက လုပ်ဆောင်တာလို့ အများပြည်သူက ယုံကြည်ကြပေမယ့် စစ်ကောင်စီကတော့ သူတို့အနေနဲ့ ပြည်သူ့စစ်အဖွဲ့ကလွဲပြီး ဘယ်အဖွဲ့အစည်းကိုမျှ ဖွဲ့စည်းထားတာ မရှိဘူးလို့ ပြောပါတယ်။

ဝေဖန်သူတချို့ကလည်း မဘသအဖွဲ့ဝင်တွေနဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အခုသတ်ဖြတ်မှုတွေရဲ့နောက်ကွယ်မှာ ရှိနေတယ်လို့ယူဆကြပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့တွေပါဝင်တယ်ဆိုတဲ့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေတော့ အခုအချိန်အထိ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့အပတ်က ရှမ်းပြည်မြောက်ပိုင်း၊ နမ့်စန်မြို့မှာ ဗမာ့သွေးသစ္စာဆိုတဲ့ အဖွဲ့တစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးသူတွေကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တဲ့ ကြေညာချက်တစ်စောင် ဧပြီလ ၂၈ ရက်နေ့ရက်စွဲနဲ့ ပေါ်ထွက်ခဲ့ပါတယ်။

SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က အခုလို မငြိမ်မသက်မှုတွေအတွက် အာဏာသိမ်း စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ RFA ကိုပြောပါတယ်။

“နမ့်စန်က လူစုံတယ်ဗျ။ ပြည်သူ့စစ်တင်ပဲ ခုနစ်ဖွဲ့လောက်ရှိတယ်ဗျ။ စစ်တပ်ကရှိတယ်။ လေတပ်ကရှိတယ် RCSS လည်းရှိတယ်။ အခုလောလောဆယ်ကတော့ ကျနော် တို့ လူတွေကို သွားတာလာတာသတိထားဖို့ သတိပေးတယ်။ အဲ့ဒီလောက်ပါပဲ။ မြို့ပေါ်မှာပဲ ဖြစ်နိုင်တာရှိတယ်။ နယ်တွေမှာ မဖြစ်နိုင်ဘူး။ နယ်ဆိုတာ ရွာလေ။ မြို့ပြင်ရွာလေ။ အဲ့လောက်တော့ သူတို့မလုပ်နိုင်ဘူး။ လုပ်ရင်လည်း အကုန်လုံးသိမှာပဲ။ မြို့ပေါ်မှာသာ ခပ်ရှုပ်ရှုပ်ဆိုတော့။ လူစုံလည်း လူစုံရှိနေနေတယ်ဆိုတော့ ဖြစ်နိုင်တယ်။ အခုက နိုင်ငံရေး အုပ်စုတွေက များလာတယ် ဂိုဏ်းတွေလိုဖြစ်လာရင်တော့ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ။ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ လိုတယ်လေ။ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်မှာ တာဝန်ရှိတယ်။ သူတို့က ထိန်းသိမ်းဖို့ လိုတယ်။”

ပြီးခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံခဲ့ရတဲ့ စမ်းချောင်းမြို့နယ်က NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦးကလည်း အခုလို သတ်ဖြတ်မှုတွေ အားလုံးဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဖြစ်ပြီး မြန်မာပြည်မှာ လက်ရှိ ဖြစ်ပျက်နေတာတွေဟာ ဂျာမနီနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက အာဏာရှင် ဟစ်တလာ ကျဆုံးကာနီး လုပ်ဆောင်ချက်တွေနဲ့ အလားသဏ္ဌာန်တူနေတယ်လို့ သုံးသပ်ပါတယ်။

“Death Squadတွေကို သူတို့ကဖန်တီးပေးလိုက်တာ။ တနင်္သာရီမှာနာမည် တစ်မျိုးနဲ့ ရှိတယ်။ ရန်ကုန်မှာ နာမည်တစ်မျိုးနဲ့ရှိတယ်။ မန္တလေးမှာ နာမည် တစ်မျိုးနဲ့ရှိတယ်။ ရှမ်းပြည်မှာဆို နာမည်တစ်မျိုးနဲ့ပေါ့နော် ဒီ Death Squad က အားလုံးက ဘာလဲ ဆိုတော့ စစ်သွေးကြွ စစ်ကောင်စီရဲ့ စပွန်စာလုပ်ထားလို့ ပေါ်လာတဲ့ဟာ။ အခု Death Squad တွေကျတော့ အသက်အရွယ်လည်းမလိုဘူး ပညာအရည်အချင်းလည်းမလိုဘူး။ ခိုင်းတာလုပ် လူသတ်ရဲရင် ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တာ။ အစဉ်အလာအရ လုပ်တာက တစ်ခုက တပ်တွင်းဖွဲ့စည်းပုံမှာ မပြည့်မီတာကိုဖြည့်ဆည်းဖို့ တစ်ခုဆိုပြီး လုပ်ခဲ့ခြင်း ဖြစ်တယ်။”

“ဒါတွေရဲ့ အရင်းခံက ဘာတွေလဲဆိုရင် စစ်သွေးကြွအကြမ်းဖက် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ စိတ်ရောဂါပဲ။ သူ့မှာရှိတဲ့ စိတ်ရောဂါက ဟစ်တလာ သေခါနီး သွေးရူးသွေးတန်းဖြစ်နေတဲ့ စိတ်ရောဂါမျိုးပဲ။ ဂျူး တစ်ယောက်ကို အခြားလူမျိုး တစ်ဦးက သတ်လိုက်တာ ဘာမှအပြစ်မရှိဘူး ဆိုသလောက်ဖြစ်သွားတာ။ အခုလည်း ဒီအတိုင်းပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီလိုလားသူတွေကို လူသတ်ခြင်းသည် တရားဝင်တယ်ဆိုတဲ့ လိုင်စင်ထုတ်ပေးထားသလို ကျင့်ကြံနေတာ။ ခုနကပြောတဲ့ ဟစ်တလာ ရဲ့ အာဏာရှင်စနစ်ကနေ ရင့်မှည့်သွားတဲ့ အချိန်မှာ ဖြစ်ခဲ့တဲ့ အတိုင်းကို အဲ့အမုန်းတွေ အတိုင်းကို ဖြစ်လာတာ။ လက်ရှိစစ်သွေးကြွ ဥက္ကဋ္ဌက စိတ်ဝေဒနာရှင်ဗျ။ ဒီလူမှာ အမုန်းတွေပဲရှိတယ် နိုင်ငံရေးမရှိဘူး။”

ဦးစိုင်းညွန့်လွင်က လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေတွေတိုးတက်ကောင်းမွန်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မလွဲမသွေ ဆက်သွယ်ဆွေးနွေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

“သူတို့က လောလောဆယ်ဆက်ဆံရေး လုပ်နေတာက စစ်ကောင်စီနဲ့ လုပ်တာပဲ ရှိတယ်လေ။ အဓိက ညှိနှိုင်းရေးလုပ်မယ် ဆိုရင် တစ်ဖက်တည်းကို မရဘူး။ နှစ်ဖက်စလုံးကိုလုပ်တော့မှ တွေ့ဆုံဆွေးနွေးဖို့ ကောင်းတယ်။ တစ်ဖက်တည်းဆီကို ဝင်ပြီးတော့ စေ့စပ်ဆွေးနွေးတယ်ဆိုရင် အောင်မြင်မှုမရှိဘူး။”

ဒီအတောအတွင်း နိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို ဆန့်ကျင်သူတွေအပေါ် ခြိမ်းခြောက်ရန်ပြုမှုတွေ သတ်ဖြတ်မှုတွေ တစ်နေ့တခြား တိုးပွားလာနေပြီး ဖမ်းဆီးခံရသူတွေကိုလည်း ရက်စက်စွာ ညှဉ်းပန်းသတ်ဖြတ်နေတယ်ဆိုတဲ့သတင်းတွေ နေ့စဉ်ပေါ်ထွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။