မူဆယ်မြို့က လူကုန်ကူးမှုမြောက်တဲ့ တရုတ်ကြော်ငြာတွေအရေး
2018.12.11

အခုရက်ပိုင်းအတွင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မြန်မာအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့၊ တရုတ်အမျိုးသားတွေနဲ့ပေါင်းသင်းဖို့ ခေါ်တဲ့ကြော်ငြာတွေနဲ့ ပတ်သက်ပြီး အရေးယူကိုင်တွယ်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးဌာနက ပြောလိုက်ပါတယ်။
လူကုန်ကူးမှုမြောက်တဲ့ ဒီကြော်ငြာတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအာဏာပိုင်တွေဘက်က ဘယ်လို ဆောင်ရွက်နေပါသလဲဆိုတာကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက ပြောပြထားပါတယ်။
~~~~~~~~~~
မူဆယ်မြို့က လူကုန်ကူးမှုမြောက်တဲ့ တရုတ်ကြော်ငြာတွေအရေး
နန္ဒာချမ်း
■ ဒီရက်ပိုင်းအတွင်းမှာပဲ မူဆယ်မြို့လယ်ခေါင်နဲ့ လူစည်ကားတဲ့ နေရာတွေမှာ “အငှားကိုယ်ဝန်ဆောင် အမျိုးသမီး အလိုရှိသည်” ဆိုတာနဲ့ “တရုတ်အမျိုးသားနဲ့ အိမ်ထောင်ပြုရန် ဖိတ်ခေါ်စာ” ဆိုတဲ့ ကြော်ငြာတွေကို တရုတ်-မြန်မာ နှစ်ဘာသာနဲ့ ကပ်ထားတာပါ။ အငှားကိုယ်ဝန်ဆောင်ဖို့ စိတ်ဝင်စားတဲ့ အမျိုးသမီးတွေအနေနဲ့ လက်ခံရရှိမယ့် ငွေပမာဏနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်း ဒီကြော်ငြာမှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးဌာန ရဲမှူး ကျော်ညွန့် ကတော့ ဒါဟာ လူကုန်ကူးမှုဖြစ်တဲ့အတွက် ဖော်ထုတ် အရေးယူနိုင်ဖို့ စတင် ဆောင်ရွက်နေပြီလို့ RFA ကို ပြောပါတယ်။
“ကျနော်တို့က ဘာတွေ လုပ်နေလဲဆိုတော့ လောလောဆယ် အဲဒီကြော်ငြာကပ် တဲ့သူကို ကျနော်တို့ စုံစမ်းတယ်ပေါ့နော်။ ကြော်ငြာတွေနဲ့ ပတ်သက်လို့တော့ ခရိုင်ရဲတပ်ဖွဲ့ ဒီမှာရှိတဲ့ ဌာနဆိုင်ရာတွေနဲ့ လိုက်ပြီး တော့ သိမ်းတာပေါ့။ လောလောဆယ် ခရိုင်မှာတာဝန်ရှိတဲ့သူတွေက စာကပ်တဲ့သူ တွေကို လိုက်ပြီး စောင့်ကြည့်နေတယ်ပေါ့။ တွေ့ရင်တော့ စာကပ်တဲ့သူကို ပထမဦးဆုံး ဖမ်းမယ်၊ ဖမ်းပြီးတော့ စစ်မယ် ဘယ်သူက ကပ်ခိုင်းတာလဲဆိုတာမျိုးပေါ့။ အဆင့်ဆင့်ပေါ့။ အဲ့လိုလုပ်ဖို့တော့ ရှိပါတယ်”
အရင်လလောက်ကလည်း အခုလိုပဲ ကြော်ငြာတွေ ကပ်တာရှိခဲ့ဖူးပြီး၊ အခုဒုတိယအခေါက် ကပ်တဲ့ ကြော်ငြာတွေမှာ ရေးထားတဲ့စာတွေနဲ့ အရင်တခေါက် ကပ်တဲ့ကြော်ငြာပေါ်က စာတွေ အားလုံးက အတူတူပဲ ဖြစ်တယ်လို့လည်း ရဲမှူးကျော်ညွန့်က ပြောပါတယ်။ ကြော်ငြာထဲမှာ အငှားကိုယ်ဝန်ဆောင်ပေးရမယ့် အမျိုးသမီး အနေနဲ့ ကိုယ်ဝန်စရှိချိန်ကနေ မီးဖွားပြီးသည်အထိ တလကို တရုတ်ယွမ်ငွေ ၁ သောင်း ၃ ထောင် မြန်မာငွေနဲ့ဆိုရင် ၂၃ သိန်း နဲ့ ၁ဝ လဖြစ်တဲ့အတွက် သိန်း ၂၃ဝ ရရှိမယ်လို့လည်း မက်လုံးပေးထားတာ တွေ့ရပါတယ်။ ဒီကြော်ငြာမှာပါတဲ့ ကုမ္ပဏီရဲ့ ဖုန်းနံပါတ်တွေကိုလည်း စုံစမ်းထားတယ်လို့ ပြောပါတယ်။
“အဲဒီကြော်ငြာမှာပါတဲ့ ဖုန်းနံပါတ်ကိုလည်း ကျနော်တို့ ဆက်ပြီးပြီ။ wechat နဲ့လည်း အပ်ထားပြီးတော့မှ ကျနော်တို့ စုံစမ်းတယ်ပေါ့နော်။ ကျနော်တို့ခေါ်တဲ့အခါကျတော့ ဒီဖုန်းတွေက တရုတ်လိုပဲ ပြောတာ။ ဖုန်းနှစ်လုံးကတော့ မကိုင်ဘူး။ wechat ကတော့ လောလောဆယ် add လုပ်ထားတယ်။ wechat နဲ့ အဆက်အသွယ် လုပ်ထားတယ်ဆိုတာကတော့ အမျိုးသမီးကိစ္စကို စုံစမ်းတဲ့သဘောမျိုးနဲ့ပေါ့ တရုတ်စကားနားလည်တယ် ဓာတ်ပုံနဲ့ ကျနော်တို့က မေးထားတယ်။ ဒါကို လုပ်ချင်တဲ့ အမျိုးသမီးတော့ရှိတယ်။ ဒါ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ဆက်ပြီး စုံစမ်းဖို့ လုပ်ထားတာ ရှိပါတယ်”
ကြော်ငြာပါဝင်တဲ့ ဖုန်းနံပါတ်တွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ကြော်ငြာထဲမှာ တရုတ်ပြည် ကွမ်ကျိုးမြို့ဆိုတာ ပါရှိတဲ့အတွက် တရုတ်ပြည်နယ်စပ် ရွှေလီမြို့ BLO နယ်စပ် ဆက်ဆံရေးရုံးနဲ့လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း ရဲမှူး ကျော်ညွန့် က ပြောပါတယ်။
“ဒီဥစ္စာကို နှစ်နိုင်ငံပေါ့ နယ်စပ်ဆက်ဆံရေးရုံးပေါ့ BLO ပေါ့ BLO ရုံးကို အကြောင်းကြားစာပို့ ထားတယ်။ တရုတ်နိုင်ငံဘက်ကလည်း ဒီလုပ်ငန်းကို ခွင့်ပြုထားတာ မရှိဘူး။ မြန်မာနိုင်ငံမှာလည်း ဒါမျိုး ဝန်ဆောင်မှုလုပ်တဲ့ ပွဲစားတွေကိုတော့ အရေးယူတာမျိုး ရှိတာပေါ့နော်။ ဒီကိစ္စက ပြောမယ်ဆိုရင် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထိခိုက်ညှိုးနွမ်းစေတယ်။ တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတဲ့အတွက် ကြောင့်မို့ ဒါကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ဆိုပြီးတော့ ကျနော်တို့က BLO ကို အကြောင်းကြားထားတာပါ။ ရွှေလီ BLO လေ သူတို့ ရုံးအထိုင်ဖုန်းတွေနဲ့ ဆက်ပြီးတော့ မှ စုံစမ်းပြီး ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ အကြောင်းပြန်ကြားပေးမယ်လို့တော့ ပြောပါတယ်။ BLO ကနေ ဘယ်လို ပြန်လာမလဲ ပေါ့နော်။ ကျနော်တို့ ပို့ထားတဲ့ စာနဲ့ ပတ်သက်ပြီးတော့ သူတို့က စုံစမ်းပေးမယ် ဘာညာပေါ့နော်။ သူတို့ နိုင်ငံထဲမှာ တရားဝင် ခွင့်ပြုထားတာ မဟုတ်တော့ လိမ်ပြီးခေါ်တဲ့စာလို့တော့ သူတို့က ပြောတယ်။ ဒါ လိမ်တာ ဖြစ်တဲ့အတွက် သိအောင်တော့ သေချာ စုံစမ်းပေးပါမယ်လို့ ပြောပါတယ်”
လောလောဆယ် မြို့ခံတွေကြားမှာတော့ ဒီကြော်ငြာစာရွက်တွေ ကိစ္စနဲ့ပတ်သက်ပြီး ဒေါသထွက်နေကြတယ် လို့လည်း မူဆယ်မြို့ခံ ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပြပါတယ်။
“အရင် သုံးလေးလကလည်း ကပ်တာတွေ တွေ့ဖူးတယ်။ နောက်ထပ် ဒါ ကပ်တာကတော့ သိပ်မကြာသေးခင်က ကပ်ထားတာ။ ဘာလို့လဲဆိုတော့ စာရွက်တွေက အသစ်ပဲရှိသေးတယ်။ အခုဆိုရင် ဒါ ပြည်ထောင်စုလမ်းမကြီး ပေါ့ဗျာ။ နောက် မြို့လယ်ခေါင်တည့်တည့် နာရီစင်အနီးဗျာ။ ဓာတ်တိုင်တွေ လူမြင်ကွင်းတွေမှာဗျာ။ ဒါကြီးက ပေါ်တင်ကြီးဖြစ်လာပြီလေ။ အရင်တုန်းကတော့ ကပ်တာက ခိုးကြောင်ခိုးဝှက်ကပ်တာ။ အခုဟာက လူမြင်ကွင်းတွေမှာ မြို့လယ်ခေါင်ကြီးမှာ ကပ်တာဗျ။ ဒါ ကျနော်တို့ကို သက်သက်မဲ့ စော်ကားသလို ဖြစ်နေပြီဗျ။ နောက်ပြီးတော့ ဒါတွေက သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ တားမြစ်သင့်တယ်ဗျ။ မြန်မာနိုင်ငံထဲမှာ ဒီလိုကြီး လာကပ်တာကိုတော့ စော်ကားတာပဲဗျ။ မလုပ်သင့်ဘူး ထင်တာပဲဗျ။ ကျနော် တယောက်တည်း မဟုတ်ဘူး။ လူတွေက စိတ်တိုတိုနဲ့ စုတ်ဖြဲပစ်ခဲ့တယ်။ ကျနော်လည်း စုတ်ဖြဲပစ်ခဲ့တယ်”
ပြီးခဲ့တဲ့သောကြာ ဒီဇင်ဘာလ ၇ ရက်နေ့ကပဲ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ် Bloomberg ပြည်သူ့ကျန်းမာရေးကျောင်းနဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT တို့ ပူးတွဲပြီး သုတေသနပြု ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ… မြန်မာနိုင်ငံမြောက်ပိုင်းက အမျိုးသမီး ၇၅ဝဝ လောက်ဟာ တရုတ်နိုင်ငံမှာ ရောင်းစားခံနေရပြီး၊ တရုတ်အမျိုးသားတွေနဲ့ အလိုမတူဘဲ လက်ထပ်ရတာ၊ ကလေးမွေးပေးရ တာတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီပြဿနာရဲ့ အဓိက အကြောင်းရင်းဟာ ပြည်တွင်းစစ်ကြောင့်ဖြစ်ပြီး ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်နိုင်မှသာ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို ရောင်းစားခံနေရတဲ့ အခြေအနေတွေကို အဆုံးသတ်နိုင်လိမ့်မယ်လို့လည်း ထောက်ပြခဲ့ပါတယ်။