အိန္ဒိယက အစ္စလာမ်ဘာသာဝင်တွေရဲ့ လင်မယားကွာရှင်းပုံအကြောင်း
2016.06.15
အိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လင်မယား ကွာရှင်းပုံအကြောင်း မခက်မာက AFP သတင်းတပုဒ်ကို ကိုးကား တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာနေထိုင်တဲ့ ‘ဆာဒက်ဖ် မက်မုဒ်’ ရဲ့မိဘတွေအိမ်ကို တနေ့မှာ စာတစောင် ရောက်လာပါတယ်။ စာထဲမှာပါတာက စာလုံး သုံးလုံးထဲပါပဲ။ ဒါပေမဲ့ အဲဒီစာသုံးလုံးဟာ မက်မုဒ်ရဲ့ ဘဝကို ကဗြောင်းကပြန်ဖြစ်အောင် ပြောင်းလဲသွားစေပါတယ်။
အဲဒီစာဟာ မက်မုဒ်ရဲ့ ခင်ပွန်းဖြစ်သူဆီကစာပါ။ အာရဗီ ဘာသာနဲ့ ‘မင်းနဲ့ငါ ကွာရှင်းပြီ’ လို့ အဓိပ္ပါယ်ရတဲ့ စာလုံး သုံးလုံးကိုသာ စာထဲမှာရေးထားပါတယ်။ ဒါဟာ သူတို့ရဲ့ ၅ နှစ်တာကြာမြင့်ခဲ့ပြီဖြစ်တဲ့ အိမ်ထောင်ရေး အဆုံးသတ်ပြီဆိုတဲ့ အချက်ပေးမှုပါပဲ။
“အဲဒီစာက ရုတ်တရက်ကြီးရောက်လာခဲ့တာပါ။ ကျမအရမ်းထိတ်လန့်တုန်လှုပ်သွားပါတယ်။ အိမ်ထောင်စကျကတည်းက ကျမတို့ နှစ်ယောက်ကြားမှာ မတူညီတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တုန်း ကမှ ဆိုးဆိုးဝါဝါးမဖြစ်ခဲ့ပါဘူး” လို့ လင်ယောကျ်ားက စွန့်ခွာသွားတဲ့ ကလေး ၃ ယောက်ရဲ့မိခင်ဖြစ်သူ မက်မုဒ်က ပြောပါတယ်။
အခုဆိုရင် တလက်က် talaq လို့ အသံထွက်ပြီး မင်းနဲ့ငါ ပြတ်စဲပြီလို့ အဓိပ္ပါယ်ရတဲ့ စကားလုံ ၃ လုံးကို လင်ယောကျ်ားက ရွတ်ဆိုလိုက်ရုံနဲ့ တမဟုတ်ချင်း လင်ယောကျ်ားမဲ့ တခုလပ်ဖြစ်သွားရသူ ထောင် ပေါင်းများစွာသော အိန္ဒိယအမျိုးသမီးတွေထဲမှာ မက်မုဒ်လည်း ပါဝင်သွားပါပြီ။ သူရဲ့သတင်းဆိုးဟာ ခဏအတွင်းမှာပဲ ဖေ့စ်ဘွတ်လို့ ဝှပ်တ်ဆက်ပ်လို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားပါတော့ တယ်။ အသက် ၃၁ နှစ်သာရှိသေးတဲ့ မက်မုဒ်ဟာ အခုဆိုရင် ခင်ပွန်းဖြစ်သူရဲ့အထောက်အပံ့မရှိတဲ့ ဘဝနဲ့ သူနဲ့ သူ့ရဲ့ ကလေး ၃ ယောက်အတွက် ဆက်လိုက်ရုန်းကန် တိုက်ပွဲဝင်ရ ပါတော့မယ်။
မြန်မာနိုင်ငံအတွင်းက မွတ်ဆလင်အိမ်ထောင်ရှင်မတယောက်ဖြစ်တဲ့ မခင်မိုးမိုးကတော့ ဘာသာ တရားအရ အဲဒီစကားလုံးကိုကြားဖူးနေပေမဲ့ သေသေချာချာတောင် နားမလည်ပါဘူးလို့ပြောပါတယ်။
“ကျမတို့အသိုင်းအဝိုင်းမှာ ဒါမျိုးကမရှိဘူး။ ကျမတို့မိဘတွေလက်ထက် အစဉ်အဆက်က ဒီလိုမျိုးပဲ နေလာတာဆိုတော့ အဲဒါကြီးကိုလည်း စိတ်ထဲမှာ မရှိပါဘူး။ အိမ်ထောင်တခုကို တည်ထောင်လိုက်က တည်းကိုက ဒါ.. ကျမတို့က နှစ်ဦးနှစ်ဘက်က ကျမစိတ်နဲ့ပြောတာဆိုရင်တော့ ဒါ..သေတပန်သက် တဆုံးပဲ။ အဲဒီလိုပဲ ကျမတို့လူ့အသိုင်းအဝိုင်း မိသားစု၊ မိဘလက်ထက်ကဆင်းသက်လာတာမှာလည်း ဒီလိုမျိုးကမရှိတဲ့အတွက် ကျမလည်း ဘယ်လိုရှင်းပြရမှန်းတောင်မသိဘူး။ ကျမတို့နယ်ပယ်မှာတော့ ဒါမျိုးက မရှိဘူး။”
မခင်မိုးမိုးရဲ့စကားအရ မြန်မာနိုင်ငံမှာနေထိုင်သူ မွတ်ဆလင်အမျိုးသမီးတွေရရှိနေတဲ့ လွတ်လပ်ခွင့်ကို မှန်းဆနိုင်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ မက်မုဒ်လိုပဲ လင်ယောကျ်ားက talaqဆိုတဲ့စကား သုံးလုံးကိုရွတ်ဆိုပြီး စွန့်ပစ် တာခံခဲ့ရသူ ရှာယာရာဘာနို က အဲဒီဓလေ့ထုံးတမ်းကို ဥပဒေပြဌာန်းပြီး တားမြစ်ဖို့ တရားရုံးကို လျောက်ထားပါတယ်။
‘ကျမရဲ့အိမ်ထောင်ရေးကတော့ ဆုံးခန်းတိုင်ခဲ့ပြီဆိုတာ ကျမသိပါတယ်။ ဒါပေမဲ့ ကျမ တခုခုလုပ်မှ ဖြစ်မယ်။ ဒါမှ တခြား မွတ်ဆလင်အမျိုးသမီးတွေ ကျမတို့လိုမနစ်နာ မခံစားကြရမှာ’ လို့ ဘာနိုက ပြောပါတယ်။ ဒါပေမဲ့ ဘာနိုရဲ့လျောက်ထားချက်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပယ်ချခံခဲ့ရပါတယ်။
ဟိန္ဒူလူများစုပါနေထိုင်တဲ့ အိန္ဒိယနိုင်ငံထဲက ၁၅၅ သန်းသော မွတ်ဆလင်လူမျိုးတွေဟာ ရှာရီယာ ဘာသာရေးဥပဒေနဲ့ အုပ်ချုပ်တာခံရပြီး အဲဒီဥပဒေအရ ‘မင်းနဲ့ငါ ကွာရှင်းပြီ’ လို့ အဓိပ္ပါယ်ရတဲ့ အာရဘီ စကား “talaq” လို့ ၃ ကြိမ်ရွတ်ဆိုရုံနဲ့ ဇနီးမယားကို ကွာရှင်းနိုင်တဲ့ထုံးတမ်းကို ခွင့်ပြုထား တဲ့အတွက် အိမ်ထောင်ရှင်ယောကျ်ားတွေဟာ သူတို့ရဲ့ဇနီးနဲ့ မိသားစုတွေကို ချက်ခြင်းစွန့်ခွာလိုက် နိုင်ပါတယ်။
‘ဟောဒီလူ့အဖွဲ့အစည်းထဲမှာ ကျမတို့အမျိုးသမီးတွေဟာ ဘာသာတရားကိုမှားမှားယွင်းယွင်းအဓိပ္ပါယ် ဖော်ပြီး ဒုတိယတန်းစား နိုင်ငံသားတွေအနေနဲ့ ခွဲခြားဖိနှိပ် အုပ်ချုပ်တာ ခံနေရပါတယ်’ လို့ ‘မဟီလာ အန်ဒိုလန်’ လို့ခေါ်တဲ့ မွတ်ဆလင်အမျိုးသမီးတွေအရေးဆောင်ရွက်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတခု မှာ လုပ်ကိုင်သူ ဆာဒီယာက ပြောပါတယ်။ အဲဒီအဖွဲ့ရဲ့ မနှစ်ကပြုလုပ်တဲ့စစ်တမ်းအရ မွတ်ဆလင် အမျိုးသမီး ၄၀၀၀ လောက်ဟာ ခင်ပွန်းဖြစ်သူတွေက တလာ့ခ် ‘talaq’ လို့ သုံးကြိမ်ရွတ် ဆိုပြီးစွန့်ခွာ ခံခဲ့ကြရပါတယ်။
ဒီသီတင်းပတ်တွေအတွင်းမှာပဲ မဟီလာ အန်ဒိုလန်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ မွတ်ဆလင်လူမျိုး ၅ သောင်း က လက်မှတ်ထိုးပြီး အဲဒီဓလေ့ထုံးစံကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မွတ်ဆင်ကျမ်းစာ ကုရ်အန်မှာဖော်ပြထားချက်အရ တာလာ့ခ် ရွတ်ဆိုပြီး လင်မယားကွာရှင်းချင်ရင် ပထမအကြိမ်စရွတ်ချိန်ကနေ ရက်ပေါင်း ၉၀ အနည်းဆုံးအချိန်ယူရမှာဖြစ်ပြီး နောက်ထပ်နှစ်ကြိမ် ရွတ်ဆိုရာမှာ တကြိမ်ကို ရက်ပေါင်း ၃၀ ခြားပြီး ရွတ်ဆိုရမှာဖြစ်တယ်လို့ ပါရှိပါတယ်။
မြန်မာနိုင်ငံဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအသင်းက မွတ်ဆလင်ခေါင်းဆောင် ဦးအေးလွင်ကတော့ ကုရ်အဲန်ကျမ်းရဲ့မိန့်ဆိုချက်အစစ်အမှန်ကို ခုလိုရှင်းပြပါတယ်။
“ဘုရားသခင် အလ္လာရှင်မြတ်က လုံးဝမနှစ်မြို့သော်လည်းပဲခွင့်ပြုထားတဲ့အချက်တချက်သည် talaq ဖြစ်သည်။ ဘာ့ကြောင့်လဲဆိုတော့ အသွင်မတူရင် အိမ်သူမဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ သားသမီး မှာလည်း ဒုက္ခရောက်မယ်။ ရေရှည်မှာလည်း ဒုက္ခရောက်မယ်။ ခွင့်တော့ ခွင့်ပြုထားတယ်။ ဒါပေမဲ့ ဘုရားသခင် မနှစ်သက်ဘူး။ ကျနော်တို့ဆီမှာလည်း တလာ့ခ်ဆိုတာရှိတယ်။ ဒါပေမဲ့ အဲဒီတလာ့ခ်မြောက်ဖို့အတွက်က အမျိုးသားနဲ့ အမျိုးသမီးက အကြောင်းပြချက်တွေ ခိုင်ခိုင်လုံလုံ ရှိရတာပေါ့။ တယောက်နဲ့ တယောက်အဆင်မပြေတဲ့အခါမှာ ပြန်ပြီးတော့ အဆင်ပြေဖို့အတွက် အချိန်လေးပေးရ တယ်။ အဲဒါဟာ အမျိုးသမီး ကိုယ်ဝန်ဆောင်နိုင်တဲ့အချိန်အထိကို အေဒတ်လို့ခေါ်တယ်။ အဲဒါပြီးတဲ့ အခါမှာ သူတို့ စကားပြန်ပြောရမယ်။ သုံးကြိမ်မြောက်တဲ့အခါမှာမှ ဘယ်လိုမှပေါင်းလို့မရတော့ဘူးဆိုမှ ပြတ်စဲဖို့ဆိုတဲ့ဟာက တဘက်ကလည်း မနစ်နာအောင် မိမိဘက်ကနေ တာဝန်ကျေပွန်စွာဖြင့် အေးချမ်းစွာလမ်းခွဲရမယ်ဆိုတာကတော့ တရားတော်ရဲ့ ပင်မမှာရှိတယ်။ တချိန်ထဲနဲ့ တလာ့ခ်သုံးခါ ပေးခြင်းဟာ ကွာရှင်းမှုမမြောက်ပါဘူးဆိုတာက ကုရ်အန်ကျမ်းမြတ်မှာရော အေဒိဆ်တော်မြတ်မှာ ရောရှိတယ်။ တချိန်ထဲမှာ သုံးကြိမ်ဆိုတာမပေးရဘူး။ တားထားတယ်။ တားထားသော်လည်းပဲ သူက သေနတ်ကိုယောင်ပြီးတော့ ခလုတ်ဖြုတ်လိုက်တဲ့လူ လိုပဲ ဟိုဘက်ကလူကတော့ သေသွားတယ်ဆိုပြီးတချို့သောပညာရှင်တွေက ယူဆတာ။ ကုရ်အန်မှာ ဒီအယူအဆက မပါဘူး။ တလာ့ခ်ဆိုတာ အမျိုးသားကတင်ပးလို့ရတာမဟုတ်ဘူး အမျိုးသမီးကလည်း ပေးလို့ရတယ်။ တလာ့ခ်ရဲ့အခွင့် အရေးက။ အမျိုးသမီးဘက်ကနေပြီး အမျိုးသားရဲ့ ချို့ယွင်းချက်ကို ဖော်ပြစရာမလိုဘဲနဲ့ ခံသမာဓိရုံးမှာ ဒီအမျိုးသားနဲ့ ကျမ ပေါင်းလို့မရတော့ပါဘူးဆိုပြီး ကွာရှင်းခွင့် တောင်းခွင့်ရှိတယ်ဆိုတာ တရားတော် မှာ အတိအကျရှိတယ်။”
အဲဒီလိုသတ်မှတ်ခြင်းအားဖြင့် လင်မယားစုံတွဲတွေဟာ အဲဒီရက် ၉၀ အတွင်း သူတို့အိမ်ထောင်ရေးကို အကြိမ်ကြိမ် သုံးသပ်နိုင်ပြီး ပြန်လည်သင့်မြတ်သွားစေနိုင်တယ်လို့ အစ္စလာမ်မစ်ပညာရှင်တဦးက လည်း ပြောပါတယ်။
မွတ်ဆလင်အရေးကျွမ်းကျင်သူ ပညာရှင်အများစုကတော့ အဲဒီတလက်ခ် ရွတ်ဆိုကွာရှင်းမှုဟာ ကုရ်အန်ကျမ်းကနေလမ်းကြောင်းလွဲဘာသာပြန်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယမြောက် အစ္စလာမ်မစ် စော်ဘွားအိုမာလက်ထက် ၇ ရာစုလောက်မှာ အဲဒီစံနစ်ကိုတရားဝင်သတ်မှတ်ပေးခဲ့ပြီး အဲဒီလိုသတ်မှတ်ပေးလိုက်တာဟာ စိတ်ပျက်စရာဖြစ်တယ်လို့ ပညာရှင်တွေကပြောကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင်တခြားသောမွတ်ဆလင်နိုင်ငံအတော်များများမှာ အဲဒီစံနစ်ကိုဖျက်သိမ်း ပြီးဖြစ်ပြီး ပါကစ္စတန်မှာတော့ အဲဒီစံနစ်ဖျက်သိမ်းရေးကို ပါလီမန်က ဆိုင်းငံထားပါတယ်။
အိန္ဒိယနိုင်ငံထဲက မွတ်ဆလင်ခေါင်းဆောင်တွေကတော့ ဘာသာရေးအရ ဂုဏ်သိက္ခာ ကျဆင်းသွား မှာ စိုးတဲ့အတွက် အဲဒီဓလေ့ကိုဖျက်သိမ်းဖို့ လက်တွန့်နေဆဲဖြစ်ပါတယ်။
မက်မုဒ်ဟာ သူ့ရဲ့အိမ်ထောင်ရေးဘဝအဆုံးသတ်ပြီလို့လက်ခံပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဘဝ အတွက်အပြောင်းအလဲတခုဖြစ်လာဦးမှာဖြစ်ပြီး သူ့ရဲ့ခက်ခဲတဲ့စမ်းသပ်မှုက ရလာဘ်တွေကို တခြားအမျိုးသမီးတွေဆီမျှဝေနိုင်ဖို့အတွက်မျှော်လင့်နေဆဲဖြစ်ပါတယ်။
“တလက်ခ်ရွတ်ဆိုပြီး လင်မယားကွာရှင်းမှုကို ကျမတို့အဆုံးမသတ်ပေးနိုင်သေးပါဘူး။ ဒါပေမဲ့ အမျိုးသား တွေဟာ တလာ့ခ်မရွတ်ဆိုမီ ဆယ်ကြိမ်လောက် သေသေချာချာပြန်စဉ်းစားကြမယ်ဆိုရင် တော့ အကျိုးဆက်တခုခုရလာလိမ့်မယ်ထင်ပါတယ်” လို့ မက်ခ်မုဒ်က ပြောပါတယ်။
(ခက်မာ)