အာဏာသိမ်းပြီးနောက် သတ်ဖြတ်မှုတွေ ပိုများလာ

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ဒေသ တွေမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ အပါအဝင် အသတ်ခံရသူ စုစုပေါင်း ၂၆ ဦး အထိရှိခဲ့ပါတယ်။
အခုလို အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေအတွက် ဥပဒေ မရှိတော့ဘူးလို့ ခံစားရပြီး အလွယ်တကူသတ်ဖြတ်တာမျိုးတွေ လုပ်နေကြပြီလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နေ ဦးမောင်မောင်က ပြောပါတယ်။
“ကျနော်တို့က ဒီအချိန်မှာ ကြားနေမယ်ဆိုရင်လည်း ကြားနေတဲ့သူကို တမျိုးအပြောခံရတယ်။ PDF ဘက်ကို ထောက်ခံတာမျိုး Support လုပ်တာမျိုး တစ်ခုခုဆိုရင်လည်း ဒီဘက်က ဒလန်တွေက ပျူစော ထီးက မကျေနပ်ဘူးဆိုရင် တိုင်မယ်။ တန်းမယ်။ ဖမ်းဆီးခိုင်းတာမျိုးတွေ ရိုက်နှက်နှိပ်စက်တာမျိုးတွေ တချို့ဆိုရင် အသတ်ခံရတာမျိုးတွေပေါ့။ စစ်ကြောရေးမှာ သေတာမျိုးတွေ အဲဒီလိုမျိုးတွေပေါ့။ အခုချိန် မှာက ဥပဒေ မရှိ၊ ဥပဒေမဲ့တဲ့ ပုံစံမျိုးကို ဖြစ်နေတာ။ အောက်ခြေ ပြည်သူတွေမှာ ခံစားရတာက ဥပဒေ လုံးဝမရှိဘူးပေါ့။ သွားသတိ၊ လာသတိနဲ့ ဆင်ခြင်နေထိုင်နေရတယ်။ အပြောအဆိုလေး တိမ်းသွားတယ် ဆိုရင် တဖက်မဟုတ် တဖက်က အသတ်ခံရမယ့် ပုံစံမျိုးပေါ့”
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ကလေးမြို့နယ်၊ အင်းချွန်းရွာထဲကို ပျူစောထီးတွေက လမ်းပြခေါ်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာထဲက လူတွေကိုသတ်၊ အိမ်တွေကို မီးရှို့လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"တဖက်နဲ့ တဖက်က အချင်းချင်း မယုံတော့ဘူး ဆိုသလို ဖြစ်လာတာပေါ့"
ကလေးဒေသဘက်မှာ ပျူစောထီးတွေ၊ စစ်တပ်သတင်းပေးတွေဟာ သူတို့နဲ့ မတည့်သူတွေ ကြည့်မရသူတွေ ကိုပါ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲပြောဆိုလေ့ရှိပြီး စွပ်စွဲခံရသူတွေကို စစ်တပ်ကလည်း လိုက်လံဖမ်းဆီး သတ်ဖြတ်တာတွေရှိနေတာကြောင့် ဒေသခံတွေအတွက် လုံခြုံစိတ်ချရတဲ့အခြေအနေ မရှိဘဲ ဖြစ်နေပါတယ်။
စစ်တပ်ကို သတင်းပေးသူတွေ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကိုလည်း PDF တွေဘက်က သတ်ဖြတ်ရှင်း လင်းတာတွေ ကလေးဒေသမှာ ရှိနေပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒုံးတောရွာအနီး မြောက်ယမား တံတားဘေးမှာ တဲထိုးနေကြတဲ့ လူ ၁၀ ယောက်ကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်မီးရှို့ခဲ့တဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်အတွင်း ပျံ့နှံ့ခဲ့ပါတယ်။
ဒေသခံတွေက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်သတ်ဖြတ် မီးရှို့ခဲ့တာလို့ အတည်ပြုကြပေမယ့် စစ်တပ်ကတော့ ဒါဟာ သတင်းမှားပဲဖြစ်တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားကျားရွာက လူ ရှစ်ဦးဟာ လက်နက်ကိုင် တွေက အိမ်ကိုလာဖမ်းဆီးခဲ့ပြီး ရွာရဲ့အရှေ့ဘက်မှာ လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
ဒီလူတွေအားလုံးကို PDF တပ်ဖွဲ့ဝင်က သတင်းပေးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သတ်ဖြတ်ခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေကတော့ PDF တွေရဲ့ လက်ချက် မဟုတ်ဘဲ စစ်ကောင်စီ လက်အောက် ခံ ပျူစောထီးတွေရဲ့ လက်ချက်ပဲဖြစ်တယ်လို့ RFA ကို ပြောကြပါတယ်။
စစ်တပ် အာဏာမသိမ်းမီက NLD ထောက်ခံသူ (အနီ)တွေနဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ (အစိမ်း) တွေ ကြားမှာ နိုင်ငံရေးအမြင်မတူမှုတွေရှိပေမယ့်လည်း အတူနေနိုင်ခဲ့ကြပြီး စစ်အာဏာသိမ်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့နောက်ပိုင်းမှာတော့ အပြန်အလှန် သတ်ဖြတ်မှုတွေက နိုင်ငံတဝန်းမှာ သိသိသာသာ ပေါ်ပေါက်လာပါတယ်။
ရွှေဘိုဒေသခံ ကိုကေဂျေကတော့ အသတ်ခံရတဲ့ မြင်ကွင်းကို ကြည့်ရုံနဲ့ ဒေသခံ PDF တွေရဲ့လက်ချက် မဟုတ်ဘူးဆိုတာကို သေချာပြောနိုင်တယ်လို့ ဆိုပါတယ်။
“အနီ၊ အစိမ်း နှစ်ခြမ်းကွဲတဲ့ ကဏ္ဍမှာလည်း စစ်အာဏာရှင် ထောက်ခံတဲ့သူနဲ့ ပြည်သူဘက်က ဒီမိုကရေစီ လိုလားတဲ့သူနဲ့ နှစ်ခြမ်းကတော့ လုံးဝကွဲတယ်။ ကွဲတဲ့အချိန်မှာ သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်ဆိုတဲ့ အနေအထားမျိုးမှာကျတော့ ဒီပြည်သူတွေဘက်က ဒလန်တစ်ယောက်ကို ရှင်းမယ်ဆိုရင် အကြိမ်ကြိမ် သတိပေးပြီးမှာ ဆော်တယ်။ ဥပမာဗျာ ဒလန် တစ်ယောက်ကို ဝင်သတ်မယ်ဆိုရင် သူ့အိမ်မှာသူ့ဘေးမှာ သူ့မိန်းမရှိတယ်။ သူ့သားသမီးရှိတယ်ဆိုရင် ဒီလူတစ်ယောက်ကိုပဲ သတ်သွားတာ။ ဘေးမှာရှိတဲ့ ကလေး တွေ မိန်းမတွေ လုံးဝမထိခိုက်စေရဘူး”
PDF တွေဟာ လူတစ်ယောက်ကို သတ်မယ်ဆိုရင် အကြိမ်ကြိမ် သတိပေးပြီးမှ သတ်လေ့ရှိသလို အသက် ငယ်သူတွေ အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးကိုလည်း လုပ်လေ့မရှိဘူးလို့လည်း ကိုကေဂျေက ဆိုပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ခုတင် ၃၀၀ ဆေးရုံရှေ့မှာ ဆိုင်ကယ်စီး လာတဲ့ ကိုအာကာဖြိုးနဲ့ ဇနီးမချမ်းမြငြိမ်းတို့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ CCTV မှတ်တမ်းတွေအရ နောက်က လူနှစ်ယောက်က အနီးကပ် ပစ်သတ်ခဲ့တာပါ။
ဒီသတ်ဖြတ်မှုဟာ PDF တွေ လက်ချက်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီး သတ်ဖြတ်မှုနဲ့ ပတ်သက်သူအချို့ကို ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်ဟာ ရပ်ကွက် ၇ နဲ့ နောင်ချိုရွာကြားမှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒီကိစ္စဟာ သောင်းကျန်းသူအဖွဲ့တစ်ခုရဲ့လက်ချက်လို့ စစ်ကောင်စီဘက်က ပြောပေမယ့် ဘယ်အဖွဲ့လဲဆိုတာတော့ မပြောပါဘူး။
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ဒေါင့်ကြီးရွာမှာ PDF အဖွဲ့တွေရဲ့ လက်ချက်နဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီး လေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် PDF ခေါင်းဆောင် ဗိုလ်နဂါး ကတော့ စစ်အာဏာရှင်စနစ်အောက်က တိုင်းပြည် လွတ်လပ်ရေး၊ လူအများ ကောင်းစားရေးအတွက် လူနည်းစုကိုတော့ စတေးရလိမ့်မယ်လို့ RFA ကို ပြောပါ တယ်။
“သေချာတာကတော့ ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မဘက်ကနေ ပါနေဖို့ပါပဲ။ အများကောင်းစားဖို့ တစ်ခါ တရံမှာ အနည်းစုကို သုတ်သင်ရှင်းလင်းရတာတွေရှိတယ်။ အဲဒီအခါမျိုးမှာ တချို့က ကိုယ်ကျိုးစီးပွား အတွက် သူတစ်ပါးကို သုတ်သင်ရှင်းလင်းတာ။ တချို့က အများကောင်းစားဖို့အတွက် တချို့အနည်းစုကို သုတ်သင်ရှင်းလင်းတာ။ အဲဒီအနေအထားမှာ ကျနော်တို့ ဒီဓမ္မဘက်ကနေပြီးတော့ အများကောင်းစားဖို့ အတွက် အနည်းစုကို သုတ်သင်ရှင်းလင်းတာမျိုး ဖြစ်ဖို့ပဲလိုမယ် ထင်ပါတယ်”
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုအသတ်ခံရသူတွေဟာ စစ်တပ်သတင်းပေး မဟုတ်ဘဲ သာမန်ပြည်သူတွေပဲဖြစ်တယ်၊ ပျူစောထီးဆိုတဲ့အဖွဲ့လည်း မရှိဘူးလို့ ပြောပါတယ်။
“သာမန် ပြည်သူလူထုနဲ့ သူတို့ကို မထောက်ခံတဲ့လူတွေကို သတ်တာပဲများတယ်။ အချင်းချင်း အပြန် အလှန် သတ်ပြီးမှ တပ်ကနေပြီး သတ်တာလို့ စွပ်စွဲမျိုးရှိတယ်။ ပျူစောထီးဆိုတဲ့ စွပ်စွဲချက်ကလည်း မှန်ကန်သော စွပ်စွဲချက် မဟုတ်ပါဘူး။ ပျူစောထီးဆိုတဲ့ အဖွဲ့လည်း မရှိပါဘူး။ သူ့နယ်မြေတွေမှာတော့ သူ့ရဲ့အစုအဖွဲ့နဲ့ပေါ့နော်။ သူ့နယ်မြေကို ကာကွယ်ဖို့အတွက် သူ့အစုအဖွဲ့နဲ့သူ ရှိကောင်းရှိလိမ့်မယ်။ သူတို့အနေနဲ့ကလည်း သူတို့နဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို သွားရောက်သတ်ဖြတ်ခြင်းပြုတာတော့ ကျနော်တို့ မရှိပါဘူး”
စစ်တပ်အနေနဲ့ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်အတိုင်း ပြည်သူအားလုံး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေး စနစ်ကိုတော့ ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လုံခြုံမှုမရှိတော့ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
“ဒါပေမဲ့ အခုလို ဖြစ်လာတော့ အတူကိုနေလို့ မရတော့ဘူး။ တဖက်နဲ့တဖက်က အချင်းချင်း မယုံ တော့ဘူး ဆိုသလို ဖြစ်လာတာပေါ့။ အခုအနေအထားမှာဆိုရင်တော့ သူဦးရင်တော့ သူကသတ်မှာပဲ ဆိုတဲ့ဟာမျိုးပေါ့။ ကိုယ်ဦးရင်တော့ ကိုယ်က အရင်သတ်မှာပဲ ဆိုတာမျိုး ဖြစ်လာတာပေါ့နော်။ ဆိုတော့ တော်တော်လေးကို ဒီဟာကတော့ အန္တရာယ် များပါတယ်။ ကြောက်ဖို့ကောင်းတာပေါ့နော်။ အဲလို ကျနော်ကတော့ ခံစားရတယ်။ မလုံခြုံတော့ဘူးပေါ့နော်။ ဘယ်ဘက်ကမဆိုပေါ့နော်”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရပြီး ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် နိုဝင်ဘာ ၂၅ ရက် နေ့အထိ ၁,၂၉၃ ဦးထက်မနည်း ရှိတယ်လို့ မူဝါဒနဲ့ မဟာဗျူဟာ လေ့လာရေးအဖွဲ့ (မြန်မာ) က စာရင်းပြုစုထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁ ရက်က နိုဝင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၁,၅၆၄ ဦး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ဒလန်အဖြစ် စွပ်စွဲခံရသူ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်၊ သံဃာတော်၊ ဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးတဲ့နောက် သေဆုံးသူ ၁၃၅၁ ဦးရှိပြီး အဖမ်းခံရသူပေါင်းက ၈၁၅၃ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။