စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွေ ဆက်ရှိနေဆဲ

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
2021.06.01

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်းမှာ အကွဲကွဲအပြားပြားဖြစ်နေတဲ့အပေါ် တရုတ်အစိုးရက ကျေနပ်အားရနေကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။

ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျကျနေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နိုင်ငံတကာက တွန်းအားပေးနေချိန် တဖက်မှာလည်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကြား ကွဲပြားမှုတွေ ပေါ်ပေါက်လာနေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အီးယူဥရောပသမဂ္ဂတို့က မြန်မာကို အထီးကျန်ဖြစ်အောင်၊ ပိတ်ဆို့အရေးယူမှု ဗဟိုပြုတဲ့ချဉ်းကပ်ပုံကို ကျင့်သုံးနေချိန်မှာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကတော့ စစ်အစိုးရနဲ့ အပြုသဘော ဆက်ဆံရေးမူဝါဒကို ဦးစားပေးနေကြတာပါ။ ဒီမိုကရေစီဖော်ဆောင်ရေး ဖြစ်စဉ်ကို ဆယ်စုနှစ်အတွင်း တဖြည်းဖြည်း အကောင်အထည်ဖော်လာခဲ့ပြီးတဲ့နောက်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြန်ပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းဆန့်ကျင်ဆန္ဒပြတာတွေကို လည်း ဖြိုခွဲခဲ့ပါတယ်။

မတည်ငြိမ်မှုတွေကြောင့် နိုင်ငံရေးအတိုက်အခံတွေနဲ့ ဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ ဒါကြောင့် ပြည်တွင်း မတည်ငြိမ်မှုကို နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖြေရှင်းဖို့ အိမ်နီးချင်းနိုင်ငံတွေက ရှုမြင်နေကြတာပါ။ မြန်မာ့နယ်စပ် ဒေသ အိန္ဒိယ နဲ့ ထိုင်းနယ်စပ်တွေမှာ လုံခြုံရေးကျိုးပေါက်မှုတွေရှိနေသလို၊ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ သူပုန်သူကန် နှိမ်နင်းမှု ပူးပေါင်းဆောင်ရွက်ရေးတွေလည်း ရှိနေပါတယ်။

ဒီနေ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဟာ တရုတ်ပြည်လိုပဲ အာဏာသုံးအစိုးရတွေ ရှိခဲ့တဲ့ ရှိနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရ‌ပြီးကတည်းက ၇၃ နှစ်အတွင်း စစ်အုပ်ချုပ်ရေးကာလ က နှစ် ၅၀ လောက်ရှိခဲ့လို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ စစ်တပ်ကပဲ ပြောင်းနိုင်တာပါတဲ့။

တရုတ်အတွက် မြန်မာရဲ့အရေးကြီးတဲ့တန်ဖိုးက အိန္ဒိယသမုဒ္ဒရာဆီ ထွက်တဲ့ မဟာဗျူဟာမြောက် ဂိတ်၀ ဖြစ်ပါတယ်။ အိန္ဒိယလိုပဲ မြန်မာမှာလည်း လူမျိုးစုသူပုန်တွေကို တရုတ်က လက်နက်တွေရောင်းချ နေတဲ့ ပြဿနာရှိပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်ကတော့ တရုတ် မှ အားမကိုးရင် ဘယ်သူ့အားကိုးရမှာလဲလို့ ပြောဆိုပါတယ်။ အမေရိကန်က သူ့ရဲ့ ပိတ်ဆို့အရေးယူမှုမူဝါဒကို တစုံတရာပြင်ဆင်မယ်ဆိုရင် မြန်မာလည်း အမေရိကန်အားကိုး ဖြစ်သွားနိုင်ကြောင်း ဆောင်းပါးက ဖော်ပြပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ လေးလတာ ရှိခဲ့ပြီဖြစ်ပေမယ့် လူထုရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေက တပြည်လုံး နေရာအတော်များများမှာ ပေါ်ပေါက်နေဆဲဖြစ်သလို၊ နယ်စပ်ဒေသတွေမှာ လည်း စစ်တပ်နဲ့ ဒေသခံ ပြည်သူ့စစ်အဖွဲ့တွေကြား တိုက်ပွဲတွေကလည်း ဖြစ်ပွားနေဆဲပါ။

အင်္ဂါနေ့က တချို့မြို့တွေမှာဒီမိုကရေစီရေးဆန္ဒပြသူတွေက လုံခြုံံရေးတပ်ဖွဲ့တွေကို ရှောင်ကွင်းပြီး လျှပ်တပြက်ဆန္ဒပြပွဲတွေ ဖော်ဆောင်ခဲ့ကြပါတယ်။ အရင်က လူစုလူဝေးနဲ့ ကြီးမားတဲ့ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်တွေနဲ့ပစ်ခတ်၊ လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ တိုက်ခိုက်ဖြိုခွဲခဲ့လို့၊ အခုတော့ ဆန္ဒပြအဖွဲ့ငယ်တွေက ရုတ်တရက်ဆန္ဒပြ ချက်ခြင်းတပ်ဖျောက်တဲ့ နည်းကို အသုံးပြုလာနေကြတာကို တွေ့ရပါတယ်။

ကာလကြာရှည် စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ နယ်စပ်ဒေသတွေမှာလည်းအခုနောက်ဆုံး စစ်တပ်အာဏာသိမ်းအပြီး၊ လေကြောင်းတိုကိခိုက်မှု အပါအဝင်၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ ပြန်လည် ပေါ်ပေါက်လာတဲ့အတွက်၊ ‌ထောင်နဲ့ချီတဲ့ ဒေသခံ တွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထိုင်းနယ်စပ်အနီး ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း၊ တနင်္လာနေ့က တိုက်ပွဲမှာ စစ်တပ်က တပ်သား ၈၀ သေဆုံးခဲ့ပြီး၊ မိမိတို့ဘက်က တယောက် ကျဆုံး၊ ပြည်သူတဦး သေဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ် က ပြောပါတယ်။ အရပ်ဘက်အဖွဲ့ တွေအနေနဲ့ တူမီးသေနတ်လို လက်နက်မျိုးတွေနဲ့ စစ်ရေးသင်တန်းအနည်းအကျဉ်းသာ ရှိပါတယ်။

တိုက်ပွဲတွေ ကြောင့် ကယားပြည်နယ်မှာ လတ်တလော သီတင်းပတ်တွေအတွင်း ဒေသခံ သုံးသောင်းခုနစ်ထောင် ဝန်းကျင် နေရာရွှေ့ပြောင်းခဲ့ကြရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ အများစုဟာ တောတောင်တွေထဲ ထွက်ပြေးခိုလှုံနေကြရပြီး ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတာပါ။ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ပစ်ခတ်မှုကြောင့် အခုထိ သေဆုံးခဲ့ရတဲ့ အရပ်ဘက်ပြည်သူ ၃၀၀ နီးပါး ရှိကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပေမယ့် အရပ်ဘက်အဖွဲ့တဖွဲ့ကတော့ သေဆုံးသူ ၈၄၀ ဝန်းကျင် ရှိသွားပြီလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။