မြန်မာနိုင်ငံ လက်ရှိအခြေအနေဆွေးနွေးဖို့ နောက်ကျသွားပြီဖြစ်ကြောင်း လေ့လာသူတွေပြော
2024.04.19

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ တရုတ်၊ ထိုင်းနဲ့ အာဆီယံအသင်းက တိုက်တွန်းနေပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ဆွေးနွေးဖို့ နောက်ကျသွားပြီလို့ နိုင်ငံရေးအကဲခတ် တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်မြင့်တက်လာတဲ့အပေါ် အထူးစိုးရိမ်တာကြောင့် ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဧပြီ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားတာပါ။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြဝတီတစ်ဖက်ကမ်း မဲဆောက်မြို့ကို အရေးပေါ်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာနိုင်ငံက အခြေအနေကို အထူးစိုးရိမ်ကြောင်းနဲ့ သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ တိုက်တွန်းခဲ့ပါတယ်။
တရုတ်စီမံကိန်းကြီးတွေရှိနေတဲ့ ရခိုင်ပြည်နယ်နဲ့ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်က တိုက်ပွဲတွေအပေါ် စိုးရိမ်ပူပန်တာကြောင့် တွေ့ဆုံဆွေးနွေးဖို့ တရုတ်အစိုးရကလည်း တိုက်တွန်းထားပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက ဆွေးနွေးဖို့ သိပ်နောက်ကျသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“အဲဒီတွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ကိစ္စက အားလုံးလက်တွေ့ တွေ့ဆုံဖို့ဆိုတာက စစ်ကောင်စီဘက်က လက်မခံသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လက်မခံပါဘူး။ နောက်တစ်ခုက အဲဒါဟာ မြန်မာပြည်အတွက် ပြောရမယ်ဆိုရင် နောက်ကျနေပြီ။ စစ်ကောင်စီရဲ့ စစ်တပ်အင်အားကို ဖြိုခွင်းနိုင်တယ်ဆိုတာကို တော်လှန်ရေးအင် အားစုတွေကလည်း သဘောပေါက်လာပြီးတဲ့အချိန်မှာ အာဆီယံက အဲလိုသဘောထားမျိုး ထွက်ပေါ်လာတဲ့ဟာ က မြန်မာပြည် ပြသာနာဖြေရှင်းရေးအတွက် နောက်ကျသွားပြီလို့ ကျွန်တော်တော့ မြင်ပါတယ်”
အာဆီယံရဲ့ ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် အထူးစိုးရိမ်ပူပန်တယ်လို့ ဖော်ပြထားပါတယ်။
“အားလုံးလက်တွေ့ တွေ့ဆုံဖို့ဆိုတာက စစ်ကောင်စီဘက်က လက်မခံသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လက်မခံပါဘူး"
ဒါကြောင့် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့၊ အရပ်သားတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံအားလုံးကို လိုက်နာဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းထားတာပါ။
ဒီကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတရာ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။ တရုတ်၊ ထိုင်းနဲ့ အာဆီယံအသင်းက တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းနေတဲ့အပေါ် အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်ဖို့ပဲ အာဆီယံက စစ်ကောင်စီကို တိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။
“အာဆီယံလုပ်သင့်တဲ့ အနေအထားကတော့ ပထမဦးဆုံး ကျွန်တော်တို့လက်ရှိ နစကအစိုးရကို အမြန်ဆုံး ရွေးကောက်ပွဲလုပ်ပါလို့ တိုက်တွန်းရမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ပါ။ လုပ်လို့ရတဲ့နေရာမှာ လုပ်ပါ။ အရပ်သားအစိုးရပုံစံ ထွက်ပါစေဆိုတာက သဘာ၀အကျဆုံးဖြစ်တယ်။ အဲဒါက အားလုံးလက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အနေအထားတစ်ခုပေါ့နော်။ အဲဒီအတွက်ကို သူ (အာဆီယံ) က ထောက်ကူပါ့မယ်လို့ ပြောလိုက်တာက သဘာ၀ကျမယ်”
သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကတော့ လက်ရှိမှာ ဖြစ်လာနိုင်တဲ့ အခြေအနေမရှိဘူးလို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော် ကတော့ စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေကို အရင်ဆုံး ရပ်တန့်ရမယ်လို့ RFA ကို ပြောပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာထုတ်တဲ့ ဘုံသဘောတူညီချက်မှာ ဖော်ပြထားတဲ့အတိုင်း အဲဒါမျိုးတွေ လိုက်နာမယ်ဆိုရင်၊ စစ်တပ်သာ အကြမ်းဖက်မှုတွေ ရပ်မယ်ဆိုရင် ဒီပဋိပက္ခဖြစ်တာကြောင့် အရပ်သားပြည်သူတွေဒုက္ခရောက်တာ ရပ်စဲသွားမှာ ဖြစ်ပါတယ်”
အာဆီယံအနေနဲ့ စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကိုသာ ပိုပြီးဖိအားပေးအရေးယူ ဆောင်ရွက်သင့်တယ်လို့လည်း ဦကျော်ဇော်က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ထုတ်ပြန်ချက်မှာ စစ်တပ်နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးတွေကို ဖော်ပြထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ လက်ရှိအခြေအနေမှာ တွေ့ဆုံဆွေးနွေးကြရင် တောင် အဖြေတစ်ခုထွက်ဖို့ မမြင်သေးဘူးလို့ သုံးသပ်ပါတယ်။
“ကျွန်တော်တို့ကြည့်ရမှာက ဒီဘက် တော်လှန်ရေးအစုအဖွဲ့တွေအားလုံးကြားထဲမှာ ဘယ်လိုမျိုး တူညီတဲ့ သဘောတူညီချက်တွေနဲ့ နိုင်ငံရေးနားလည်မှု၊ ယုံကြည်မှုကို ဘယ်လိုမျိုးတည်ဆောက်နိုင်ကြမလဲဆိုတဲ့ဟာမျိုးပေါ့နော်၊ ချက်ချင်းမှာတော့ အားလုံးသဘောတူပြေလည်သွားပြီးတော့ အဖြေတစ်ခု ထွက်သွားမယ်လို့တော့ သိပ်တော့ ကျွန်တော်မမြင်ဘူး”
လက်ရှိအချိန်မှာ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးမှာ အဆိုးရွားဆုံး ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။ စစ်ကောင်စီဟာ အရင်က သမိုင်းမှာ မကြုံခဲ့ဖူးတဲ့ စစ်တပ်အရာရှိတွေ တပ်ရင်းအလိုက် လက်နက်ချတာ၊ စစ်စခန်းတွေကနေ စွန့်ခွာထွက်ပြေးရတာ၊ စစ်မဟာဗျူဟာဌာနချုပ်တွေ အပါအဝင် တပ်စခန်းတွေ ရာနဲ့ချီပြီး သိမ်းယူခံရတာတွေကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ကြုံနေရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
အာဆီယံနိုင်ငံခြားဝန်ကြီးတွေရဲ့ ဧပြီလ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာ့အရေးကို အဖြေရှာရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အလျင်အမြန် အပြည့်အ၀ အကောင်အထည်ဖော်မှုကနေ ပံ့ပိုးကူညီသွားမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ အာဆီယံရဲ့ ဘုံသဘောညီချက် ငါးရပ်ကို အကောင်အထည်မဖော်တဲ့ စစ်ကောင်စီကို အရေးယူဆောင် ရွက်မယ့် အစီအစဉ်တွေမရှိတာကြောင့် အာဆီယံရဲ့ မြန်မာ့အရေးကြိုးပမ်းမှုဟာ ထိရောက်မှု မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြဝေဖန်ကြပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်လာနေသလို နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ အာဏာမသိမ်းခင်က ရှိနှင့်ပြီးသား အရေအတွက်နဲ့ပေါင်းရင် လက်ရှိနိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရ သူ ၂ ဒသမ ၈ သန်းကျော်အထိ စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။