မြန်မာနိုင်ငံ တရားရေးဌာန ပြဿနာတွေ ဘယ်လိုအဖြေရှာမလဲ
2017.04.06
မြန်မာနိုင်ငံက တရားရုံးတွေနဲ့ တရားရေးကဏ္ဍနဲ့ ပတ်သက်ပြီး ထောက်ပြဝေဖန်မှုတွေများနေချိန်မှာ ပြီးခဲ့တဲ့အပတ် က တရားသူကြီးတွေ မတရားလုပ်တာနဲ့ ပတ်သက်လို့ တိုင်ကြားကြဖို့ တရားလွှတ်တော်ချုပ်ရုံးက တိုက်တွန်းလိုက်ပါ တယ်။ တကယ်အားဖြင့် မြန်မာနိုင်ငံ တရားရေးဌာနရဲ့ ပြဿနာတွေဟာ စစ်အစိုးအဆက်ဆက်ရဲ့ ဆိုးမွေးတွေကို ဆက်ခံလာတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ဦးတင်အောင်ခိုင် က ဆက်လက်တင်ပြပါမယ်။
----------------------------------------------------------------------
မြန်မာနိုင်ငံမှာ NLD အရပ်သား အစိုးရတက်လာချိန်မှာ တရားဥပဒေစိုးမိုးရေးအတွက် ဦးစားပေးဆောင်ရွက်မှာဖြစ်တယ်လို့ ကတိပေးခဲ့ပေမဲ့ အစိုးရသစ်သက်တမ်းတနှစ်ပြည့်ချိန်မှာ ခိုးဆိုးလုယက်မူတွေ တိုးများလာနေသလို လူသတ်မူတွေလည်းတိုးလာတာဟာ အထင်အရှား ဖြစ်ပါတယ်။ အခုလိုရာဇဝတ်မူတွေ တိုးပွားလာနေချိန်မှာဘဲ တရားရုံးတွေရဲ့အခြေအနေဟာလည်း အနှုတ်လဏ္ခာပြနေပြီလို့ ဝေဖန်မူအသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ အဓိကကတော့ တရားရုံးတွေမှာ ငွေသာအဓိကဖြစ်နေပြီး ငွေများတရားနိုင်ဖြစ်နေပြီလို့ ပြောနေကြတာပါ။
တရားရုံးတွေရဲ့ ယိမ်းယိုင်နေတဲ့ ဒီအခြေအနေကိုလည်း ပြန်လည်တည့်မတ်ဖို့ အတော့်ကိုခက်ခဲတဲ့ အခြေအနေဖြစ်နေပါတယ်။ တကယ်တော့ တရားရုံးတွေမှာက ဂိုဏ်းဖွဲ့ပြီး လုပ်နေကြတဲ့ ပုံဖြစ်နေတယ်လို့ အငြိမ်းစားတရားသူကြီးတဦးက ပြောပါတယ်။
“အောက်ကလူုက အပေါ်ကအတွက်ပါဖန်၊ အပေါ်ကိုတဝက်ကန်တော့ သူလဲယူ၊ ပြဿနာတက်တော့ အပေါ်ကလည်း သူကိုကာဘာပေးပေါ့၊ အဲဒါဆိုတော့ ဒီအဖွဲ့ကြီးကို ပြဿနာကို ဖြိုလို့ မရဘူးပေါ့၊ မြို့နယ်က အမူတခု အတွက်ဆိုသူက ဒီဟာကို လွှတ်ချင်တယ်၊ လွှတ်ချင်တယ်ဆိုတော့ ခရိုင်အဆင့်နဲ့ တိုင်ပင်တာပေါ့၊ သူ့ကို တဝက်ကန်တော့ သူကတဝက်ယူပေါ့ ၊တိုင်း တက်ရမဲ့ အမူတွေဆိုတိုင်း အထိပါတာပေါ့ ”
ဒီနေရာမှာ တရားရုံး စာရေးဟာ အဓိကကျလှပါတယ်။ တရားသူကြီးတွေကို သူတို့က ရှာဖွေကျွေးမွေးလို့ ဆိုပါတယ်။ တရားရုံးကို အမှုရောက်လာတာနဲ့ ငွေယူတဲ့လမ်းကြောင်းက စလာတာဖြစ်ပါတယ်။ ပထမဆုံး အမှုကို အာမခံပေးမလား၊ မပေးဘူးလားဆိုတာကစပြီး ငွေနဲ့ စကားပြောကြရတာပါ။
“သူက ပွဲစားလုပ်နေတာလေ၊ နောက်ပြီးတော့ သတင်းတွေ အားလုံးကို တရားသူကြီးတို့ ဘာတို့ကိုပြန်ပြောတာ၊ ဒါဆိုပြဿနာတက်နိုင်တယ် မတက်နိုင်ဘူး။ ယူသင့် မယူသင့် သူကဘဲဆုံးဖြတ်တာ။ သူက အကြံဉာဏ်ပေးတာပေါ့၊ ဆုံးဖြတ်တာတော့ တရားသူကြီးက ဆုံးဖြတ်ပေါ့၊ တရားသူကြီးသာ သုံးလေးနှစ်တခါပြောင်းတာ သူတို့က ဒီရုံးမှာ မြဲနေတာမြဲနေပြီး လုပ်ချင်တာလုပ်တာ၊ နယ်မြေခံလိုဖြစ်နေတယ်၊ အဲဒီစာရေးတွေက ဒီတောရဲ့စရိုက်၊ ဒီရွာရဲ့စရိုက်တွေ အားလုံးသိတယ်။ ဘယ်သူဆို ဘယ်သူသမီး ဘယ်သူ့သား ဒီကောင်တွေကတော့ ဘယ်လိုရှိတယ်၊ သူတာဝန်ခံတယ်လုပ်ပေးလိုက်ပါ ဘာညာဆိုပြီတော့ ညှိတာပေါ့လေ၊ အဓိကတော့ စာရေးတွေ ”
တရားခံတဦးအနေနဲ့ အမူကွင်းလုံးကျွတ်နိုင်ပြီးချိန်မှာတောင် ငွေထပ်ပေးမှလွှတ်ပေးတာဖြစ်ပါတယ်။ ငွေမပေးရင် ရဲကလည်း ခတ်ထားတဲ့ လက်ထိတ်ကို သော့မဖွင့်ပေးဘူးလို့ ဆိုပါတယ်။ အခုလို ရုပ်ပျက်ဆင်းပျက် နာမည်ပျက်နေတာတွေကို ပြုပြင်ပြောင်းလဲနေပါပြီလို့ ပြီးခဲ့တဲ့ ဧပြီလ လေးရက်က ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးရဲ့ ပြုပြင်ပြောင်းလဲတိုးတက်မူအခြေအနေတွေကို သတင်းစာရှင်းတခု ပွဲလုပ်ခဲ့ပါတယ်။ အဲဒီမှာ တရားသူကြီးတွေ လာဘ်စားပါက တိတိကျကျတိုင်ဖို့ တရားသူကြီးတွေကို ရာထူးက ဖယ်ရှားတာပြုလုပ်နိုင်တယ်လို့ ပြောသွားပါတယ်။ နောက်တရားလွှတ်တော် ရုံးချုပ်က တရားသူကြီးတွေလိုက်နာရမဲ့ စည်းကမ်းဥပဒေတွေ ရေးဆွဲနေတာ တတိယမူကြမ်းအထိရောက်နေပြီလို့ ဆိုပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်လို့ တရားရုံးချုပ် ရှေ့နေကြီး ဦးကြီးမြင့်ပြောတာက
“အဲဒါတွေကရိုးနေပြီ၊ အခုလောလောဆယ် ချက်ခြင်းလုပ်နိုင်တဲ့အလုပ်က အောက်ရုံးတရားသူကြီးတွေရဲ့ စီရင်ချက်တွေကို အထက်ရုံးတရားသူကြီးတွေက ပြန်စစ်၊ အထက်ရုံးကအမှုကို အောက်ရုံးက စီစစ်၊ အဲဒီစီစစ်တဲ့အလုပ်လုပ်ပြီး ဥပဒေနဲ့ မညီတာတွေကို ရာထူးချမယ်၊ ဝမ်နင်ပေးမယ် ထရန်စဖာလုပ်မယ် အဲလိုဟာမျိုးတွေလုပ်ရမှာ၊ ဘာညွှန်ကြားချက်တွေထုတ်ထုတ် ဟုတ်ကဲ့ပါပြောမှာဘဲ၊ ပြီးရင်လုပ်ချင်တာလုပ်မှာဘဲ မရဘူး ”
ညွှန်ကြားချက်တွေ ဘယ်လောက်ထုတ်ထုတ် အရိုးစွဲနေပြီဖြစ်တဲ့အကျင့်ကို ဖျောက်လို့မရနိုင်လို့ ဆိုပါတယ်။ ဒါတွေဟာလည်း စစ်အစိုးရခေတ်အဆက်ဆက် ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအရလို့ ဆိုပါတယ်။
ဒါ့အပြင် တရားရေးကဏ္ဍ ယိမ်းယိုင်နေတာမှာ ရှေ့နေချုပ်ရုံးက ဝင်ရောက်ဆောင်ရွက်ဖို့လည်း လိုနေတာဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ တကယ်က တရားရုံးကို အမှုတင်နိုင်ဘို့ ဥပဒေအကြံပေးတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ တကယ်အမှုကြီးများ တရားရုံးကိုရောက်မလာတာမျိုး ကြီးလေးတဲ့ ပြစ်မူကျူးလွန်ထားပေမဲ့ ပုဒ်မအသေးလေးဘဲ တပ်ထားတာ၊ အာမခံပေးလို့ရတဲ့ အမှုမျိုးကို အာမခံပေးလို့မရအောင် ပုဒ်မတပ်လိုက်တာ စတာတွေလည်း ရှိနေပါတယ်။ ဒါတွေအားလုံးဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။
နောက်တခုကတော့ အမူကိုပထမဆုံး ကိုင်တွယ်တဲ့ ရဲတပ်ဖွဲ့ရဲ့ အဂတိလိုက်စားမူတွေလည်း တရားရုံးမရောက်ခင် အများအပြား မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒီအပိုင်းတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာနအပိုင်းပါ။ နောက်ပြည်ထဲရေးဝန်ကြီးဌာနဲ့ ပတ်သက်တဲ့ ရပ်ကွက်၊ မြို့နယ်၊ ပြည်နယ်တိုင်း အုပ်ချုပ်ရေးမှူးတွေက တရားရုံးရောက်နေတဲ့အမူတွေကို ဝင်ရောက်စွက်ဖက်တာမျိုးတွေလည်း မျိုးစုံရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရားရေးကဏ္ဍ မှန်မှန်ကန်ဖြစ်စေဘို့ တရားလွှတ်တော်ရုံးအပြင်၊ ရှေ့နေချုပ်ရုံးနဲ့ ပြည်ထဲရေးဌာနတို့ ဟန်ချက်ချက်ညီညီပြင်ဆင်နိုင်မှ ဖြစ်မှာပါ။ ဒီနေရာမှာ စစ်အစိုးရအဆက်ဆက် အချိန်တွေကနေ အခုအချိန်အထိ တရားသူကြီးချုပ်တွေနဲ့ ရှေ့နေချုပ်တွေဟာ စစ်တပ်က လူဝတ်လဲလာသူတွေဖြစ်နေတာလည်း ပြဿနာဖြစ်တယ်လို့ ထောက်ပြဝေဖန်နေကြပါတယ်။ ဒီလူတွေဟာ တရားခွင်က အခြေအနေတွေကို လက်တွေ့ဝင်ရောက်လုပ်ကိုင်ဘူးခြင်း မရှိတာကြောင့် ပြဿနာဖြစ်တိုင်း ညွန်မှူး၊ ညွှန်ချုပ်တွေကိုသာ မေးမြန်းနေရတယ်လို့ ဆိုပါတယ်။ အဲ မေးစရာရှိတာက အဲဒီ ညွှန်မှူး၊ ညွှန်ချုပ် အများစုကရော ဘယ်သူတွေဖြစ်နေကြပါသလဲ၊ ဒီမေးခွန်းကို တွေကိုဖြေဆိုပြီးရင် မြန်မာ့တရားရေးကဏ္ဍကောင်းမွန်လာဖို့ ဘာဆက် လုပ်ရင်ကောင်းမယ်ဆိုတာ အသေအချာ မြင်နိုင်ပြီဖြစ်ပါတယ်လို့ ဝေဖန်နေကြပါတယ် ခင်ဗျား။