ICJ အစီရင်ခံစာ လျှို့ဝှက်အဆင့် သတ်မှတ်ထားတယ်လို့ အစိုးရပြော

သက်စုအောင်၊ ဝေမာထွန်း
2020.06.19

မြန်မာအစိုးရဘက်က ICJ ထံ တင်သွင်းထားတဲ့ ပထမဆုံး အစီရင်ခံစာနဲ့ ပတ်သက်ပြီး  ပွင့်ပွင့်လင်းလင်း အသိမပေးတဲ့အတွက် ဝေဖန်နေကြနေချိန်မှာ သမ္မတရုံးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ "လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာ" ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ထံ တင်ပြခဲ့တဲ့ ပထမဆုံးအစီရင်ခံစာကို မြန်မာအစိုးရက လူသိရှင်ကြား မထုတ်ပြန်တာဟာ ICJ ရဲ့ ကြားဖြတ်စီရင်ချက်တွေကို အကောင်အထည်ဖော်နိုင်မှု မရှိတာကြောင့်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဝေဖန်နေပြီး ဒါကို အစိုးရဘက်က မဟုတ်ကြောင်း ငြင်းဆိုလိုက်တာပါ။

ဂမ်ဘီယာရဲ့ တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ တရားရုံးမှာ ကြားနာခဲ့စဉ်ကာလ ကတည်းက အများပြည်သူ သိရှိအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

“ဒါက သူ့ Procedure အတိုင်း သွားနေတာ။ ဒါကြောင့်မို့ ကျွန်တော်တို့က ထုတ်မပြောတာ။ ဒီဟာမှ လျှို့ဝှက် စရာတွေ ဘာတွေ မရှိဘူး။ ဘာလို့လဲဆိုရင် တရားရုံးမှာ စပြီးရင်ဆိုင်ကတည်းကိုက Public hearing နဲ့ သွားတာ ဒီဟာကို လျှို့ဝှက်ထားချင်ရင် အဲဒီကတည်းက ကျွန်တော်တို့က Public hearing ကို သွားမှာ မဟုတ်ဘူး”

ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ RFA က နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းရာမှာ ဦးဇော်ဌေးက အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က လျှို့ဝှက်အဆင့် သတ်မှတ် ထားဖြစ်ပြီး မြန်မာနဲ့ ဂမ်ဘီယာနှစ်နိုင်ငံလုံးက ထုတ်ဖော်ပြောခွင့် မရှိဘူးလို့ ပြောပါတယ်။

“တရားရုံးကလည်းပဲ Provisional  measures နဲ့ ပတ်သက်ပြီး တင်ပြချက်ကို  confidential အဆင့် သတ်မှတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကတင်တဲ့ ရီပို့ကို ဂမ်ဘီယာကိုလည်း ပေးတယ်။ ဂမ်ဘီယာ ကလည်း သူပြောလို့ မရဘူး။ ကျွန်တော်တို့ကလည်း ပြောလို့မရဘူး။ Provisional measures နဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့အပေါ်မှာ ဆောင်ရွက်ချက်တွေက မပြည့်စုံလို့ဆိုတာ မဟုတ်ဘူး။ ကျွန်တော်တို့က မူလအတိုင်း Genocide Convention ကို ဖောက်ဖျက်ခြင်းမရှိဘူး။ ဟိုးအရင်ကတည်း ကအတိုင်းထိုးခဲ့တာ။ ခုချိန်ထိ တိုင်လည်း ဖောက်ဖျက်ခြင်းမရှိဘူး”

အစီရင်ခံစာမှာ ထည့်သွင်းတင်ပြချက်နဲ့ လက်တွေ့မြေပြင်မှာဖြစ်နေတာနဲ့ ကွာဟချက်တွေရှိတာမို့ အစီရင်ခံစာကို အများသိရအောင် ထုတ်မပြောတာလို့ ယူဆကြောင်း အစ္စလာမ်နိုင်ငံရေးသမား ဦးသာအေးက ပြောပါတယ်။

“ထုတ်မပြောဘူး ဆိုတာကတော့ လက်တွေ့မှာ တချို့ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတယ် ဆိုတာ ဆင်ခြေနဲ့ အစီရင်ခံစာတင်ထားတာ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ လက်တွေ့မှာကျတော့ ဒါတွေက မရှိဘူး။ မရှိတဲ့အခါကျတော့ တင်လိုက်တဲ့အစီရင်ခံစာနဲ့ လက်တွေ့မှာ ကွာဟနေတယ်ဆိုတာကို လူတိုင်း သိမှာကို စိုးရိမ်တာလည်း ရှိချင်ရှိမှာပေါ့။ နောက်တစ်ဖက်က ဖွင့်ပြောလိုက်ရင် တိုက်ခိုက်မယ့်သူတွေကလည်း ရှိရင်ရှိမှာပေါ့။ ဒါတွေကြောင့်လည်း သူတို့က ဘာမှပွင့်ပွင့်လင်းလင်း အသိမပေးဘဲဖြစ်နေတာ။ အဓိကကတော့ တင်ထားတဲ့ဟာနဲ့ နယ်မြေမှာ ရှိနေတဲ့ဟာ ကွဲလွဲချက်တွေရှိနေလို့ ပြည်သူကို ချမပြတာလို့ ကျွန်တော် ထင်ပါတယ်”

လက်တွေ့မှာ အစိုးရဘက်က ဘာသာမတူသူ လူနည်းစုတွေကြား ခွဲခြားဆက်ဆံမှုတွေ ပပျောက်အောင် ဆောင်ရွက်တာ၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်လာအောင် ပြန်လာမယ့် သူတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ထင်သာမြင်သာရှိအောင် ဆောင်ရွက်ပေးမယ့် အစီစဉ်မျိုးတွေ မတွေ့ရဘူးလို့ ဦးသာအေးက ပြောပါတယ်။

မြေပြင်အခြေအနေနဲ့ ကွဲလွဲလို့ မထုတ်ပြန်ဘူးဆိုတာတွေဟာ နိုင်ငံရေးအရ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ တာဝန်က တရားရုံးကို တင်ပြဖို့သာဖြစ်ပါတယ်။ ကျွန်တော်တို့ တင်ပြပြီးဖြစ်ပါတယ်။ အစီရင်ခံစာကို public site လုပ်ဖို့က တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ မြေပြင်အခြေအနေနဲ့ ကွဲလွဲလို့ မထုတ်ပြန်ဘူး ဆိုတာက နိုင်ငံရေးအရ စွပ်စွဲချက်တွေလို့ပဲ ကျွန်တော် မြင်ပါတယ်”

ICJ က မြန်မာအပေါ်ချမှတ်ထားတဲ့ ကြားဖြတ်စီရင်ချက်တွေ လေးခုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို ထိခိုက် နိုင်တဲ့ အချက်တွေမပါဘဲ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာဖို့နဲ့ တားဆီးဆောင်ရွက်ဖို့သာဖြစ်တယ်လို့ ဦးစိုးဟန်က ပြောပါတယ်။

ဒါကြောင့် တရားရုံးက တောင်းဆိုတဲ့အတိုင်း အစီရင်ခံစာကို မြန်မာအစိုးရ ဝန်ကြီးဌာနတွေဘက်က တက်နိုင်သလောက် နေ့မအား၊ ညမအား ကြိုးစားပြီး တင်ပြခဲ့တာဖြစ်ပြီး အစိုးရ အပြောင်းအလဲတွေဖြစ်ပြီး နောက်ပိုင်းမှာလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ICJ က မြန်မာအပေါ် ချမှတ်ထားတဲ့ ကြားဖြတ်စီရင်ချက်တွေကတော့ (၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်စလင် လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊ (၂) တပ်မတော် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်အောင် ပူးပေါင်းကြံစည်မှု၊ သွေးထိုးလှုံ့ဆော်မှု စတာတွေ မကျူးလွန်အောင် ကြပ်မတ်ဖို့ (၃) လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေရာဒေသတွေက သက်သေ အထောက်အထား အားလုံးကို ဖျက်ဆီးမှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့ နဲ့ (၄) မြန်မာ နိုင်ငံဘက်က ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို တရားရုံးကို ပုံမှန်တင်ပြဖို့ တရားရုံးက အမိန့်ချမှတ် ထားတာဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ အနေနဲ့ ICJ တရားရုံးမှာ သွားရောက်ရင်ဆိုင်ရတဲ့အခါ ကုန်ကျတဲ့ ရှေ့နေငှားခနဲ့ ပတ်သက်ပြီး သတင်းသမားတွေက မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူတွေက ထုတ်ဖော်မပြောသလို ဂမ်ဘီယာနိုင်ငံက တရားရုံးထံ တင်ပြရမယ့် အစီရင်ခံစာကို ၃ လ နောက်ဆုတ်ဖို့ တင်ပြမှုအပေါ်လည်း မှတ်ချက်မပြုလိုကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။