ထိုင်းမှာ အလုပ်သမားဥပဒေနဲ့မညီဘဲအလုပ်လုပ်ရတဲ့ မြန်မာတွေ အခက်အခဲဖြစ်

RFA Burmese
2024.09.26
ထိုင်းမှာ အလုပ်သမားဥပဒေနဲ့မညီဘဲအလုပ်လုပ်ရတဲ့ မြန်မာတွေ အခက်အခဲဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပတူနမ်းစျေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Mladen ANTONOV / AFP

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြားသားတွေလုပ်ခွင့်မရှိတဲ့ စီးပွားရေးတွေကို မြန်မာနိုင်ငံသားတွေလုပ်နေပြီး လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ကြော်ငြာနေတဲ့ မြန်မာတချို့ကြောင့် စစ်ဆေးဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့က မြန်မာတွေ အသွားအလာများတဲ့ ပတူနမ်းစျေးနားမှာ တစ်နိုင်တစ်ပိုင်ဖွင့်ထားတဲ့ဆိုင်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက် ပိတ်ထားရတယ်လို့ ထိုင်းနိုင်ငံမှာ အနှစ်နှစ်ဆယ်လောက် အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။

"တချို့ကလည်း ပေါက်ကရတွေ လျှောက်လုပ်ပြီး လိုင်းမှာကြွား။ ထိုင်းနိုင်ငံကလည်း စီးပွားရေး မကောင်းတော့ အခု တက်စီသမားတွေ အလုပ်ပြုတ်နေတယ်။ ကားတွေမောင်းပြီး ဘယ်သူ့ကိုတင်ပေး လိုက်လို့ ဘယ်လောက်ရတယ်ဆိုတာတွေကို တစ်တော့မှာတင်ပြီး ကြွားနေကြတယ်။ တချို့ထိုင်းတွေက ဒါကို စောင့်ကြည့်နေတယ်"

ထိုင်းဥပဒေအရ နိုင်ငံခြားသားလုပ်သားတွေဟာ ထိုင်းရိုးရာ အနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်၊ စျေးရောင်း၊ ဧည့်လမ်းညွှန်၊ ခရီးသည်ကြိုပို့ ၊ စားသောက်ဆိုင် အပါအဝင် လုပ်ငန်းပေါင်း ၂၇ ခုမှာ လုပ်ကိုင်ခွင့် မရှိပါဘူး။

ဒီဥပဒေကို ချိုးဖောက်ရင် ဘတ်ငွေ ငါးသောင်းကနေ တစ်သိန်းအထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကို အကြိမ်ကြိမ်ကျူးလွန်ရင် အလုပ်ရှင်ရော အလုပ်သမားပါ ဘတ်ငွေ နှစ်သိန်း ( ဒါမှမဟုတ်) ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ နှစ်ခုလုံးဖြစ်စေ ပြစ်ဒဏ်ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။


ဆက်နွှယ်သောသတင်းများ

ဘန်ကောက်က မြန်မာသံရုံးရှေ့ ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာတဲ့ မြန်မာတွေကို ကူညီပေးဖို့ NUCC တိုက်တွန်း

မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တောင်းဆိုချက်တချို့ ထိုင်းခွင့်ပြု


ဘန်ကောက်မြို့နားက မြန်မာနိုင်ငံသားအများစု အလုပ်လုပ်နေကြတဲ့ မဟာချိုင်၊ စမွတ်စခွန်နဲ့ ဘန်ဘောစျေးနားမှာလည်း အရင်ကထက် စစ်ဆေးဖမ်းဆီးနေလို့ မြန်မာဆိုင်တချို့ ပိတ်ထားကြတယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

"ထိုင်းနိုင်ငံသားတစ်ဦးရဲ့ဆိုင် မဟုတ်ဘူးဆိုရင် ဆိုင်သိမ်းတာမျိုးတွေ လုပ်ဆောင်ဖို့အတွက် ရှိတာကြောင့် တချို့ဆိုင်တွေဆိုရင် လုံး၀မဖွင့်တော့ဘူး။ တချို့ဆိုင်တွေက ဖွင့်ရင်လည်း မျက်ခြေမပြတ် စောင့်ကြည့်ပြီး ရောင်းနေ ဖွင့်နေတဲ့ ပုံမျိုးပဲ"

မြန်မာအများစုနဲ့ စည်းကားခဲ့တဲ့ ဘန်ဘောစျေးဟာ အခုဆိုရင် စနေ၊ တနင်္ဂနွေကလွဲလို့ ကြားရက်တွေမှာ ဆိုင်ခန်းရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပိတ်ထားကြတယ်လို့ ဆိုပါတယ်။

"ထိုင်းနိုင်ငံသားတစ်ဦးရဲ့ဆိုင် မဟုတ်ဘူးဆိုရင် ဆိုင်သိမ်းတာမျိုးတွေ လုပ်ဆောင်ဖို့အတွက် ရှိတာကြောင့် တချို့ဆိုင်တွေဆိုရင် လုံး၀မဖွင့်တော့ဘူး"

ဥပဒေချိုးဖောက်တာ များလာတာတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးလာတာလို့ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးအောင်ကျော်က ပြောပါတယ်။

"ဥပဒေအရ ကန့်သတ်ပိတ်ပင်ထားတာတွေကို မသိကျိုးကျွံပြုပြီးမှ ထိုင်းက မျက်ကွယ်ပြုထားတာတွေလည်း အများကြီးရှိပါတယ်။ သို့သော် မြန်မာတွေက ပိုမိုအတင့်ရဲလာပြီး ထင်ထင်ပေါ်ပေါ် လုပ်လာပြီး ကြွားဝါတာတွေ လူမှုကွန်ရက်မှာ စသဖြင့် ထိုင်းအစိုးရခွင့်မပြုတဲ့ အရာတွေကိုလုပ်လာတော့ တချို့ထိုင်းလူမျိုးတွေထဲမှာ မျိုးဆက်သစ်ပညာတတ်တွေကတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ရှေးရိုးစွဲအုပ်စုတွေက သိပ်ဘဝင်မကျဘူး"

ပြီးခဲ့တဲ့ စက်တင်ဘာလ  ၂၃  ရက်နေ့ကလည်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး၊ အလုပ်သမားတွေအလုံးအရင်းနဲ့ ဝင်နေတာကို ဖြေရှင်းပေးဖို့၊ ထိုင်းနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ တောင်းဆိုကြပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုအား ကိုင်တွယ်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံသားတချို့  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်​နေ့က ​ဆန္ဒပြခဲ့စဥ်။ (Photo: Western News Photo
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုအား ကိုင်တွယ်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံသားတချို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်​နေ့က ​ဆန္ဒပြခဲ့စဥ်။ (Photo: Western News Photo

စက်တင်ဘာလ ဒုတိယပတ်ကလည်း ထိုင်းအမျိုးသားရေးအဖွဲ့ သုံးဖွဲ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ခွင့်မပြုဖို့၊ နိုင်ငံရေးကြောင့် ထွက်ပြေးလာတဲ့သူတွေကို သတ်မှတ်စခန်းတွေမှာပဲထားဖို့၊ ထိုင်းနိုင်ငံသားခံယူခွင့်အစီအစဉ်ကို ပြန်သုံးသပ်ဖို့ဆိုတဲ့ အချက်တွေပါတဲ့ ရှစ်ချက် ထိုင်းအစိုးရကို တောင်းဆိုနေပါတယ်။

ဒီလိုတောင်းဆိုဆန္ဒပြမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်း ပိုတင်းကျပ်လာနိုင်သလို အခက်အခဲတွေ ကြုံရလာနိုင်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

"ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးက ဥပဒေကြောင်းအရ တရား၀င်မှုလက်မှတ်တွေနဲ့ လုပ်ငန်းတွေကိုလည်း တရား၀င်အသိအမှတ်ပြုခံရအောင် ကြိုးစားဖို့လိုတယ်။ သိပ်မကြာခင်ကာလအတွင်းမှာ လူအများကြီး ဖမ်းဆီးမှုတွေ လုပ်လာမယ်လို့ ကျွန်တော်ထင်တယ်။ ဒီထက် တင်းကျပ်မှုတွေ ပိုများလာလိမ့်မယ်။ အားလုံး ဝိရိယနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို RFA က စက်တင်ဘာလ ၂၅ ရက်နေ့မှာ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းမပြန်သေးပါဘူး။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ခြောက်သန်းကျော် ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။