တပ်မတော် Facebook စာမျက်နှာသစ် လူ့အခွင့်အရေးအဖွဲ့တွေ မေးခွန်းထုတ်
2020.06.10
သတင်းအမှားတွေကို ချေဖျက်ဖို့အတွက် Facebook ကို သုံးသွားမယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ပြောကြားချက်ကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက သံသယရှိနေပါတယ်။ နိုင်ငံတကာဖိအားတွေများလာချိန်မှာ ပြည်တွင်း ထောက်ခံမှုရအောင် ဝါဒဖြန့်ဖို့ မြန်မာစစ်တပ်ကအသုံးပြုတာလို့ ပြောဆိုခဲ့ကြတာပါ။
တပ်မတော်နဲ့သက်ဆိုင်တဲ့သတင်းတွေကို “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” နဲ့ “ဇော်မင်းထွန်း” - ဆိုတဲ့ Facebook အကောင့် ၂ ခုကနေ အချိန်နဲ့တပြေးညီ သတင်းတွေ ထုတ်ပြန်သွားမယ့်အကြောင်း - ဇွန်လ ၈ ရက်နေ့က သတင်းထောက်တွေကို အကြောင်းကြားလာတာပါ။
မြန်မာနိုင်ငံမှာ Facebook က လူအသုံးများတယ်။ သတင်းမီဒီယာတွေ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ ကလည်း သတင်းအချက်အလက်တွေကို Facebook ကနေ ဖော်ပြကြပါတယ်။ Facebook မှာ သတင်းမှန် သတင်းမှားတွေ ရောထွေးနေသလို၊ ကောလာဟလ သတင်းတွေလည်း တွေ့ရတဲ့အတွက် တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ထုတ်ပြန်နိုင်ဖို့အတွက် ကျနော်တို့ Facebook သုံးဖို့ ဆုံးဖြတ်ခဲ့တာလို့ - တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Burma Campaign UK ဟာ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ အပါအဝင် တပ်နဲ့ပတ်သက်ပြီး Facebook ကတဆင့် ဝါဒဖြန့်နေတာတွေကို Facebook ကုမ္ပဏီနဲ့ တောက်လျှောက် ဆွေးနွေးပြောဆိုနေတာပါ။ အခုလည်း အသစ်ဖွင့်တဲ့ တပ်မတော် Facebook အကောင့် ၂ ခုဟာ ဝါဒဖြန့်ဖို့ လုပ်ဆောင်တာလို့ Burma Campaign UK အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။
“ဒါဟာ စစ်တပ်ကဝါဒဖြန့်ဖို့အတွက် စာမျက်နှာသစ်တွေ ဖွင့်လိုက်တယ်ဆိုတာ ထင်ရှားပါတယ်။ မမှန်တဲ့ သတင်းတွေဖြန့်ဖို့၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တဲ့ သူတို့လုပ်ရပ်တွေကို အားပေး ထောက်ခံဖို့ပါ။ အခုဆိုရင် The Hague မြို့က နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်နေရတယ်၊ အာဂျင်တီးနားနိုင်ငံမှာလည်း အမှုတမှု ရှိနေပါတယ်။ ICC ကလည်း စုံစမ်းစစ်ဆေးနေပါတယ်။ ဒီလိုဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေကို သူတို့အပေါ် စွပ်စွဲချက်တွေဟာ မမှန်ပါဘူးဆိုတာ လက်ခံလာအောင် ကြိုးပမ်းနေတယ်။ ထောက်ခံမှုရအောင် တည်ဆောက်နေတယ်ဆိုတာ ထင်ရှားပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတာ တွေ့နေရပါတယ်။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်မှာပါ။ NLD အစိုးရအနေနဲ့ နိုင်ငံပိုင်သတင်းမီဒီယာကို အသုံးချပြီး စစ်တပ်ကို အကာအကွယ်ပေးနေပေမဲ့ စစ်တပ်အနေနဲ့ ၀ါဒဖြန့်ချိရေးစစ်ပွဲမှာ အရေးနိမ့်နေပြီလို့ ခံစားချက်ဝင်နေပုံရတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း လူအများသုံးတဲ့ Facebook ကို အသုံးချဖို့ လိုအပ်လာတာပါ။”
၂ဝ၁၈ သြဂုတ်လမှာ Facebook ကုမ္ပဏီကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်း အရာရှိကြီးတွေ အပါအဝင် တပ်မတော်နဲ့ ပတ်သက်တဲ့ အကောင့် ၁၈ ခုနဲ့ စာမျက်နှာတွေကို ပိတ်ပစ်ခဲ့တာပါ။ အဲ့ဒီလို အပိတ်ခံရပြီး ၂ နှစ်အကြာမှာ တပ်မတော်က Facebook ကနေ သတင်းတွေ ထုတ်ပြန်ဖို့ ထပ်မံ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ Facebook ရဲ့ သတ်မှတ်ချက်တွေအတိုင်း သတင်းတွေကို ထုတ်ပြန်မှာဖြစ်လို့ - အကောင့်မဖွင့်ခင် ကုမ္ပဏီနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့တာမျိုးတော့ မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
California ပြည်နယ်မှာရှိတဲ့ FB ရုံးချုပ်နဲ့ စင်ကာပူမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ FB တာဝန်ရှိသူတွေကို RFA က e-mail နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကတော့ နိုင်ငံတကာ ဖိအားတွေဆိုတာထက် - မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုရအောင် ဝါဒဖြန့်ဖို့က ပိုများတယ်လို့ ပြောပါတယ်။
“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျနော်တို့ ယုံကြည်ပါတယ်။ ဒါဟာ အင်မတန်လည်း အရေးကြီးပါ တယ်။ ကျနော်တို့ မကြိုက်တဲ့ သဘောထားအမြင်မျိုးတွေ ဖြစ်နေရင်တောင်မှ နားထောင်ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒါကို သူတို့က လှည့်စားအသုံးချမလား ဆိုတာကတော့ တကယ့် ပြဿနာကြီးပါ။ ဒါမျိုးတွေကို အရင်ကလည်း တွေ့ခဲ့ရပါတယ်။ တပ်မတော်က စစ်တပ်အရာရှိတချို့ရဲ့ အကောင့်တွေ အပါအဝင် တခြားအကောင့်အတုတွေ ဖန်တီးထားတဲ့ စာမျက်နှာတွေကို အသုံးချပြီး Facebook မှာ သတင်းတွေဖြန့်ဖို့ ကြိုးစားခဲ့တာတွေ ရှိပါတယ်။ ဒီလိုမရိုးသားတဲ့ လုပ်ရပ်တွေကို Facebook က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ Facebook က ထပ်ပြီး အရေးယူလိမ့်မယ်လို့လည်း ယူဆပါတယ်။”
ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ကစလို့ လူမျိုးရေးပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပြီး၊ Facebook ကနေတဆင့် အမုန်းစကားတွေ ပျံ့တယ်၊ သတင်းမှားတွေကို ဖြန့်နေတယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာကြောင့် အကောင့် တော်တော်များများကို စိစစ်ပြီး ပိတ်ပစ်တာတွေကို Facebook ကုမ္ပဏီက လုပ်လာပါတယ်။ ဒီအထဲမှာ တပ်မတော်နဲ့ ပတ်သက်တဲ့ အကောင့်တွေလည်း ပါဝင်ခဲ့တာပါ။
အဲ့ဒီလို အပိတ်ခံရပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ရပ်တည်တယ်ဆိုပြီး Facebook ပေါ်မှာ ဆန္ဒထုတ်ဖော်သူတွေလည်း တွေ့ခဲ့ရသလို၊ မြန်မာစစ်တပ်ကတော့ ရုရှားလူမှုကွန်ရက်တခုဖြစ်တဲ့ VK ကို သုံးခဲ့ကြပါတယ်။
Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကတော့ - သတင်းမှန်တွေ ထုတ်ပြန်ဖို့ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ပြောဆိုချက်ကို သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။
“တကယ်တမ်း သတင်းအမှန်အတွက်ဆိုရင် စစ်တပ်က သတင်း ထုတ်ပြန်နေစရာ မလိုပါဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းယူခွင့်ရမယ်၊ လွတ်လပ်စွာ သတင်းရေးသားခွင့်ရမယ်ဆိုရင် မီဒီယာတွေရဲ့ အခန်းကဏ္ဍကနေ ပြည်သူကိုပေါ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ သူတို့ဘက်နေ ပေးနေတဲ့သဘောပါပဲ။ သူတို့ဘက်က ထုတ်ချင်တဲ့သတင်းကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်လို့လည်း ရပါတယ်။ Facebook ကနေ ထုတ်ပြန်နေစရာ အကြောင်း မရှိဘူးလို့ပဲ ယူဆပါတယ်။ Facebook ပေါ်မှာ သတင်းထုတ်ချင်တယ်ဆိုတာက မှန်ကန်တဲ့ သတင်းဖြစ်ဖို့ထက် မီဒီယာတွေကနေ တင်ပြနေတဲ့ သတင်း အချက်အလက်တွေရှိတယ်။ အဲ့ဒီသတင်းအချက်အလက်တွေကို တန်ပြန်တဲ့ သတင်းထုတ်ပြန်မှု မျိုးပေါ့။ ဆိုလိုချင်တာက သတင်းအမှန်မဟုတ်ဘဲနဲ့ သတင်းအမှားတွေကို ထုတ်ပြန်တယ်ဆိုရင် ဘယ်သူက တာဝန် ယူမှာလဲပေါ့။ စစ်တပ်ကို ကျနော်တို့က ယုံကြည်လို့ မရတာက သူတို့ကိုယ်တိုင်ကရော သတင်းအမှန် ထုတ်ရဲ့လားပေါ့။ ထုတ်နိုင်ရဲ့လားဆိုတာပေါ့။”
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ကစလို့ နေပြည်တော်စစ်သမိုင်းပြတိုက်မှာ တပ်မတော်က သတင်းစာရှင်းလင်းပွဲတွေကို ပုံမှန် လုပ်ဆောင်လာနေပြီး၊ သတင်းထောက်တွေရဲ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုတွေကိုလည်း ဖြေကြားနေတာပါ။
မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ ၂၂ သန်းကျော်ရှိတယ်လို့ သုတေသနစစ်တမ်းတချို့မှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်တဲ့ကာလအတွင်း ဧပြီလကစလို့ Facebook ကို အသုံးပြုလာပါတယ်။