စစ်တပ် အာဏာတည်မြဲရေးရှေးရှုမှု ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေ

2021.10.01
စစ်တပ် အာဏာတည်မြဲရေးရှေးရှုမှု ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်နေတဲ့ ကယားပြည်နယ်က PDF တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်
Photo: Loikaw PDF

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဒီနေ့ အချိန် ၈ လတိတိပြည့်ချိန်မှာပဲ ယခင်က လက်နက် ကိုင် တိုက်ပွဲတွေ မရှိခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေအတွင်း စစ်တပ်နဲ့ အရပ်သား ကာကွယ်ရေးတပ်တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်တွင်း စစ်ရေးပဋိပက္ခဟာ နိုင်ငံအနှံ့ နေရာမလပ် ကူးစက်နေပြီလို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

စစ်တပ်ကသာ နိုင်ငံရေးစိတ်ဆန္ဒ မှန်မှန်နဲ့မဖြေရှင်းဘဲ အာဏာရရေး ဆက်လက်ဦးတည်နေမယ်ဆိုရင် စစ်ရေးပဋိပက္ခရှည်ကြာပြီး တိုင်းပြည်ဟာ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားလိမ့်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုနိုင်ငံခြားရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“ကျဆုံးနိုင်ငံဖြစ်သွားတဲ့ အနေအထားမျိုးဆိုရင် ပြန်လည်ထူထောင်ရေးလုပ်ရတာ အရမ်းခက်ခဲတယ် ဆိုတာ ကျွန်တော်တို့ သိတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ဒါက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အနေနဲ့ တစ်တိုင်းပြည်လုံးက လူထုတွေက ဒီလမ်းကိုရွေးလိုက်ကြ တယ်။ အရင်က ဒီလမ်းကိုရွေးမယ်ဆိုရင် လူထုကလက်မခံဘူး။ ဒါပေမဲ့ အခုတော့ လူထုကိုယ်တိုင် တက်တက်ကြွကြွလုပ်တဲ့ အနေအထားတွေဖြစ်လာတယ်။ ကျဆုံးနိုင်ငံအဆင့်ကို ကျွန်တော်တို့ မလို လားဘူးဆိုပေမယ့်လို့ စစ်တပ်ကနေပြီးတော့ ကောင်းစေချင်တဲ့ စိတ်ဆန္ဒမရှိဘဲ အာဏာတစ်ခုတည်းကို ဖက်တွယ်နေမယ်ဆိုရင် ဒါဟာ နိုင်ငံကျဆုံးမယ့်လမ်းကြောင်းကို ဦးတည်သွားနေတာပဲဖြစ်တယ်”

စစ်တပ်အနေနဲ့ လက်နက်အားကိုးနဲ့ အာဏာတည်မြဲရေး ဆက်လက်ကြိုးပမ်းနေရင်လည်း မြန်မာပြည် တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြေမရှိဘူးလို့ ပဒိုစောတောနီးက ဝေဖန်ပါတယ်။

“ဘယ်သူမှ အလျော့မပေးဘဲ သွားမယ်ဆိုရင် အဆင်းရဲဆုံးနိုင်ငံကနေ ပိုပြီးမှ ဆိုးဝါးတဲ့နိုင်ငံအဖြစ်ကို ရောက်လာနိုင်ပါတယ်”

စစ်တပ်အနေနဲ့ နိုင်ငံရေးအရှုပ်တော်ပုံကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းရှာဖို့လိုအပ်နေပြီး စားပွဲဝိုင်း ဆွေးနွေးမှုနည်းလမ်းကို ဆက်ပြီးငြင်းပယ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ပဋိပက္ခဟာ ပိုပြီးကြာသွားနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သုံးသပ် ပါတယ်။

အဲဒီလိုပဋိပက္ခကြာလာရင် အဆင်းရဲဆုံးနိုင်ငံကနေ ပိုပြီးဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိသွားလိမ့်မယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“စစ်ကောင်စီဘက်ကလည်း သဘောထားကြီးစွာနဲ့ မြန်မာနိုင်ငံရဲ့အရှုပ်တော်ပုံတွေကို ဖြေရှင်းနိုင်ဖို့ အတွက်ကတောာ့ နည်းလမ်းတော့ရှာရမယ်လို့ ထင်ပါတယ်။ စစ်ရေးနဲ့ပဲ ဆက်ပြီးတော့လုပ်နေရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံကတော့ အခုထက်ပိုပြီးကြာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အချင်းချင်းက ဘယ်သူမှလည်း အလျော့မပေးဘဲ သွားမယ်ဆိုရင် အဆင်းရဲဆုံးနိုင်ငံကနေ ပိုပြီးမှ ဆိုးဝါးတဲ့ နိုင်ငံအဖြစ်ကို ရောက်လာနိုင်ပါတယ်”

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ ပဋိပက္ခတွေကြာရှည်ပြီး တိုင်းပြည်ကျရှုံးသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို လက်မခံပါဘူး။

“PDF တွေ လက်နက်ကိုင်ပြီလို့ စတင်ကြွေးကြော်ခဲ့တဲ့အချိန်ကနေ ပြန်ကြည့်ရင် သူတို့လှုပ်ရှားတဲ့ လှုပ်ရှားမှုက တဖြည်းဖြည်းနဲ့ အားလျော့လာပြီ၊ အဲဒီအနေအထားမျိုးမှာတော့ တော်လှန်ရေး အရှိန် တက်လာဖို့ဆိုတာတော့ တော်တော်ကြီးခဲယဉ်းပါတယ်။ အဲတော့ တော်လှန်ရေး အရှိန်တက်လာဖို့ ခဲယဉ်းတဲ့အတွက်ကြောင့် လက်နက်ကိုင် ပဋိပက္ခကြောင့် ကျဆုံးနိုင်ငံဖြစ်သွားမယ်ဆိုတာကတော့ ဖြစ်နိုင်ဖို့ အင်မတန်ခဲယဉ်းတယ်”

လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဆက်ရှိနေပေမယ့် လျော့နည်းသွားအောင် စွမ်းဆောင်ပြီး စစ်တပ်က တိုင်းပြည်ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ လက်တွေ့စစ်တပ်နဲ့ နေ့စဉ်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်အခြေစိုက် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့အနေနဲ့ စစ်အာဏာရှင် မပြုတ်ကျမချင်း တော်လှန်သွားမယ်လို့ ပြောပါတယ်။

လက်နက်ချင်းမမျှတဲ့ တော်လှန်ရေးမို့ ဒီကာလဟာ ရှည်လျားသွားနိုင်တယ်လို့လည်း KNDF ပြောရေးဆို ခွင့်ရှိသူက ပြောပါတယ်။

“ကျွန်တော်တို့ တိုက်ရတဲ့ ရန်သူက ကျွန်တော်တို့ထက် အဆပေါင်းများစွာ အင်အားကောင်းပါတယ်။ ကျွန်တော်တို့ ဒီတော်လှန်ရေးက တစ်လ၊ နှစ်လနဲ့ ပြတ်မယ့် တော်လှန်ရေးတော့ မဟုတ်ပါဘူး။ နှစ်နဲ့ ချီရင်လည်း ချီသွားနိုင်ပါတယ်။ အဲမှာမှ ကျွန်တော်တို့ ဘယ်လောက်အထိ ညီညွတ်ကြမလဲ၊ ဘယ်လောက် အထိ တော်လှန်မှုအရ တည်ဆောက်ကြမလဲဆိုတာတော့ အဲဒီအပေါ်မှာတော့ စကားပြောရမှာပေါ့။ ဒီအပေါ်မှာ မူတည်ပြီး နှစ်လရှည်ကြာဖြစ်သွားနိုင်ပါတယ်”

KNDF ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး NUG နဲ့ ချိတ်ဆက်လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရကလည်း စက်တင်ဘာ ၇ ရက်ကစပြီး လူထုတော်လှန်ရေးစတင်ပြီလို့ ကြေညာထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် ကတော့ အားလုံးညီညီညွတ်ညွတ်နဲ့ တော်လှန်ရင် အာဏာရှင်စနစ် သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"ယခု ခုခံတော်လှန်မှုကို စစ်ရေးပဋိပက္ခအဖြစ် သတ်မှတ်ဖို့ မသင့်ပါဘူး။ ခုခံတော်လှန်မှုရဲ့ ကာလအပိုင်း အခြားကိုပြောရရင် ရက်ပိုင်း ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာ အပြည့်အ၀ အောင်မြင်ဖို့ မလွယ်ဘူး ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်၊ ဒါပေမဲ့ ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်ကို ခါးခါး သီးသီးနဲ့ လုံးဝလက်မခံတော့သလို ပြည်သူတစ်ရပ်လုံးကလည်း နည်းလမ်းပေါင်းစုံနဲ့ ညီညီညွတ်ညွတ် ခုခံတော်လှန်နေတာဖြစ်တဲ့အတွက် စစ်အာဏာရှင် သက်ဆိုးရှည်တော့မှာ မဟုတ်တာလည်း အသေ အချာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပိုမိုအားကောင်းလာလေလေ တိုက်ပွဲကို အောင်ပွဲနဲ့ အဆုံးသတ်ဖို့ ပိုမိုနီးကပ်လာလေလေဆိုတာ အမှန် ပဲဖြစ်ပါတယ်ခင်ဗျာ"

နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ကတော့ တစ်ဖက်နဲ့ တစ်ဖက် အပြုတ်တိုက်ရေးလမ်းစဉ်ဟာ နှစ်ဖက်စလုံးအတွက် အောင်မြင်ဖို့ အခွင့်အလမ်းနည်းတယ်လို့ သုံးသပ်ပါတယ်။

“ကျွန်တော် ခန့်မှန်းကြည့်တာကတော့ ဘယ်သူ့မှ မနိုင်ဘဲနဲ့ တပ်မတော်နဲ့ EAO တွေကြား ဘယ်သူ့ဘယ်သူမှ အပြုတ်မဖြတ်နိုင်ဘဲနဲ့ ဒါကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှရတော့မယ်ဆိုတာကို သဘောပေါက်လာသလိုမျိုး PDF၊ CRPH နဲ့ တပ်မတော်အကြားမှာ အဲသလို ဖြစ်လာဖို့ အခြေအနေ ပိုများတယ်”

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုင်းပြည်ကျဆုံးနိုင်ငံ ဖြစ်နိုင်ခြေ ရှိ၊ မရှိကို ကြိုတင်အကဲအဖြတ်ဖို့ စောနေသေးတယ်လို့ သူက ပြောပါတယ်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ဟာ အာဏာသိမ်းထားတာ မဟုတ်ဘဲ အာဏာကို ထိန်းထားတာသာဖြစ်ပြီး ရွေးကောက်ပွဲပြန်လုပ်ပြီးရင် အာဏာကိုပြန်လွှဲပေးမှာဖြစ်ကြောင်း မကြာခဏ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက နိုင်ငံရေးအဝေမတည့်မှုတွေကနေ ဗကပ၊ KNU တို့လို အဖွဲ့တွေနဲ့ ဗဟိုအစိုးရအကြား စစ်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပြည်တွင်းစစ်ဟာ ၇၃ နှစ်အထိကြာလာပြီး ကမ္ဘာ့ပြည်တွင်းစစ်အရှည် ကြာဆုံးတိုင်းပြည်အဖြစ် မှတ်တမ်းဝင်နေပါတယ်။

pdf-kayah.jpg
(စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်နေတဲ့ ကယားပြည်နယ်က PDF တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ် - Photo: Loikaw PDF)

ဒီ ၇၃ နှစ်ကာလအတွင်း စစ်တပ်ဟာ တိုင်းပြည်ကို သုံးကြိမ်တိုင်တိုင် အာဏာသိမ်းခဲ့ပြီး နှစ် ၅၀ ဝန်းကျင် အုပ်ချုပ်ခဲ့တာပါ။

ပထမအကြိမ် စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ လက်နက်ကိုင်ပုန်ကန်မှုတွေ ပိုပြီးများ လာပါတယ်။ ၁၉၈၈ ခုနှစ် ဒုတိယအကြိမ် စစ်တပ်အာသိမ်းချိန်မှာလည်း ကျောင်းသားတွေ တောခိုပြီး လက်နက်ကိုင် ပုံကန်ခဲ့သလို ကိုးကန့်၊ ဝ၊ မိုင်းလား၊ တအာင်း၊ ရက္ခိုင့်တပ်တော်တို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက် စစ်တပ်က တတိယအကြိမ် အာဏာသိမ်းလိုက်ချိန်မှာတော့ နိုင်ငံအနှံ့က မြို့တွေအသီးသီးမှာ ပြောက်ကျားတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြန်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ တာဝန်ရှိသူတစ်ဦးက သူတို့ ပြုစုထားတဲ့ သုတေသန အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ လက်နက်စွဲကိုင် တော်လှန်ဖို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပေါင်း ၃၄၄ ဖွဲ့ရှိတယ်လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။