မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မယ့် စင်တာ ထိုင်းမှာ ဖွင့်လှစ်မည်


2018.12.05
myanmar-workers-in-thai-622.jpg ထိုင်းနိုင်ငံ မဟာချိုင်က ငါး၊ ပုဇွန်ထုတ်လုပ်တဲ့ အလုပ်ရုံတစ်ခုမှာ မြန်မာအလုပ်သမားတချို့ကို ၂ဝ၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: NICOLAS ASFOURI / AFP

မြန်မာ-ထိုင်းအစိုးရတို့ ပူးပေါင်းပြီး ထိုင်းရောက် မြန်မာအလုပ်သမားတွေ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်အောင် အချက်လက်စုဆောင်းစင်တာ ဖွင့်လှစ်ပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်း က တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မယ့် စင်တာ ထိုင်းမှာ ဖွင့်လှစ်မည်

(ဇာဏီထွဏ်း)

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံ မဟာချိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအတွက် သတင်းအချက်လက်စုဆောင်းစင်တာ တည်ထောင်ပြီး အလုပ်သမားတွေ ထိုင်းနိုင်ငံတွင်းမှာပဲ ပတ်စပို့လုပ်ဖို့ ကူညီသွားမယ်လို့ မြန်မာသံရုံးကနေ သိရပါတယ်။

အဲဒီစင်တာတည်ထောင်ဖို့ သဘောတူညီချက်ကို ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ကျင်းပခဲ့တဲ့ နိုင်ငံခြားအလုပ်သမားနဲ့ လူမှောင်ခိုပြဿနာ ဖြေရှင်းရေးဆိုင်ရာကော်မတီ အစည်းအဝေးအပြီးမှာ သဘောတူညီခဲ့တာဖြစ်ပါတယ်။

အဲဒီဌာနအနေနဲ့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ ရောက်ရှိလာသူတွေ နိုင်ငံကူးလက်မှတ်လျှောက် ထားလိုသူတွေကိုလည်း ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို့လည်း မြန်မာသံရုံးအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

"ကျနော်တို့ ထုတ်ပေးထားတဲ့ ယာယီပတ်စ်စပို့တွေကို ပတ်စ်စပို့ ပြန်လဲတဲ့အချိန်ကျရင် အဲဒီနေရာမှာ လျှောက်လွှာတွေ ဖြည့်ရမယ်။ နောက်တခုက MOU နဲ့ လာခဲ့တဲ့လူတွေက တချို့တွေ လေးနှစ်ပြည့်သွားပြီ။ ပတ်စ်စပို့က ပြန်လျှောက်ရတယ်။ ပတ်စ်စပို့အတွက်က တခေါက်၊ စာချုပ်ချုပ်တာကတခေါက် ပေါင်း ၃ခေါက် သွားနေရတော့ အဲဒါတွေကို သက်သာအောင်ဆိုပြီးလုပ်တာ။ သွားတဲ့လာတဲ့စရိတ်စကတွေ အချိန်တွေ အလုပ်ကနေ ခွင့်ယူရတာ သက်သာအောင် အဲဒီနေရာမှာ လုပ်ပေးတာ"

လိုအပ်တဲ့ အထောက်အထားတွေ တင်ပြပြီးတာနဲ့ မြန်မာသံရုံးကပဲဖြစ်ဖြစ်၊ မြန်မာနဲ့ နယ်စပ်ပြည်နယ်တွေက ပတ်စပို့ဌာနတွေမှာဖြစ်ဖြစ် နိုင်ငံကူးလက်မှတ် လျှောက်ထားရယူနိုင်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် ပတ်စပို့လုပ်ဖို့ နေရာပိုများသွားတဲ့အတွက် အလုပ်သမားတွေအတွက် ပိုပြီးသက်သာသွားနိုင်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦး က ပြောပါတယ်။

"ဒီနိုင်ငံသားစိစစ်ရေးကတ်ပြား အထောက်အထားနဲ့နေတဲ့လူတွေက ပတ်စပို့စာအုပ်လုပ်ရမယ်၊ လုပ်ဖို့အတွက် အဲဒီစင်တာကနေ အတည်ပြုချက်ယူပြီး အဲဒီစင်တာမှာပဲဖြစ်ဖြစ် အရင်ကလို သံရုံးမှာပဲ ထုတ်ရတာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ နယ်စပ်ပတ်စပို့ ထုတ်ပေးရေးစခန်းရယ် သံရုံးရယ် မဟာချိုင်မှာရှိတဲ့ အဲဒီစင်တာရယ်မှာ ထုတ်လို့ရတာပေါ့။ နေရာပိုများသွားတာပေါ့။ အထူးသဖြင့် လူအများကြီးနဲ့ကျတော့ ဝန်ဆောင်မှုပေးတဲ့အခါမှာ နည်းနည်းအခက်အခဲရှိတာပေါ့။ စင်တာမှာကျတော့ ဝန်ထမ်းအများကြီးနဲ့ ဝန်ဆောင်မှုပေးလိုက်မယ်ဆိုရင် သက်သာအဆင်ပြေပြီး အလုပ်သမားတွေအတွက် လွယ်ကူသွားတာပေါ့"


အဲဒီစင်တာကို ဒီလအတွင်း စတင်အကောင်ထည်ဖော်ဖို့ ကြိုးစားနေတယ်လို့လည်း ဦးစန်းမောင်ဦး က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ၂၀၁၈ ခုနှစ် ဇွန်လအထိ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၁၂ သိန်းလောက်ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်တွေကို ထုတ်ပေးပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ နေထိုင်ခွင့်ဗီဇာတွေကို တခါတည်းရယူနိုင်ဖို့ One Stop Service Center တွေဖွင့်ပြီး ဆောင်ရွက်ခဲ့ပေးတာတွေ ရှိပါတယ်။

အဲဒီ One Stop Service Centre တွေမှာ ပွဲစားတွေပေါ်လာတာကြောင့် အခုတည်ထောင်မယ့် စင်တာမှာလည်း ပွဲစားတွေ မရောက်လာအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ရောင်ခြည်ဦးအဖွဲ့က ကိုမိုးကျော် က ပြောပါတယ်။

"အလားတူ ရှေ့မှာလုပ်ခဲ့တဲ့ စင်တာတွေတုန်းကရော တကယ်အောင်မြင်လားဆိုတာ သုံးသပ်ဖို့လိုတယ်။ အဲဒီလုပ်ငန်းစဉ်တွေတုန်းက အလုပ်သမားတွေတော်တော်များများ လက်လှမ်းမမီဘူး၊ ပွဲစားတွေရဲ့ အကျိုးဆောင်ခတွေ အများကြီးယူပြီး လုပ်တဲ့နေရာဒေသတွေ ဖြစ်သွားတယ်၊ အဆင့်တွေအရမ်းများပြီး ရှုပ်ထွေးတော့ အလုပ်သမားတွေကိုယ်တိုင်က ပွဲစားတွေလက်ထဲ ထိုးပေးရတယ်။ အဲတော့နှစ်နိုင်ငံ အစိုးရသတ်မှတ်ထားတဲ့ ကုန်ကျစရိတ်တွေထက် ပိုကုန်ကျသွားတယ်။"


အဲဒီလို ပွဲစားတွေ ရောက်မလာအောင် စီစဉ်ထားတာတွေရှိပြီး ထိုင်းနိုင်ငံက သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီစင်တာမှာ အလုပ်သမားတွေအတွက် ပညာပေးကြော်ငြာစာတွေအပြင် အလုပ်သမားလိုအပ်တဲ့ ထိုင်းအလုပ်ရှင်တွေရဲ့ အလုပ်ခေါ်စာတွေ၊ အလုပ်ကိုင် အခွင့်အလမ်းတွေကိုပါ ကပ်ထားပေးမှာဖြစ်တယ်လို့ သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။