မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ခံရမဲ့အရေး စိုးရိမ်

RFA Burmese
2024.05.17
မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ခံရမဲ့အရေး စိုးရိမ် ၂ဝ၂၄ ခုနှစ် မေလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်မှ မြန်မာစစ်ဘေးဒုက္ခသည်များအား ပြန်လည်ပို့ဆောင်နေစဉ်။
N. Biren Singn/Twitter

မြန်မာဒုက္ခသည်တွေကို ပြန်ပို့မယ်လို့ မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ် ထုတ်ပြောပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ရွာတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တွေက နှင်ထုတ်နေတယ်လို့ မြန်မာဒုက္ခသည်တွေက ပြောပါတယ်။

"ရွာက မီးလောင်ကုန်ပြီလေ၊ ပြန်မယ့်အိမ်ကတော့ မရှိဘူး"

ဒါကြောင့် နယ်စပ်ကျေးရွာတွေမှာ နေထိုင်ခွင့်မရတဲ့ အိမ်ခြေ ၃၀ ခန့် ရှိနေပြီး နယ်စပ်မှတ်တိုင် ၇၄ အနီးက တောတောင်ထဲမှာ နေထိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

"ထွက်ကိုထွက်ခိုင်းတာ နင်တို့အိမ်တွေဖြိုပြီးတော့ ဒီမှာ မနေနဲ့တော့။ အခု မျောက်ငိုခြံ ၇၄ မှာ နေတယ်။ ကျွန်မတို့က အိမ်မရှိတော့ဘူးလေ။ ထန်းတပင်ရွာကပါ။ ရွာက မီးလောင်ကုန်ပြီလေ၊ ပြန်မယ့်အိမ်ကတော့ မရှိဘူး"

မဏိပူရ်ပြည်နယ်မှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၅,၄၅၇ ဦးရှိပြီး အဲဒီအထဲမှာ ၅,၁၇၃ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို မဏိပူရ်အစိုးရက ကောက်ယူထားပြီးဖြစ်တယ်လို့ မဏိပူရ်၀န်ကြီးချုပ်က ပြောထားပါတယ်။

အဲဒီလို ရွှေ့ပြောင်းအလုပ်လုပ်ရင်း လူ၀င်မှုကြီးကြပ်ရေးဥပ‌ဒေနဲ့ မြန်မာ ၇၇ ဦးကို အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ကလေးငယ်တွေနဲ့ အမျိုးသမီး ၃၈ ဦးဟာ မေလ ၂ရက်နေ့မှာ စစ်ကောင်စီဆီ လွှဲပြောင်းခဲ့ပါတယ်။ အကျဉ်းထောင်ထဲ ကျန်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၉ ဦးကိုတော့ မဏိပူရ်အစိုးရက အခုထိ ပြန်မလွှတ်သေးပါဘူး။

အလားတူ လူ၀င်မှုကြီးကြပ်ရေးဥပ‌ဒေနဲ့ နယ်စပ်မှာ အဖမ်းခံခဲ့ရတဲ့ မြန်မာဒုက္ခသည် ၆၃ ဦးဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အကူအညီ‌ပေးနေ‌သူ‌တွေက ပြောပါတယ်။

မြန်မာပြည်ပြန်ပို့ခံရမဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ဒုက္ခသည်အရေး ကူညီနေသူတွေက စိုးရိမ်နေကြပါတယ်။ မဏိပူရ်ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုအရ မကူညီတဲ့အပြင် စစ်ကောင်စီလက်ထဲ ပြန်ပို့ဖို့ စီစဉ်တဲ့အပေါ် ကန့်ကွက်တယ်လို့ ဗမာပြည် ဒုက္ခသည်များဆိုင်ရာကော်မတီ ကဘော်ချိုင့်၀ှမ်းဒေသ အဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

"နယ်စပ်မှာ ဖမ်းတာဖြစ်တဲ့အတွက် ဖမ်းတဲ့နေရာ နယ်စပ်မှာပဲ ပြန်ပို့စေချင်တယ်။ ဒါက လုပ်ထုံးလုပ်နည်းပါ၊ ဘာကြောင့်လဲဆိုရင် အသက်အန္တရာယ် ကြောက်လို့မို့လို့ စကစနဲ့ တိုက်ပွဲဖြစ်တဲ့အချိနိမှာ အသက်မသေအောင် နယ်စပ်ကို ကူးလာတယ်။ ကူးလာတဲ့လူကိုဖမ်းတယ်၊ ဖမ်းပြီးတော့မှ စကစလက်ထဲကို ပြန်အပ်တယ်ဆိုရင် မင်းတို့သေရင်လည်း သေပါစေတော့ဆိုတဲ့ လုပ်ငန်းစဉ်ပုံစံမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒါကိုတော့ လက်မခံဘူး"

လက်ရှိ မဏိပူရ်အစိုးရ ကောက်ယူထားတဲ့ ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို မြန်မာစစ်ကောင်စီဆီ လွှဲပေးခဲ့ရင် မြန်မာဒုက္ခသည်တွေအတွက် မလုံခြုံနိုင်ဘူးလို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

"Biometric သူတို့ ကောက်ယူတဲ့အချိန်မှာ မြန်မာနိုင်ငံက သူ့တို့ရဲ့ Background တွေကို ကောက်ထားတာ ဖြစ်တဲ့အတွက် ဒီပြန်ပို့တဲ့အခါ ဒီ Biometric ပါ အချက်အလက်တွေကို တွဲပို့တဲ့ဟာမျိုးလား လုံခြုံရေး ဘယ်လောက်ထိ အာမခံချက်ပေးထားသလဲ မပေးထားဘဲနဲ့ ပြန်ပို့မဲ့ဟာမျိုးဆိုရင် တော်တော်လေးပြန်ပို့ခံရမဲ့ ပြည်သူတွေ ဒုက္ခရောက်မှာကို အင်မတန်စိုးရိမ်နေကြပါတယ်"

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။   (N.Biren Singh/Twitter)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (N.Biren Singh/Twitter)

မြန်မာပြည်အ‌ခြေအနေတည်ငြိမ်မှ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့‌မယ်လို့ အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးက‌ ပြောထားတာကြောင့် မဏိပူရ်၀န်ကြီးချုပ် ပြောဆိုချက်နဲ့ ကွဲလွဲနေတဲ့အပေါ် မေးခွန်းထုတ်သွားမယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။

ဒီကိစ္စ‌တွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ကို မေလ ၁၄ ရက်နေ့မှာ RFA က အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ ဒီနေ့အထိ တုံ့ပြန်ချက် မရသေးပါဘူး။

နိုင်ငံတကာဥပဒေပညာရှင်များ ကော်မရှင် (ICJ) က အခုလို အဓမ္မနေရပ်ပြန်ပို့နေတာတွေ ချက်ချင်းရပ်ဖို့နဲ့ နောက်ထပ်ပြန်ပို့မဲ့ အစီအစဉ်တွေကို ဖျက်သိမ်းဖို့ မဏိပူရ်အစိုးရကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ် နယ်စပ်မှာ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ငါးထောင်ဝန်းကျင်ခန့်ရှိနေပြီး မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာ စစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်သောင်းကျော်ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အကူအညီပေးနေတဲ့သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။