လက်ပံတောင်းကြေးနီစီမံကိန်းအနီး လူကိုးဦးထက်မနည်း အသတ်ခံထားရ

2022.06.29
လက်ပံတောင်းကြေးနီစီမံကိန်းအနီး လူကိုးဦးထက်မနည်း အသတ်ခံထားရ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် မိုးကြိုးပြင်(မြောက်) ရွာသားနှစ်ဦးကို ဒေသကာကွယ်ရေးအဖွဲ့မှ မီးသင်္ဂြိုဟ်ပေးနေစဉ်
Photo: Citizen Journalist

တရုတ်အစိုးရနဲ့ စစ်တပ် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်က ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုကြောင့် မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၂၆ ရက် အထိ တစ်လအတွင်း ဒေသခံကိုးဦးထက်မနည်း အသတ်ခံခဲ့ရသလို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတချို့လည်းရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းသုံးကြောင်း ခွဲထွက်ပြီး စီမံကိန်းဘေး ပတ်လည်က ရွာတွေကို နေ့စဉ်ရက်ဆက်ဆိုသလို စစ်ကြောင်း ထိုးဝင်ရောက်စီးနင်းနေတာလို့ ဆိုပါတယ်။

ဝင်ရောက်စီးနင်းခံရတဲ့ ရွာတွေထဲက လင်းစာကျက်၊ ဝါးတန်း၊ မိုးကြိုးပြင် (မြောက်ရွာ) နဲ့ တုံရွာတွေက နေအိမ်တွေ မီးရှို့ခံရတယ်လို့လည်း ဆိုပါတယ်။

ဇွန်လ ၁၅ ရက် နေ့ကနေ ဇွန်လ ၂၅ ရက်ထိ အချိန်နှစ်ပတ်နီးပါးအတွင်း ဂုဏ်တော၊ မိုးကြိုးပြင် (မြောက်ရွာ)၊ တုံရွာနဲ့ ဖောင်းကတာ ရွာတွေက ဒေသခံ ခုနစ်ဦးသတ်ဖြတ်ခံရပြီး သုံးဦးထက်မနည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း ဆားလင်းကြီး ရွာသာရွာက ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က စစ်ကြောင်း ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီးနောက် အသတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။

ဇွန်လ ၂၁ ရက်နေ့ မိုးကြိုးပြင် (မြောက်ရွာ) ကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်ဝင်ရောက် စီးနင်းခံရစဉ်မှာတော့ ရွာထဲမှာ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အသက် ၄၆ နှစ်နဲ့ ၄၇ နှစ် အရွယ် ဦးတင်စိုးနဲ့ ဦးဝကြီးတို့ သတ်ဖြတ်ခံရပြီး ရွာကိုလည်း မီးရှို့ခံခဲ့ရ တယ်လို့ မိုးကြိုးပြင်ရွာခံတစ်ဦးက ပြောပါတယ်။

“မနက် ၈ နာရီလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အသံဖောက်ပြီး ရွာထဲကို ဝင်လာတာ။ ရွာထဲကလူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကုန်ကြတာ။ ၂၁ ရက်နေ့ မနက်ခင်းကို စဝင်တယ်။ ၂၁ ရက်နေ့ ညနေမီးရှို့တယ်။ ထွက်တာကျတော့ သူတို့နောက်ရက် လူသတ်ပြီးထွက်သွားတာပဲ။ ရုတ်တရက်ဝင်လာတော့ မပြေးနိုင် တာတွေရော ပြီးတော့ ပိတ်မိနေတာတွေရောပေါ့။ အိမ်ထဲပုန်းနေတဲ့ လူတွေရော၊ ပုန်းပြီးကျန်နေခဲ့တာတွေ။ လူသတ်၊ မီးရှို့မှတော့ စိုးရိမ်တာပေါ့။ အနားဘယ်ကပ်ရဲမလဲ။ အိမ်ပစ်ထားပြီးတော့ ရှောင်ရတာပေါ့”

ရွာထဲကို ဝင်ရောက်စီးနင်းစဉ်မှာ ရွာခံ လူ ၂၀ လောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းပြန်အထွက်မှာ အဲဒီအထဲက သတ်ဖြတ်ခံထားရတဲ့ လူနှစ်ဦးရဲ့ ရုပ်အလောင်း တွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဆားဒုံးကြီးရွာသား အသက် ၃၀ အရွယ် ကိုစိုင်းမြတ်စိုးရဲ့ ရုပ်အလောင်းကိုလည်း ဇွန်လ ၂၆ ရက်နေ့က ဖောင်းကတာရွာနားမှာ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လ ၂၈ ရက်နေ့ မနေ့ကထိ နတ်ကျွန်းနဲ့ ထန်းတောကြီးရွာတွေ ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထပ်ပြီးထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

မိသားစုတကွဲတပြားနဲ့ အကြိမ်ကြိမ်ထွက်ပြေးနေရပြီး ရွာကို ပြန်မကပ်နိုင်သေးတာကြောင့် ရွာက အိမ်မီးရှို့ဖျက်ဆီးခံရမှာကို စိတ်ပူနေရတယ်လို့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဒုတိယအကြိမ် ထွက်ပြေးလာရတဲ့ လက်ပံတောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခုဒီနေ့ အေးဆေးလောက်ပြီဆိုပြီး ရွာကိုပြန်တော့၊ ရွာရောက်ကာ ရှိသေးတယ်။ စစ်တပ်က အကုန်လုံး တောနင်းပြီး အကုန်ဝင်လာတယ်။ ရေကြောင်းရော၊ မြေပြင် ရောဖြန့်ပြီး ဝင်လာတယ်ဆိုတော့ အန်တီတို့လည်း ရွာကိုရောက်ရုံတင်ရောက်ခဲ့ပြီးတော့ ပြန်လာခဲ့ရတာ။ စိုးရိမ်ပူပန်မှုကတော့ မိသားစု ဆွေမျိုးသားချင်းတွေနဲ့ ပြေးရလွှားရတဲ့ အခါကျတော့လည်း တကွဲတပြားစီ။ ကိုယ့်မိသားစု စုံစုံလင်လင်မှ ပြန်တွေ့ရပါ့မလား၊ ပြန်သွားရင် ကိုယ့်အိမ်ရာလေးကို ပြန်ဝင်လို့မှ ရပါ့မလား မီးတွေကလည်း ရှို့နေတာ ဆိုတော့ အဲလိုစိတ်ပူပန်မှုတွေတော့ ရှိတာပေါ့”

ရွာတွေကိုမီးရှို့ခံရတာ၊ ဒေသခံတွေ သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကျေးရွာတွေထဲကို စစ်ကြောင်းတွေ ဝင်ရောက်တာမရှိကြောင်းနဲ့ အရပ်သားတွေ ထိခိုက် အောင် ဘယ်လိုနည်းနဲ့မှလုပ်မှာ မဟုတ်သလို နေအိမ်တွေ မီးရှို့တယ်ဆိုတဲ့ပြောဆိုချက် တွေဟာလည်း မဟုတ်မမှန် စွပ်စွဲချက်တွေသာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အရင်က တုံ့ပြန်ထားဖူးပါတယ်။

ရွာတွေကို ဝင်ရောက်စီးနင်းတဲ့အခါ စစ်ကောင်စီတပ်က ဒေသခံရွာသားတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးထားတာ၊ စစ်ကြောင်းထိုးရာလမ်းကြောင်းတွေမှာ အရပ်သားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာတွေရှိတာကြောင့် အရပ်သားတွေ ထိခိုက်မှာစိုးတဲ့အတွက် စစ်ကောင်စီ တပ်ကို ကြားဖြတ်တိုက်ခိုက်တာတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဒါပေမဲ့ ကြေးနီစီမံကိန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ် ခတ်တာ၊ ဝမ်ပေါင်ကုမ္ပဏီကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ် အားလိုင်းတစ်ခုကို ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"အိမ်ထဲပုန်းနေတဲ့ လူတွေရော၊ ပုန်းပြီးကျန်နေခဲ့တာတွေ။ လူသတ်၊ မီးရှို့မှတော့ စိုးရိမ်တာပေါ့"

ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာဝင်းထဲကို လက်နက်ကိုင် တပ်ဖွဲ့က တိုက်ခိုက် ခဲ့တာနဲ့ ပတ်သက်ပြီး ကုမ္ပဏီဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အလေးမထားသလို စီမံကိန်းဧရိယာ အဆောက်အအုံတချို့ ပျက်စီးဆုံးရှုံးခဲ့လို့ ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက ဇွန်လ ၂၈ ရက်မနေ့က ထုတ်ပြန် ပါတယ်။

ဝမ်ပေါင်အနေနဲ့ လက်ရှိ ပြည်တွင်းပဋိပက္ခဖြစ်စဉ်တွေမှာ ပါဝင်လိုခြင်းမရှိကြောင်းနဲ့ ရွာတွေ ထိခိုက်ဆုံးရှုံးမှု မရှိဘဲ ဝန်ထမ်းတွေ အသက်အန္တရာယ်ကင်းရှင်းခွင့်၊ အသက်မွေး ဝမ်းကျောင်းပြုခွင့်နဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့် ကို လေးစားပေးဖို့တောင်းဆိုကြောင်းလည်း ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဝမ်ပေါင်ကုမ္ပဏီကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အဲဒီကုမ္ပဏီဝန်းထဲမှာ တပ်စွဲထားတဲ့ ကင်းနေရာတွေရှိတဲ့ စစ်ရေးပစ်မှတ်တွေသာ တိုက်ခိုက်တာလို့ Salingyi Revolution Army (SRA) က PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့က တကယ်တမ်းတော့ ဝမ်ပေါင်ကို တိုက်တာမဟုတ်ဘူး။ ဝမ်ပေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းတွေကို တိုက်ခိုက်တာပါ။ သူတို့က အဲဒါကို သူတို့ ပစ္စည်းတွေတော့ အနည်းအကျဉ်းတော့ ဆုံးရှုံးမှုရှိမှာပေါ့ဗျာ။ ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရက ညွှန်ကြားထားတာကလည်း လက်ရှိ အခု ဝမ်ပေါင်ကို တိုက်ခိုက် ရမယ်လို့ ကျနော်တို့ကိုယ်တိုင်ကလည်း ဝမ်ပေါင်ကို ဦးတည်ပြီးတိုက်မယ်လို့တော့ မရှိပါဘူး။ ဒေသခံကာကွယ်ရေးအဖွဲ့တွေကလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်နေတာပါ”

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက်ဖျက်ဆီးသွားမှာမို့ အဲဒီစီမံကိန်းက ဝန်ထမ်းတွေ မေလ ၅ ရက် နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ ဒေသခံ PDF ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က RFA က မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေ ကို ဥပဒေအရရော၊ မြေပြင်အခြေနေအရရော ကာကွယ်ပေးဖို့ အစိုးရအဆက်ဆက်မှာ တာဝန်ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ထွက်ပြေးနေရသည့် လက်ပံတောင်းတောင် ဒေသခံများကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ တွေ့ရစဥ် (Photo: CJ)
ထွက်ပြေးနေရသည့် လက်ပံတောင်းတောင် ဒေသခံများကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ တွေ့ရစဥ် (Photo: CJ)

အခုစစ်ကောင်စီတပ်က အင်အားသုံးနယ်မြေရှင်းလင်းမှုတွေဟာ တရုတ်ရဲ့ စီမံကိန်းတွေကို အကာအကွယ်ပေး တဲ့ သဘောနဲ့လုပ်ဆောင်နေတာလို့ ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးက RFA ကို ပြောပါတယ်။

“ဒါကတော့ ရှင်းပါတယ်။ ဒီစီမံကိန်းတွေ၊ တရုတ်စီမံကိန်းကို ကာကွယ်ပေးချင်လို့ ဒါသက်သက် သူတို့ စစ်ကြောင်းတစ်ကြောင်းကနေ နှစ်ကြောင်း လက်ပံတောင်းတောင် ပတ်ချာလည်တွေမှာ ဝင်ရောက်မွှေနှောက် အကြမ်းဖက်တာတွေ ပြုလုပ်နေတာပဲ။ ဒါသေချာပေါက်ကို တရုတ်အတွက် စစ်ကောင်စီက ကာကွယ်ပေးနေတာလို့ တထစ်ချ ယုံကြည်လို့ရတယ်”

စီမံကိန်းလည်ပတ်ပြီး ရရှိလာမယ့်အကျိုးအမြတ်တွေဟာ စစ်ကောင်စီနဲ့ တရုတ်ဆီကို ရောက်သွားမှာဖြစ်ပြီး စစ်ကောင်စီဆီကိုရောက်သွားတဲ့ အကျိုးအမြတ်ငွေကြေးတွေဟာ ပြည်သူလူထုကို ပြန်လည်ဖိနှိပ်တဲ့နေရာမှာ အသုံးပြုမှာဖြစ်တာကြောင့် လက်ရှိကာလမှာ စီမံကိန်းကို မလည်ပတ်စေချင်သေးတာလို့လည်း သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းထိုးတာတွေကြောင့် ကြေးနီစီမံကိန်းအနီးတစ်ဝိုက်က ရွာတွေ အပြင် ထန်းတော၊ ရွှေလှေ၊ ကံတော၊ ဝက်မှေး၊ ဇီးတော၊ ဆည်တဲ၊ တုံ၊ တောကျောင်း၊ အလယ်ရွာ၊ ရွာသစ်၊ ဖောင်းကတာ၊ မကျည်းတန်း၊ ကျောက်ဖြူတိုင်၊ ထန်းပု၊ ထန်းဇင် အစရှိတဲ့ ရွာပေါင်း ၂၅ ရွာလောက်က ဒေသခံ နှစ်သောင်းလောက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီထုတ်လုပ်ရေးစီမံကိန်း နှစ်ခုရှိပြီး လက်ပံတောင်းတောင် စီမံကိန်းနဲ့ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွေဖြစ်ပါတယ်။

လက်ပံတောင်းတောင်စီမံကိန်းမှာ စစ်ကောင်စီရဲ့ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ မြန်မာ ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း နဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှာတော့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်ရဲ့ ကုမ္ပဏီခွဲ မြန်မာ ယန်စီက ၄၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။