တရုတ်မှာ ဆေးရုံတင်ခံရတဲ့ မြန်မာတစ်ဦးပျောက်နေ
2020.03.02

တရုတ်နိုင်ငံ၊ စန်းတုံး၊ ဝေ့ဟိုင်မြို့၊ ပေ့ရွမ်ကုမ္ပဏီရဲ့ ပင်လယ်စာထုတ်လုပ်တဲ့စက်ရုံမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက အလုပ်သမားတစ်ဦး ချောင်းဆိုးဖျားနာနေတဲ့အတွက် အလုပ်ရှင်က ဆေးရုံပို့လိုက်ပြီးတဲ့နောက် ပျောက်ဆုံးသွားခဲ့ပါတယ်။
ပျောက်ဆုံးနေသူဟာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ် ရွာသာကုန်းကျေးရွာက မောင်သန်းအောင် ဖြစ်ပါတယ်။ သူဟာ ချောင်ဆိုးပြီး ဖျားနာလာလို့ အလုပ်ရှင်က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဆေးရုံပို့လိုက်တာပါ။ ဒါပေမဲ့ အခုထိ ပြန်ရောက်မလာသေးတဲ့အတွက် အလုပ်ရှင်ကို မေးမြန်းတဲ့အခါ မြန်မာ နိုင်ငံကို ပြန်ပို့လိုက်ပြီလို့ ပြောဆိုကြောင်း၊ ဒါကြောင့် သူရဲ့မူလဇာတိဖြစ်တဲ့ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နယ်၊ ရွှေပန်းတောတိုက်နယ် ရွာသာကုန်းကျေးရွာက မိသားစုတွေထံ ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း အခုထိ မြန်မာနိုင်ငံကို ပြန်မရောက်သေးဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပေ့ရွမ်ကုမ္ပဏီရဲ့ ပင်လယ်စာထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးမင်းအောင်က အခုလို ပြောပါတယ်။
“ဒီစက်ရုံမှာ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမား ၁၈၀ ကျော်လောက်ရှိတယ်၊မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်က အများဆုံးဖြစ်ပါတယ်။ မောင်သန်းအောင်ဆိုတဲ့ အလုပ်သမားဟာ နှစ်လပိုင်း ခြောက်ရက် နေ့က ချောင်းတအားဆိုးပြီး၊ အပြင်းဖျားလို့ ဝေ့ဟိုင်မြို့ ဆေးရုံကို ပို့လိုက်ပါတယ်၊ နှစ်လပိုင်း ၂၆ ရက်နေ့မှာ လူနာက ဆေးရုံမှာမရှိတော့ပါဘူး၊ မရှိတော့တဲ့အတွက် သူဌေးကို မေးမြန်းကြည့်ရာမှာ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပြီလို့ ပြောပါတယ်၊ မြန်မာနိုင်ငံက သူ့မိသားစုဆီ ဆက်သွယ်မေးမြန်းကြည့်တော့လည်း ပြန်ရောက်မလာသေးဘူးလို့ ပြောပါတယ်၊ သူ့အနေနဲ့ ဘာမှတိကျတဲ့ ဖြေရှင်းချက်မပေးနိုင်တဲ့အတွက် ကျနော်တို့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ပဋိပက္ခဖြစ်ကြပါတယ်၊ နှစ်ရက်တိတိအလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်“
အဲဒီစက်ရုံမှာ တရားမဝင်အလုပ်သမား ၁၈၀ ကျော်ရှိပါတယ်။ အလုပ်သမားတွေ မြန်မာနိုင်ငံ ပြန်နိုင်ရေးအတွက် ကူညီဖို့ တရုတ်နိုင်ငံ ဘေကျင်းမြို့ မြန်မာနိုင်ငံ သံရုံးကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ပေကျင်းမြို့ မြန်မာသံရုံးကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။