ထိုင်းရောက် မြန်မာအလုပ်သမားတွေ စာရွက်စာတမ်း အတု၊ အစစ်ကို စစ်ဆေးဖို့ သတိပေး


2019.02.20
thai-passport-622.JPG ဖမ်းဆီးရမိတဲ့ ထိုင်းတံဆိပ်တုံးအတုတွေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်၊ စာရွက်စာတမ်းအတုတွေကို တွေ့ရစဉ်
Photo: Social Action for Children and Women - SAW
ထိုင်းတံဆိပ်တုံးအတုတွေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်၊ စာရွက်စာတမ်းအတု လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ထိုင်းနိုင်ငံမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒါနဲ့ဆက်စပ်ပြီး စာရွက်စာတမ်းအတုတွေကို ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရအဖွဲ့က ဖမ်းဆီးမိတယ်ဆိုရင် ထောင်ဒဏ်ချမှတ်နိုင်တာကြောင့် မြန်မာသံရုံးမှာ စာရွက်စာတမ်းတွေ အတု၊ အစစ် လာရောက်စစ်ဆေးကြဖို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးနဲ့ အလုပ်သမားကူညီပေးရေး အဖွဲ့အစည်းတွေက သတိပေးလိုက်ပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
~~~~~~~~~~
ထိုင်းရောက် မြန်မာအလုပ်သမားတွေ စာရွက်စာတမ်း အတု၊ အစစ်ကို စစ်ဆေးဖို့ သတိပေး

(ဇာဏီထွဏ်း)

■ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကူးလက်မှတ်တွေ၊ ထိုင်းနိုင်ငံရဲ့ ဌာနဆိုင်ရာတံဆိပ်တုံးတွေကို အတုလုပ်ပြီး စာရွက်စာတမ်းအတုတွေ ထုတ်ပေးနေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ထိုင်းအစိုးရဘက်က စစ်ဆေးနေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။

မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတချို့ ပူးပေါင်းပြီး စာရွက်စာတမ်းအတုလုပ်တဲ့ လုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းက ထိုင်းအစိုးရအဖွဲ့က ဖမ်းဆီးရမိတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ မှာဆိုရင် CBS World ကုမ္ပဏီကို ဝင်ရောက်စစ်ဆေးတဲ့အခါ နိုင်ငံကူးလက်မှတ်ပေါင်း ၇၀၀ ကျော်၊ ထိုင်းဌာနဆိုင်ရာ တံဆိပ်တုံး ၂၄ ခုကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလူတွေကနေ ထုတ်ပေးထားတဲ့ စာရွက်စာတမ်းအတုတွေဟာ မြန်မာအလုပ်သမားတွေ လက်ထဲမှာ တော်တော်များများ ရှိနေနိုင်တယ်လို့လည်း မြန်မာနိုင်ငံသံရုံးနဲ့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

ဒ့ါကြောင့် မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ်ကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို ပြန်စစ်ဆေးဖို့လိုတယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဦးထူးချစ်က ပြောပါတယ်။

"အခုဖမ်းမိတာကတော့ ဂိုဏ်းက စနစ်ကျပြီးပိုပြီးကြီးတယ်လို့ ခန့်မှန်းလို့ရတယ်ဗျ။ ထိုင်းနဲ့ဗမာတွေ နည်းပညာကောင်းကောင်းနဲ့ လုပ်နေတဲ့သဘောရှိတယ်။ အလုပ်သမားတွေအနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အေးဂျင့်ကို ပြန်စိစစ်၊ ဘယ်မှာလုပ်ခဲ့သလဲပေါ့နော်။ ပြီးရင် မြန်မာသံရုံးမှာရှိတဲ့ အလုပ်သမားသံအရာရှိတွေနဲ့ သွားစိစစ်။ ပြီးရင် ကိုယ်ကိုင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေက တကယ်စစ်ရဲ့လား ပြန်စစ်သင့်တယ်လို့ အကြံပေးချင်တယ်ခင်ဗျ"

ထိုင်းနိုင်ငံရဲ့ အစိုးရဌာနဆိုင်ရာ တံဆိပ်တုံးတွေကို အတုလုပ်ဆောင်တာဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေတာကြောင့် ဥပဒေအရ သေဒဏ်အထိ ချမှတ်နိုင်တယ်လို့လည်း ပြောကြပါတယ်။ စာရွက်စာတမ်း အတုကိုင်ဆောင်ထားတဲ့ သူတွေကိုလည်း အနည်းဆုံး ထောင်ဒဏ် ၆ လကနေစပြီး ပြစ်ဒဏ်ပေးလို့ရတယ်လို့လည်း အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

စာရွက်စာတမ်း အတု၊ အစစ်ကို လာရောက်စစ်ဆေးပြီးတဲ့အခါ စာရွက်စာတမ်းအတုဖြစ်နေရင်တောင် အဖမ်းမခံရအောင် ကူညီပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

"အဲဒီတုန်းကတော့ ပွဲစားနဲ့လုပ်လိုက်တယ်။ အခု တရားဝင်လာပြီးတော့ စစ်ဆေးခွင့်ပြုပါဆိုပြီး စစ်ဆေးမယ်။ တကယ်လို့ အတုဖြစ်ရင်တောင် ဒဏ်ကြေးတွေကအစ မကျခံရဘဲနဲ့ တခြားအလုပ်သမားတွေ လွှဲပေးသလိုပဲ ကင်းလွှတ်ခွင့်နဲ့ လွှဲပေးပါ၊ ဒီလိုလူတွေကြောင့် ဖြစ်သွားတာပါ၊ လွှတ်ပေးပါဆိုပြီး ညှိနှိုင်းတယ်ပေါ့။ စာလည်းထုတ်ပြီးပါပြီ"

လတ်တလောမှာလည်း တရားမဝင် စာရွက်စာတမ်း အတုကိုင်ဆောင်မှုနဲ့ အစစ်ဆေးခံနေရတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ရှိတယ်လို့ မြန်မာသံရုံးကနေ သိရပါတယ်။

ကိုယ်ကိုင်ထားတဲ့ သက်သေခံစာရွက်စာတမ်းတွေက အတုဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်ပြီး ပြန်လုပ်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကို မပြန်ချင်တာကြောင့် လာမစစ်ဆေးတာတွေလည်း ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
တကယ်လို့ အတုအစစ်မှန်းမသိဘဲ ကိုင်ဆောင်ထားပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိတယ်ဆိုရင် ထောင်ဒဏ်အထိ အပြစ်ပေးခံရနိုင်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"အိမ်ပြန်ရမှာကြောက်လို့ ဒါကိုမစစ်ဆေးဘူးဆိုရင် သူတို့ဘဝက စစ်ဆေးရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ပြစ်မှုပြစ်ဒဏ်ကျခံရမှာဖြစ်တယ်။ ပွဲစားနဲ့လုပ်ထားတာဖြစ်တယ်။ စာရွက်စာတမ်းတွေ တု၏၊ စစ်၏ ဆိုတာကို စစ်ဆေးရမယ်။ တကယ်လို့ အတုဆိုရင် ထိုင်းအစိုးရက ဖမ်းဆီးခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ ၂ နိုင်ငံ သဘောတူညီချက်ထဲမှာပါတယ်။ မြန်မာနိုင်ငံကို ပြန်ရမှာကြောက်လို့ ခိုအောင်းရှောင်တိမ်းနေမယ်ဆိုရင်တော့ စစ်ဆေးတွေ့ရှိရင် ပြစ်မှုပြစ်ဒဏ်တွေ ခံရမှာဖြစ်ပါတယ်"

အခုလို စာရွက်စာတမ်း အတုတွေပေါ်လာတာဟာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ကြာမြင့်တာ၊ မလိုလားအပ်တဲ့ စာရွက်စာတမ်းတွေကို တောင်းတာ၊ ထိုင်းဘာသာစကားကို နားမလည်ကြတာ၊ ကြားပွဲစားတွေရဲ့ ပြောစကားကို ယုံလွယ်ကြတာ၊ တရားဝင်စာရွက်စာတမ်းတွေ သက်တမ်းတိုးဖို့အတွက် အလုပ်ကနေ ခွင့်မယူချင်တာတွေကြောင့် ပွဲစားတွေဆီအပ်ရင်း အခုလို ရင်ဆိုင်ကြရတာလို့ အလုပ်သမားကူညီရေး အဖွဲ့အစည်းတွေက ပြောကြပါတယ်။

အခုလို စာရွက်စာတမ်း၊ ရုံးတံဆိပ်တွေ အတုလုပ်တဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဖမ်းဆီးပြီးနောက်ပိုင်း စာရွက်စာတမ်းတွေကို မြန်မာအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ ဌာနတွေမှာ သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းကြပါတယ်။

တဖက်မှာလည်း မြန်မာအလုပ်သမားတွေ တရားဝင် စာရွက်စာတမ်းတွေ လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်အောင် နှစ်ဖက် အစိုးရဌာနတွေအနေနဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်တွေကို လျော့ပေ့ါပေးဖို့ လိုအပ်တယ်လို့လည်း အလုပ်သမားအဖွဲ့အစည်းတွေက ပြောကြပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။