မြဝတီတံတား အမှတ် ၂ မှာ ရှောင်တိမ်းနေတဲ့ ခလရ ၂၇၅ တပ်ဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်

2024.04.19
မြဝတီတံတား အမှတ် ၂ မှာ ရှောင်တိမ်းနေတဲ့ ခလရ ၂၇၅ တပ်ဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်စွဲနေထိုင်သည့် အမှတ် (၂) ချစ်ကြည်ရေးတံတား ကုန်ကားရပ်နားဝင်းအား ထိုင်းနိုင်ငံဘက်အခြမ်းမှ တွေ့မြင်ရစဉ်။
RFA

KNLA မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ကုန်ကားဝင်းမှာ ထွက်ပြေးခိုလှုံနေတဲ့ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီလ ၁၉ ရက်ညပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အမှတ် (၂) တံတားမှာရှိတဲ့ ခန်းမထဲကို ဒရုန်းကျပြီး စစ်ကောင်စီဘက်က သေဆုံးတာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အမှတ် (၂) တံတားက ခန်းမထဲကို အဲ့ဒရုန်းကျတယ်လို့ ပြောတယ် အဲ့ခန်းမထဲမှာ ရှိနေတဲ့ ခြောက်ယောက် ကျတယ်လို့ ကြားတယ်၊ နောက်ဆက်တွဲအကျအဆုံးတော့ မသိရသေးဘူး။ တံတား ၂ ပတ်ဝန်းကျင်က မြို့ခံတွေက နေ့လယ်ကတည်းက စရှောင်နေကြတာ”

ဒီဒရုန်းဗုံးနဲ့ တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က တစ်စုံတရာ ထုတ်ပြန်တာမရှိသေးသလို့ RFA က ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုတာတော့ မရှိသေးပါဘူး။

အမှတ် (၂) တံတားနားမှာရှိတဲ့ ရေပူကျေးရွာက ရပ်မိရပ်ဖတစ်ဦးကလည်း တံတားဝင်းထဲ ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။

"ဒီညတော့ တံတား ၂ ဝင်းထဲကို PDF တွေ ကရင်အဖွဲ့တွေ ဒရုန်းဗုံးတစ်လုံး လာချတယ်၊ အသံကျယ်တယ်၊ ပေါက်ကွဲသံပြင်းမယ်ထင်တယ်၊ စစ်တပ်ကကောင်တွေ အထိအခိုက် ရှိနိုင်တယ်၊ သေနတ်ပြန်ပစ်တာ ကြားရတယ်၊ ဒရုန်းက ၂၇၅ တပ်ရင်းကုန်းဘက်က ပျံလာတာ တွေ့တယ်၊ ပြီးခဲ့တဲ့ ၁၂ ရက်ကလဲ ဒရုန်း ၃ လုံး လာချတယ်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံးပစ်ထည့်တယ်၊ စက်သေနတ်ကားနဲ့ တံတားဝင်းထဲကို လာပစ်တာမျိုး ဖြစ်သေးတယ်"

ည ၁၀ နာရီ ၅၀ မိနစ် အချိန်မှာတော့ စစ်တပ်လေကြောင်းက မြဝတီမြို့ပြင်က KNLA မဟာမိတ်ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားတဲ့နေရာတွေကို လေကြောင်းက ဗုံးဆက်တိုက်ကြဲချ တိုက်ခိုက်နေတဲ့ အသံတွေကို မဲဆောက် မြို့ဘက်ကနေ ကြားနေရတယ်လို့ ဆိုပါတယ်။

ဒီစစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်နယ်ခြားစာင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေက နေ့စဉ်စားရေရိက္ခာ ထောက်ပံ့ပေးပြီး လက်နက်ချဖို့ ညှိနှိုင်းပြောဆိုတာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အခြေအနေမှန်ကို သိရဖို့ BGF တပ်ဖွဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်လို့ ခလရ ၂၇၅ စစ်တပ်က စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် ညအချိန် ဆုတ်ခွာထွက်ပြေးပြီး မဲ့ဆောက်-မြဝတီ ကုန်သွယ်ရေးတံတား အမှတ် (၂) ကုန်ကားရပ်နားကွင်း နေရာမှာ တပ်စွဲနေထိုင်နေတာ ၁၀ ရက်ခန့် ရှိနေပြီဖြစ်ပါတယ်။

မြဝတီမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီဘက်ကလည်း တင့်ကားတွေပါဝင်တဲ့ စစ်ကြောင်းတွေနဲ့ ထိုးစစ်လာပြီး ကော့ကရိတ်မြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ရှေ့မဆက်နိုင်ဘဲ ဖြစ်နေတယ်လို့ ကျားဖြူစစ်ကြောင်းရဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီကနေ မြဝတီမြို့ကို ပြန်လည်ရရှိရေးကြိုးပမ်းနေတဲ့အချိန်မှာ ဘားအံ၊ မော်လမြိုင်ကနေ သူတို့စထွက်ကတည်းက အစ်ကိုတို့ ပါဝင်ပတ်သက်နေတာရှိတယ်၊ နောက်ပြီး ပူးပေါင်းအဖွဲ့တွေ ဂဠုန်တို့ဘာတို့ အကုန်းလုံး ဖြန့်ကျက်ထားတယ်၊ မြဝတီမရောက်ရှိရေး အသည်းအသန်ကာကွယ်ပေးမှာပါ၊ အားလုံးပူးပေါင်းပြီး အင်တိုက်အားတိုက် ပါဝင်တိုက်ခိုက်နေတာရှိတယ်၊ အဲအတွက် သူတို့ ကရင်ပြည်နယ်ကို စိုးမိုးဖို့အတွက်က အိမ်မက်တစ်ခုလို့ပဲ ကျွန်တော်မြင်တယ်ဗျ"

ဧပြီလ ၁၈ ရက်နေ့ကလည်း မြ၀တီမြို့ကို ပြန်လည်ရရှိနိုင်ဖို့ စစ်ဆင်ရေးတစ်ရပ်ဖော်ဆောင်ပြီး ထိုးစစ်ဆင်လာတဲ့အပေါ် ကရင်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ပြီး ဟန့်တားထားနိုင်ကြောင်း ကရင်မျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီသတင်းပြန်ကြားရေးကတော့ မြဝတီမြို့က အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနဲ့ မြဝတီမြို့ BGF တပ်ဖွဲ့ လုံခြုံရေးတာဝန်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။