မြဝတီတိုက်ပွဲကြောင့် ငွေလိမ်ဂိုဏ်းအလုပ်သမားတွေ ထိုင်းဘက်ထွက်ပြေး
2024.04.21

မြဝတီမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အဲဒီဒေသမှာ အခြေချနေတဲ့ ကျားဖျန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်နေသူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးနေကြပါတယ်။
မြဝတီမြို့ ကုန်သွယ်ရေး အမှတ် (၂) တံတားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား ဧပြီလ ၂ဝ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲကြောင့် ငွေလိမ်ဂိုဏ်းတွေနဲ့ ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားအယောက် တစ်ထောင်ကျော်ဟာ ကြောက်လန့်ပြီး သူတို့နိုင်ငံဘက်ခြမ်း မဲဆောက်ကို ပြန်ပြေးနေတာလို့ ဒေသခံ မြန်မာဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။
နိုင်ငံကူးလက်မှတ် အထောက်အထားရှိတဲ့သူတွေကို ကုန်သွယ်ရေးအမှတ် (၁) တံတားကနေ တရားဝင်ပေးကူးနေပြီး အထောက်အထားမရှိတဲ့သူတွေကိုတော့ တရားမဝင်လှေတွေနဲ့ ကမ်းကူးပေးနေတာလို့လည်း ဆိုပါတယ်။
"ညတုန်းကဆိုရင် ကာစီနိုဂိတ်တွေကို မီးပိတ်ချလိုက်တယ်။ မီးပိတ်ချပြီးတော့ ပြန်ချင်တဲ့ ထိုင်းတွေအားလုံးနီးပါး ၁ဝဝဝ ၊ ၁၅ဝဝ လောက်ရှိတယ်။ သူတို့တစ်ညလုံးနီးပါး အောက်ဂိတ်ကနေပြီးတော့ ထိုင်းဘက်ခြမ်းကို ကမ်းကူးပေးတာ၊ ထိုင်းဘက်ခြမ်းမှာကျတော့ သူတို့ပတ်သက်ရာပတ်သက်ကြောင်း သူဌေးတွေက ကားတွေနဲ့စောင့်ပေးပြီးတော့ မဲဆောက်ထဲက တိုက်ခန်းကို ပို့ပေးတယ်။ တချို့တွေကျတော့ ကိုယ့်နေရာပြန်ချင်တယ်ဆိုရင် သူတို့ဟာ သူတို့ ချိတ်ဆက်ပြီးတော့ ပြန်ကြတယ်"
ထိုင်းနိုင်ငံသား အလုပ်သမားတွေကိုပဲ အခုလိုနယ်စပ်ဖြတ်ပြီး ပြန်ခွင့်ပေးတာဖြစ်ပြီးတော့ တရုတ်နဲ့ တခြားနိုင်ငံသားတွေကိုတော့ ထွက်ခွင့်မပေးဘဲ ဆက်အလုပ်ခိုင်းထားတယ်လို့ Star Complex ကာစီနိုဝန်ထမ်းတစ်ဦးကလည်းပြောပါတယ်။
မြဝတီကုန်သွယ်ရေးတံတား (၂) ဘက်မှာ တိုက်ပွဲဖြစ်နေတာကြောင့် တိုက်ပွဲကြားတိုက်မိနေတဲ့ ထိုင်းကုန်စည်ကားတွေကိုလည်း အမှတ် (၁) တံတားဘက်ကနေ မဲဆောက်ကို ညတွင်းချင်းပေးဖြတ်ခဲ့တယ်လို့လည်း လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းကစလို့ လက်ရှိအချိန်ထိ အမှတ်(၁) တံတားကို ပြန်ပိတ်ထားပြီး၊ နိုင်ငံကူးလက်မှတ်ရှိတဲ့သူနဲ့ အရေးပေါ်ကျန်းမာရေးကိစ္စအတွက်သာ သွားလာခွင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။
"တုံးကြီးထုထားတဲ့ ပတ်စ်ပို့၊ ဘန်ကောက်ဘက်တက်မဲ့ ပတ်စ်ပို့ပါတဲ့သူတွေကို ပေးသွားတယ်။ ပြီးတော့အရေးပေါ်လူနာ ပေးသွားတယ်။ လက်ရှိကျွန်တော်တို့မြဝတီမှာနေသူတွေ ကိုင်တဲ့စာအုပ်အပြာရောင် တစ်နှစ်စာအုပ်ကိုတော့ ပေးမဖြတ်ဘူး။ ပိတ်ထားတယ်။ မှတ်ပုံတင်နဲ့လာတဲ့လူ မပေးဘူး။ လုံးဝပိတ်ချတာတော့ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့စိစစ်ပြီးမှ ပေးတာ၊ ဒီမြဝတီဘက်ကတော့ တံတား ဖွင့်ထားတယ်။ ဟိုဘက် ထိုင်းကတော့ ဂိတ်တံခါး ဟထားတယ်"
ဧပြီလ ၂၁ ရက် မနက် ရှစ်နာရီလောက်ကစလို့ မြဝတီအမှတ် (၂) တံတားနားမှာ နှစ်ဖက်ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သံတွေ မကြားရတော့ဘဲ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျားဖျန့်ငွေလိမ်ဂိုဏ်းတွေက အလုပ်သမားတွေကို ထိုင်းဘက်ပြန်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ မြဝတီမြို့ BGF နယ်ခြားစောင့်တပ် လုံခြုံရေးမှူး ဗိုလ်မှူးနိုင်မောင်ဇော်နဲ့၊ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီါ် မင်းကျော်သူတို့ကို RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုန်သွယ်ရေးတံတားအမှတ် (၂) တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းက ဒေသခံသုံးထောင်နီးပါးကို ထိုင်းနိုင်ငံ မဲဆောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခွင့်ပေးထားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
မြန်မာဘက်ခြမ်းက BGF ကုန်သွယ်ဂိတ်၊ လှေဂိတ်နဲ့ ကာစီနိုလောင်းကစားရုံဂိတ်တွေမှာလည်း လူသုံးထောင်လောက် ယာယီစစ်ဘေးရှောင်နေတယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးတံတားအမှတ် (၂)နားမှာ တိုက်ပွဲပြင်းထန်ပြီး လေကြောင်းသုံးတိုက်ခိုက်ခံခဲ့ရပေမဲ့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ ကာစီနိုလောင်းကစားရုံတွေကတော့ လေကြောင်းကနေ ဗုံးကြဲခံရတာ၊ လက်နက်ကြီးထိမှန်ပေါက်ကွဲတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။