ရခိုင်ကမြို့နယ်သုံးခုမှာ ထွက်ပြေးနေရသူ နှစ်ထောင်ကျော် တိုးလာ

မင်းသိန်းအောင်
2019.11.15
myebon-villagers-flee-622.jpg ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရွာသာယာကျေးရွာမှာ တပ်မတော်က ဝင်ရောက်စစ်ဆေးပြီးနောက် ထွက်ပြေးနေကြတဲ့ ရွာသားတွေကို တွေ့ရစဉ်
Photo - Citizen Journalist

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရွာသာယာကျေးရွာမှာ တပ်မတော်က ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်လို့ ဝင်ရောက်စစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းကနေ ဒီနေ့အထိ ရွာသား တစ်ထောင်ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

မြေပုံနဲ့ မင်းပြားမြို့နယ်တွေက နီးစပ်ရာနေရာတွေကို ထွက်ပြေးနေကြရတာဖြစ်ပြီး ဒီနေ့မနက်မှာလည်း ရာနဲ့ချီတဲ့လူတွေ ထပ်မံထွက်ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့မနက်အထိ ထွက်ပြေးကြတယ်။ ကျန်တဲ့လူတွေလည်း မနက်ဖြန်မှာ ထွက်ပြေးကြမယ်လို့ ပြောနေကြ တယ်။ ထွက်ပြေးတာက အိမ်ခြေ ၄၀၀ ကျော်မှာ မနေ့က စာရင်းကောက်တာ အိမ်ခြေ ၁၀၀ ကျော်လောက်ပဲ ကျန်တော့တယ်။ မြေပုံကို ပြေးသူပြေး၊ မင်းပြားကို ပြေးသူပြေးနဲ့ ခြေဦးတည့်ရာ သွားနေကြတာ။ စိုးရိမ်မှုက သူတို့တွေလာရင် ရိုက်တယ်၊ ထောင်းတယ်၊ ဖမ်းတယ် အဲဒါနဲ့ကြောင့် ပြေးကြတာ။ ဒီမှာ မနေရဲတော့ဘူး။ အလုပ်မလုပ်ရ၊ မကိုင်ရနဲ့ ရိက္ခာတွေလည်းပြတ်နေကြတာလေ”

ရွာသာယာကျေးရွာမှာ အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်နေထိုင်ပြီး အဲဒီအထဲက ဒီနေ့မနက်ပိုင်းအထိ ထွက်ပြေးတာဟာ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၅၀၀ ကျော်အထိရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရွာသာယာကျေးရွာကို တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အေအေအဖွဲ့နဲ့ ပတ်သက်လို့ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ရွာသား ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

တပ်မတော်က ကနဦး ရွာသား ၁၁ ဦးကို စစ်ဆေးခဲ့ပြီးနောက် လူမှားဖမ်းမိတာဆိုပြီး ပြန်လွှတ်ပေးလိုက်တဲ့ ရွာသားတစ်ဦးကတော့ ရိုက်နှက်နှိပ်စက်ခံရတာကြောင့် ဒဏ်ရာတွေ အပြင်းအထန်ရရှိခဲ့တယ်လို့ ရိုက်နှက်ခံရတဲ့ ကာယကံရှင်က ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ - တပ်မတော်က ရရှိထားတဲ့သတင်းအရ လိုအပ်လို့ ခေါ်ယူစစ်ဆေးမေးမြန်းတာဖြစ်ကြောင်း၊ AA နဲ့ ပတ်သက်ဆက်စပ်မှုမရှိဘူးဆိုရင် ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း၊ စစ်ဆေးမေးမြန်းတဲ့အခါမှာလည်း ရိုက်နှက်နှိပ်စက်ပြီး စစ်ဆေးတာမရှိကြောင်း ငြင်းဆိုပါတယ်။

တောတောင်ကိုအမှီပြုပြီး ရပ်တည်နေရတဲ့ ရွာသားတွေကို တပ်မတော်ကသွားလာခွင့် ကန့်သတ်ထားသလို တပ်မတော်က နောက်ထပ်လာရောက်ပြီး ရွာသားတွေကို အခုလိုဒဏ်ရာရအောင်အထိ စစ်ဆေးလာမလားဆိုတဲ့ စိုးရိမ်ကြောက်လန့်မှုတွေကြောင့် လုံခြုံမယ့်နေရာတွေဆီကို ထွက်ပြေးနေကြရတာလို့ ရွာသားတွေက ပြောပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလို ပြောပါတယ်။

“ထွက်ပြေးတယ်ဆိုတဲ့ဥစ္စာက သူတို့မဟုတ်တာလုပ်ထားလို့ ထွက်ပြေးတာဖြစ်မှာ။ တပ်ကခေါ်သွားတဲ့ လူတွေက ဘယ်သူတွေပါတယ်လို့ပြောရင် ကျွန်တော်တို့က အဲဒီလူတွေကိုခေါ်ပြီးတော့ ထပ်စစ်မှာလေ။ အဲဒီအခါကျတော့ အဲဒီလူတွေက မနေရဲတော့ ထွက်ပြေးမှာပေါ့”

အလားတူ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မနေ့ကစပြီး ရွာထဲကို ဝင်ရောက်စစ်ဆေးနေတာကြောင့် လူပေါင်း ၅၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အပြစ်မရှိတဲ့သူတွေ ဖမ်းဆီးခံရမှာစိုးလို့ ထွက်ပြေးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းကနေပြီးတော့ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးမှုတွေရှိတယ်။ ဖမ်းဆီးမှုတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ရပ်သူရွာသားတွေက ထွက်ပြေးကြတာဖြစ်ပါတယ်။ ထွက်ပြေးတာမှာ အမျိုးသမီးတွေလည်း ပါတယ်။ လူငယ်၊ လူလတ်ပိုင်းတွေလည်း ပါကြပါတယ်။ လူကြီးပိုင်းတွေကတော့ ရပ်ရွာထဲမှာ ရှိနေကြသေး တယ်။ အသက်မပြည့်တဲ့ ကလေးတွေ၊ ရပ်သူရွာသားတွေက သူတို့ကို မှားယွင်းပြီးတော့ သူတို့ကိုစစ်ဆေးမေး မြန်းပြီး အဖမ်းခံရမှာ စိုးရိမ်ကြတာဖြစ်တယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ရွာအနီးတံတားထိပ်မှာ တပ်မတော်စစ်ကြောင်းတစ်ခုကို အေအေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ တပ်မတော်ဘက်က တပ်ရင်းမှူး အပါအဝင် ငါးဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မနေ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ဆက်နွယ်ပြီးတော့ စပါးဆိပ်ရွာက အသက် ၂၀ အရွယ် ကိုမောင်ကြည်လင်း၊ ရွာမပြင်ကျေးရွာက အသက် ၃၂ နှစ်အရွယ် ဦးညီညီစိုး၊ သရက်တပင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုနေမျိုးထွန်းနဲ့ အသက် ၄၀ အရွယ် ဦးမောင်ကုလားတို့ လေးဦးကို တပ်မတော်က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သရက်တပင်ကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ နောက်ဆက်တွဲဖြစ်စဉ်ကို သူမသိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာဘက်ကို တပ်မတော်စစ်ကြောင်း တစ်ခု ရောက်ရှိလာလို့ ရွာသား ၂၀၀ ကျော်ဟာ ဆင်သည်၊ ပိုးရွှီပြင်နဲ့ အခြားနီးစပ်ရာတွေကို ထွက်ပြေးခဲ့ကြရ ပါတယ်။

တပ်မတော်က နယ်မြေရှင်းလင်းချိန် ဒေသခံတွေထွက်ပြေးတိမ်းရှောင်တာတွေ များလာနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်ကိုသိရှိနိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ရခိုင်မြောက်ပိုင်းဒေသက မြို့နယ် ရှစ်ခုမှာ ဒုက္ခသည်ဦးရေဟာ ဒီနေ့အထိ ရှစ်သောင်းကျော် ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးက ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။