Mytel ကုမ္ပဏီအရာရှိကို သတ်ဖြတ်မှု လက်ခံနိုင်စရာမရှိကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေ ပြော
2021.11.04

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်၊ တေးနုယဉ်လမ်းမှာ နေထိုင်တဲ့ Mytel ကုမ္ပဏီဝန်ထမ်းနဲ့ ရေတပ်အငြိမ်းစားဗိုလ်မှူး ဦးသိန်းအောင်ဟာ နိုဝင်ဘာလ ၄ရက်နေ့ မနက်က ဇနီး ဖြစ်သူနဲ့ အတူ လမ်းလျောက်လာစဉ်မှာ သေနတ်နဲ့ လေးချက် ပစ်ခတ်ခံခဲ့ရတဲ့နောက် နေရာမှာတင် သေဆုံးပြီး ဇနီးဖြစ်သူက ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။
ဒီလို ပစ်ခတ်သတ်ဖြတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သလဲဆိုတာ အတည်ပြုနိုင်ခြင်း မရှိသေးသလို ဒီနေ့မနက် သတင်းထုတ်လွှင့်ချိန်အထိ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာတာလည်း မရှိသေးပါဘူး။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က Phil Robertson က အာဏာသိမ်းထားတဲ့ စစ်တပ်က ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ ကျူးလွန်နေတာ မရပ်တန့်တဲ့အတွက် အခုလို အစွန်းရောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်လာတာဖြစ်ပေမယ့် စစ်တပ်က ပင်စင်ယူထားတဲ့ အရပ်သားတစ်ဦးကို အကြမ်းဖက် သတ်ဖြတ်တဲ့လုပ်ရပ်ကို လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။
“အခုလို ကုမ္ပဏီဝန်ထမ်းအရပ်သားတစ်ဦးကို ပစ်မှတ်ထား သတ်ဖြတ်သွားတာ လူ့အခွင့်အရေး ရှုထောင့်အရ ကြည့်မယ်ဆိုရင် ဘယ်လိုမှ လက်ခံလို့ မရနိုင်ပါဘူး။ ဒီလူဟာ စစ်တပ်နဲ့ နီးစပ်သူဖြစ်တာ မှန်ပေမယ့်၊ လက်ရှိအချိန်မှာ စစ်တပ်က ပင်စင်ယူထားတဲ့ အရပ်သား တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလူက အရပ်သား ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို စီစဉ် ညွှန်ကြားနေတဲ့ အရာရှိမျိုးလည်း မဟုတ်ပါဘူး။ အဲဒီလို အရာရှိမျိုး ဖြစ်နေတယ် ဆိုရင်တောင် အခုလို အကြမ်းဖက် သတ်ဖြတ်သွားတာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ပါဘူး။ အခုလို ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ လူမှုအသိုက်အဝန်းတစ်ခုလုံး ပြိုလဲနေပြီး တစ်စထက်တစ်စ ပိုဆိုးလာတဲ့ အခြေအနေတွေကို ညွှန်ပြနေပါတယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်က ပြည်သူတွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကြောင့် လူတွေအစွန်းရောက်ကုန်တာပါ။ အခုဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ဖက်လုံးက ကျူးလွန်နေတာ ထင်ရှားပါတယ်။ အခုလို လုပ်ရပ်ကြောင့် စစ်တပ်ဘက်က လက်စားချေတဲ့ လုပ်ရပ်တွေ တန်ပြန်လုပ်ဆောင်လာရင် မြန်မာပြည်သူတွေပဲ ထိခိုက်ခံစားရမှာ ဖြစ်ပါတယ်”
ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးသုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ လူတစ်ယောက်ကို အခုလို ကိုယ့်တရား ကိုယ်စီရင်ပြီး သတ်ဖြတ်သွားတဲ့ လုပ်ရပ်ဟာ လူတွေအကြားမှာ နာကျည်းမှုနဲ့ ဆင်းရဲကြပ်တည်းမှုတွေကြောင့် တရားလက်လွတ် ဖြစ်လာတာကို ညွှန်ပြနေတယ်လို့ သုံးသပ်ပါတယ်။
Mytel ကုမ္ပဏီဟာ အာဏာသိမ်းထားတဲ့ စစ်တပ်အတွက် ဝင်ငွေ ရှာပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ပစ်မှတ်ထားပြီး သပိတ်မှောက်ကြဖို့ ပြည်တွင်း ပြည်ပက တက်ကြွလှုပ်ရှားသူတွေက နှိုးဆော်နေခဲ့တာပါ။
လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးဖြစ်သူ ဦးသိန်းအောင် အလုပ်လုပ်နေတဲ့ Mytel ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာ စစ်တပ်တို့ အကျိုးတူ ပူးပေါင်း တည်ထောင်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒေသ အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ Mytel ကုမ္ပဏီနဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အခုအချိန်မှာ Mytel ကုမ္ပဏီပိုင် ဆက်သွယ်ရေး တာဝါတိုင် ၈၀ လောက်အထိ ဖျက်ဆီးခံခဲ့ရပြီး ဖြစ်တယ်လို့ အေပီ သတင်းဌာနက ရေးသားဖော်ပြပါတယ်။
Mytel ကုမ္ပဏီဝန်ထမ်း ဦးသိန်းအောင်ကို သတ်ဖြတ်မှုဟာ ဒီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း အတည်ပြုနိုင်မယ်ဆိုရင် သူဟာ ဒီအဖွဲ့တွေရဲ့ ရာထူးအမြင့်ဆုံးသားကောင် ဖြစ်လိမ့်မယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက လူအုပ်စုတိုင်းမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားတဲ့ နာကျည်းမုန်းတီးမှုတွေ ရှိနေတဲ့အတွက် စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာ ရှေ့လျှောက် အခုလို တရားလက်လွတ် သတ်ဖြတ်မှုတွေ ပိုများလာမယ်လို့ထင်ကြောင်း ဦးစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်၊ အရပ်သား ပြည်သူတွေဟာ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတာ၊ CDM လှုပ်ရှားမှုနဲ့ သပိတ်မှောက်တာ စတဲ့ လုပ်ရပ်တွေနဲ့ ဆန့်ကျင်ခဲ့ကြပေမယ့်၊ အာဏာသိမ်း စစ်ကောင်စီက အာဏာသိမ်း ဆန့်ကျင်သူတွေကို အလွန်အကျွံအင်အားသုံးပြီး ဖြိုခွင်းတာ နေအိမ်တွေဆီ လိုက်လံ ဖမ်းဆီးတာနဲ့ နှိပ်စက်ညှဉ်းပန်း စစ်ဆေးပြီး သေဆုံးသူတွေကို အလောင်းဖျောက်ဖျက်ပစ်တာလို လုပ်ရပ်တွေကျူးလွန်ခဲ့တဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး စစ်တပ်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။