နေပြည်တော်အဝင်အထွက် တင်းကျပ်လိုက်လို့ ခရီးသွားတွေ အခက်တွေ့
2020.09.03
ဒီလ ၂ ရက်နေ့ကစပြီး နေပြည်တော်ကို ဘယ်အရပ်ဒေသကမဆို ဝင်ရောက်လာမယ့်သူအားလုံးကို အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့နေရာမှာထားပြီး၊ ဆေးစစ်မှုခံယူရပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့မှသာ နေပြည် တော်ကောင်စီနယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မယ့်အကြောင်း နေပြည်တော်ကောင်စီက မနေ့ စက်တင်ဘာ ၂ ရက်နေ့က အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် မနေ့ညကစပြီး နေပြည်တော်အ၀င်ဂိတ်မှာ ရန်ကုန်နဲ့ အခြားဒေသအသီးသီးက ဝင်လာသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။
အဲဒီအမိန့်အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကလွဲပြီး အစိုးရဝန်ထမ်းမဟုတ်တဲ့ အရပ်သားတွေအနေနဲ့ ကန့်သတ် စောင့်ကြည့်ရေးစခန်း ဝင်ခရော ဆေးစစ်ခပါ ကိုယ့်စရိတ်နဲ့ကိုယ် ဆောင်ရွက်ရမှာဖြစ်ပြီး ဆေးစစ်ခက ကျပ်နှစ်သိန်း ကုန်ကျမှာဖြစ်ပါ တယ်။ ဆေးစစ်ခမတတ်နိုင်သူတွေနဲ့ ထုတ်ပြန်ချက်အမိန့်ကိုမသိဘဲ နေပြည်တော်ကို လာရောက်သူတွေဟာ၊ ဒီနေ့မနက်ပိုင်းမှာ နေပြည်တော်အဝင်ဂိတ်ကနေပဲ လှည့်ပြန်သွားရပါတယ်။
ရန်ကုန်ကနေ နေပြည်တော်ကို ကုန်ပစ္စည်းလာပို့တဲ့ ကုမ္ပဏီဝန်ထမ်း ကိုကျော်စိုး က အခုမနက်ပိုင်းမှ နေပြည်တော်ကို ရောက်လာပြီး ညွှန်ကြားချက်ထုတ်ထားတာကို နေပြည်တော်ရောက်မှ သိတာကြောင့် အခက်တွေ့ရတယ်လို့ ပြောပါတယ်။
"နေပြည်တော် ကုန်လာချတာ အဲဒါ လူချိန်းပြီးတော့ ချရတာပေါ့၊ လူကိုပေးမဝင်တာ။ နေပြည်တော်က လူကပဲ ဒီကားကို မောင်းသွား ရန်ကုန်က လူက ဒီမှာ ထိုင်စောင့်၊ ကုန်ချပြီးတော့ နေပြည်တော်က လူက ပြန်မောင်း လာ ဒီကနေ ကိုယ့်ကားကိုယ်ပြန်ယူပြီး ရန်ကုန်ကို ပြန်တာပေါ့နော်။ အချိန်ကြန့်ကြာမှုလေး နည်းနည်းတော့ ရှိတာပေါ့နော်၊ မနက်ကရောက်တယ် ခုနေ့ခင်းကျမှ ဒီက စာရွက်စာတမ်းနဲ့ လူကြီးပိုင်းဆိုင်ရာက အကုန်လုံး လိုက်ပြီးတော့ စင်တာမှာ လာပြီးတော့ အာမခံသဘောမျိုးပေါ့နော် ကျနော့်ကားပါ ပစ္စည်းချချင်လို့ပါဆိုပြီး လာပြောရတယ်၊ ပြောပြီးခွင့်ပြုပါတယ်။"
ဖြူးမြို့ကနေ နေပြည်တော်ကို ဆေးလာကုတဲ့ မိသားစုကတော့ နေပြည်တော်ရောက်မှသာ အခုလိုညွှန်ကြားချက် ထုတ်ထားတာကိုသိပြီး၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း ဝင်ဖို့လည်း စရိတ်မတတ်နိုင်တဲ့အတွက် ဖြူးကို လှည့်ပြန်ခဲ့ ရတယ်လို့ မိသားစုနဲ့အတူပါလာတဲ့ ဒေါ်မာမာအေး က ပြောပါတယ်။
"နေပြည်တော်လာတဲ့ အကြောင်းအရင်းက ဖြူးဆေးရုံအုပ်ကြီးက နေပြည်တော်ကိုညွှန်လို့ ကျမတို့လာတာပါ။ ဒီမှာ ဆေးထောက်ခံချက်တွေ ဘာတွေလည်း အကုန်ပါပါတယ်။ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရလည်း ဝင်ရမယ်ဆိုတဲ့အခါ ကျနော်ပေါ့နော် အဲဒီအစီအစဉ်တွေလည်း မသိတော့ ပြန်ရမှာပေါ့နော်။ ဘယ်လိုမျိုး အခက်အခဲဖြစ်မလဲဆိုတော့ ဒီကို လမ်းညွှန်လိုက်တာကို မလာရတဲ့အခါကျတော့ အခက်အခဲကတော့ တော်တော်ဖြစ်သွားတာပေါ့။ ဖြူးဆေးရုံပဲ ပြန်သွားရတော့မှာပေါ့။"
နေပြည်တော်မှာ ပြည်တွင်းကူးစက်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတာမျိုး မရှိသေးဘဲ ပြည်ပက ပြန်လာပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူ နှစ်ဦးမှာတော့ ဗိုင်းရပ်စ်ပိုးတွေ့ ရှိထားပါတယ်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးတင်ထွန်းကတော့ ပိုးတွေ့သူ နည်းပေမဲ့ နေပြည်တော်ကို အခုလို အဝင်အထွက် ကန့်သတ်လိုက်တာဟာ၊ ဌာနဆိုင်ရာတွေရုံးစိုက်တဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တာကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင်တာလို့ ရှင်းပြပါတယ်။
"Administrative (အုပ်ချုပ်ရေး) မှာ ဒါအကြီးဆုံး ရုံးစိုက်တဲ့ မြို့တော်လေ၊ မြို့တော်ဆိုတော့ Government function တွေက အများကြီးလေ၊ ဒီ function တွေက ရှင်းရှင်းပြောရရင် နိုင်ငံရဲ့ စီးပွားရေး လူမှုရေး အရာခပ်သိမ်းမှာ နိုင်ငံရဲ့ လုံခြုံရေးပေါ့နော်၊ ဒါတွေမှာတော့ key (သော့ချက်) ပဲလေ၊ key ဆိုတော့လည်း ဒါစဉ်းစားလို့ရပါတယ် ဘယ်လိုလုပ်သိမလဲ ဘယ်သူဘယ်ဝါမှာ ရောဂါပိုးရှိနေတယ် မရှိနေဘူး ဆိုတာ မပြောနိုင်ဘူးလေ၊ ဒီလိုဖြစ်နေတဲ့ အခါသမယကြီးမှာ လိုအပ်လို့ ပြဌာန်းရတာ ထုတ်ပြန်ရတာ"
နေပြည်တော် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေး လူမှုဝန်ထမ်းအဖွဲ့ NCVT အထွေထွေအတွင်းရေးမှူး ဦးသက်ထွေး ကတော့၊ အမိန့်ညွှန်ကြားချက် ထုတ်မယ်ဆိုရင်လည်း ခရီးဝေးကလာသူတွေ အခက်အခဲ မဖြစ်ဖို့အတွက် အသေအချာ အချိန်တစ်ခု ကန့်သတ်ပြီး ထုတ်ပြန်စေချင်တယ်လို့ ပြောပါတယ်။
"အခက်အခဲကတော့ ရှိတာပေါ့၊ ဥပမာ ဆိုရင် ကားဂိတ်တွေက ရုတ်တရက်ပိတ်လိုက်တော့ လတ်မှတ်ဖြတ် ထားပြီး ရပ်သွားတာတို့၊ ခရီးသွားမယ့်သူတွေလည်း အခက်အခဲဖြစ်ကုန်တာပေါ့ နောက်တစ်ခါ ပစ္စည်းပို့ တာတွေလည်း ရပ်သွားတာလေ ပစ္စည်းက ပို့လိုက်တယ်။ ကားဂိတ်က မထွက်တော့ဘူးဆိုတော့ အဲဒီ ပစ္စည်းတွေက ဘယ်ပို့ရမှန်းမသိ အဲဒါတွေ တော်တော်ခက်တယ်၊ ရုတ်တရက်ကြီး ပိတ်လိုက်တဲ့အခါကျတော့ နှစ်ရက်သုံးရက်တော့ ကြိုကြေညာသင့်တာပေါ့၊ ဘယ်ရက်ဘယ်နေ့ စပိတ်မယ် ဆိုတာကိုပေါ့"
နေပြည်တော်ကို ဝင်လာမယ့်သူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် နေပြည်တော်ကောင်စီအတွင်းက မြို့နယ် ရှစ်မြို့နယ်မှာရှိတဲ့ ဆေးရုံတွေနဲ့ စည်ပင်ဧည့်ရိပ်သာတို့မှာ စီစဉ်ထားတယ်လို့ သိရပါတယ်။
နေပြည်တော်မှာတော့ ဒီနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေရှိသူက ရုရှားနိုင်ငံက ပြန်ရောက်လာတဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရတဲ့ တပ်မတော်သားတစ်ဦးနဲ့ ပြည်ပကပြန်လာတဲ့အတွက် အသွားအလာ ကန့်သတ် ထားတဲ့ လယ်ဝေးမြို့နယ်က အမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး ရှိပါတယ်။
တစ်နိုင်ငံလုံးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၅၈ ဦး ရှိနေပြီဖြစ်ပါတယ်။