စစ်အာဏာသိမ်း ၁၀ လအတွင်း စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါး ရှိလာ

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ၁၀ လအတွင်း စစ်တပ်နဲ့ PDF တွေအကြား နှစ်ဖက်တိုက်ပွဲတွေနဲ့ PDF တွေကို ထောက်ပံ့တယ်လို့ယူဆတဲ့ ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးတာတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း သုံးသိန်း ရှစ်သောင်းကျော်အထိ ရှိလာတယ်လို့ မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျု (ISP Myanmar) က ဒီဇင်ဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ကယားပြည်နယ်မှာ တစ်သိန်းကျော်၊ စစ်ကိုင်းတိုင်းမှာ တစ်သိန်းနီးပါး၊ ကရင်ပြည်နယ်မှာ ခြောက်သောင်း ကျော်၊ ချင်းပြည်နယ်မှာ ငါးသောင်းကျော်၊ ရှမ်းပြည်နယ်မှာ သုံးသောင်းကျော်၊ ကချင်ပြည်နယ်မှာ တစ်သောင်းကျော်နဲ့ ကျန်သူတွေက မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့က ဖြစ်ပါတယ်။
နေရာအနှံ့တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက် ပိုများ လာတာလို့ ISP Myanmar ရဲ့ အကြီးတန်းသုတေသီ ကိုကျော်ထက်အောင် က ပြောပါတယ်။
"ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း အာဏာစသိမ်းပြီးနောက်ပိုင်းကနေစပြီးတော့ အခုဆိုရင် စုစုပေါင်း သုံးသိန်းရှစ်သောင်း၊ လေးသိန်းနီးပါးအထိ တက်လာတယ်။ ဘာကြောင့် တက်လာလဲဆိုလို့ရှိရင် အဓိက တော့ တိုက်ပွဲတွေဖြစ်လာတဲ့နေရာတွေရှိတယ်။ တိုက်ပွဲစဖြစ်တော့ စစ်ကိုင်းတိုင်းဘက်တွေ၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ နောက်ထပ် ကရင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါကျရင် နှစ်ဖက်ထိတွေ့မှုကြောင့် နေရပ်စွန့်ခွာပြီးတော့ ထွက်ပြေးကြရတဲ့ဟာတွေရှိသလို နောက်တစ်ခုက စစ်ကောင်စီတပ်ကနေပြီးတော့ စစ်ကြောင်းတွေ ဝင်လာတဲ့အခါမှာ ကြောက်လန့်ပြီး တော့ နေရပ်ကို စွန့်ခွာပြီးထွက်ပြေးသွားရတဲ့သူတွေလည်း အများကြီးဖြစ်လာတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ စစ်ဘေးဒုက္ခသည်တွေက အများကြီးဖြစ်လာတယ်။ အဲဒါကြောင့်လို့ အဓိကပြောလို့ရပါတယ်”
အရေအတွက် လေးသိန်းနီးပါးဆိုတာဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNOCHA ရဲ့ ထုတ်ပြန်ချက် တွေ၊ ပြည်တွင်းသတင်းတွေ၊ ဒေသအသီးသီးက ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေအပေါ် အခြေခံပြီး စနစ်တကျ ကောက်ယူထားတာဖြစ်လို့ မှန်ကန်တိကျတယ်လို့လည်း သူကပြောပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင် တူမီးသေနတ်ကိုင် PDF တွေကို စစ်ကောင်စီတပ်တွေက ကြည်းကြောင်း၊ ရေကြောင်း သာမက လေကြောင်းကနေပါ ရဟတ်ယာဥ်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာ၊ ကျေးရွာတွေကို ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးတာတွေကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
ရုတ်တရက် ကိုယ်လွတ်ရုန်း ထွက်ပြေးရတဲ့အခါ သက်ကြီးရွယ်အိုတချို့ မပြေးနိုင်ဘဲ အတိဒုက္ခရောက်ရ တယ်လို့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ ဒီဘက်တောလမ်းတွေထဲကနေပြီးတော့ တော်တော်ဒုက္ခများတယ်။ အထုပ်တွေ အများကြီးနဲ့ ဆိုင်ကယ်တွေနဲ့ ပြေးရတာဆိုတော့ မြောင်းတွေရောက်ရင် ဆိုင်ကယ်တွေ မပြေးရတယ်။ ဆိုင်ကယ်တွေ ထမ်းရတယ်။ မြောင်းထဲက ဆင်းဖြတ်ရတယ်ပေါ့နော် အဲဒီလိုမျိုးတွေ။ တစ်ရွာနဲ့ တစ်ရွာကူးတာ လမ်း အတိုင်းကူးလို့ မရဘူး။ လမ်းပေါ်မှာ သူတို့ရှိတာကိုး။ လက်နက်ကြီးတွေနဲ့ ထုနေတာဆိုတော့ တော လမ်းတွေကနေ ပြေးရတယ်။ အသက်ကြီးပိုင်းတွေဆိုလို့ရှိရင် တချို့ဆိုလည်း လက်နက်ကြီးကျလို့ရှိရင် အသေပဲ ခံလိုက်တော့မယ်။ မပြေးနိုင်လို့ မပြေးတော့ဘူး အဲလိုမျိုးတွေလည်းရှိတယ်။ အသက်ကြီး ပိုင်းတွေက အနီးစပ်ဆုံးရွာတွေမှာ ပြေးကြတာပေါ့။ လူလတ်ပိုင်းတွေနဲ့ ကလေးတွေပဲ ဒီလယ်ကွင်းထဲမှာ အိပ်ကြတာပေါ့”
စစ်ကိုင်းတိုင်းလိုပဲ ခုခံစစ်ပြင်းထန်တဲ့ ကယားပြည်နယ်မှာလည်း လတ်တလော စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တချို့က တောနက်တွေထဲ ပုန်းခိုနေရပြီး၊ တချို့ကတော့ မြို့တော် လွိုင်ကော်က ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဆွေမျိုးသားချင်းနေအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညား က ပြောပါတယ်။
“ကရင်နီ (ကယား) ပြည်နယ်ရဲ့ ဒုက္ခသည်အရေးက ချင်းတို့ စစ်ကိုင်းတို့နဲ့စာရင် တိုက်ပွဲက နည်းနည်း တော့ ကျဲတယ်ဆိုပေမယ့် တကယ်လက်တွေ့ ကျနော်တို့ပြည်နယ်ရဲ့ လူဦးရေအနေအထားအရဆိုရင် ထွက်ပြေးရတဲ့ IDP က အရမ်းမြင့်တယ်။ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဖမ်းဆီးမှုကြောင့် သေဆုံးသူ လည်း ရာဂဏန်းကျော်သွားပြီ။ ၁၀၂ ဦးဖြစ်သွားပြီ။ အိမ်ခြေကလည်း ငါးရာကျော် ပျက်စီးဆုံးရှုံး နေပြီပေါ့နော်။ အဲဒါကြောင့်မို့လို ဒီဟာကို ကျနော်တို့က အတတ်နိုင်ဆုံး ဒီဖြစ်စဉ်တွေကို နိုင်ငံတကာ ကိုလည်း ဒီအရေးကို ဦးစားပေးဖို့အတွက်လည်း တောင်းဆိုလိုပါတယ်”
ကယားပြည်နယ်မှာ အစကတည်းက အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ၁၂ ခုအပြင် နေပြည်တော် ကနေ လူအင်အား၊ လက်နက်အင်အား ပို့ဆောင်တာ၊ ညဘက်မှာ စစ်လေယာဉ်တွေဝဲပျံပြီး မျက်ခြေမပြတ် စောင့်ကြည့်တာ၊ စစ်ရှောင်စခန်းတွေကို ဒရုန်းတွေနဲ့ ထောက်လှန်းတာတွေ လုပ်နေတဲ့အတွက် အရင်ထက် ပိုကြီးတဲ့ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့လည်း သူက ဆိုပါတယ်။

ချင်းပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကနေတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲကို သွားရောက်ခိုလှုံသူနေသူတွေနဲ့ ချင်းပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ စုစုပေါင်း ခုနစ်သောင်းလောက်ရှိနေပြီလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။
“ချင်းပြည်နယ် ပြည်တွင်းထဲမှာသော်လည်းကောင်း ဒီဘက်နယ်စပ်ဘက် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်မှာ သော်လည်းကောင်း သူတို့ထွက်ပြေးခိုလှုံနေရတာပေါ့။ ဒီဘက် မီဇိုရမ်ပြည်နယ်ထဲမှာဆိုရင်တော့ ခန့်မှန်း လေးသောင်းနီးနီးတော့ စစ်ဘေးရှောင်နေတာပေါ့။ ပြည်တွင်းထဲမှာ IDP အနေနဲ့ စစ်ဘေးရှောင်ဆိုပြီး တော့ နှစ်သောင်း၊ သုံးသောင်းလောက်တော့ ခန့်မှန်းရတာပေါ့နော်။ ဒီတိုက်ပွဲက ပွင့်လင်းရာသီရောက်ပြီ ဆိုတော့ ဒီထက်တိုက်ပွဲကတော့ ဖြစ်လာဖွယ် ပွင့်လင်းရာသီဆိုတော့ စစ်ရေးသဘောတရားအရ လာနိုင် ဖွယ်တော့ရှိတယ်။ အဲဒီမှာ ဒီထက်များလာနိုင်တဲ့ အနေအထားတော့ ရှိလာလိမ်မယ်လို့ ကျနော်တို့ ထင်တယ်”
RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းတွေအရ ထန်တလန်မြို့မှာ အချိန်လေးလအတွင်း မီးရှို့ခံရမှု ၁၃ ကြိမ်ဖြစ်ခဲ့ပြီး၊ ဘုရားကျောင်း ငါးကျောင်းနဲ့ နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ ထန်တလန်မြို့ရဲ့ လေးပုံတစ်ပုံ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မြို့နေလူဦးရေအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မကွေးတိုင်းထဲမှာဆိုရင်လည်း လူဦးရေ ၁၁၇၅၀ ခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတယ်လို့ UNOCHA Myanmar က ဒီဇင်ဘာ ၁ ရက်နေ့က သတင်းထုတ်ပြန်ထား ပါတယ်။ တိုက်ပွဲတွေကြောင့် မကွေးတိုင်း ဂန့်ဂေါ-ကလေး ကားလမ်းတလျှောက်က ကျေးရွာ ၁၀ ရွာ လောက်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ယာယီတဲတွေထိုးပြီး ဖြစ်သလို စစ်ဘေးရှောင်နေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အသက်ကြီးပိုင်းတချို့ဆို လက်နက်ကြီးကျလို့ရှိရင် အသေပဲခံလိုက်တော့မယ်။ မပြေးနိုင်လို့ မပြေးတော့ဘူး အဲလိုမျိုးတွေလည်းရှိတယ်"
စစ်တပ်ရဲ့ သုံးကြိမ်တိုင်တိုင် မီးရှို့ခံခဲ့ရတဲ့ ဂန့်ဂေါ-ကလေး ကားလမ်းမဘေးက နှမ်းခါးရွာသား တစ်ဦးကတော့ သူတို့ရွာမှာ လူငယ်တချို့သာ ကျေးရွာလုံခြုံရေးအတွက် ကျန်ရစ်ပြီး ရွာလုံးကျွတ်နီးပါး တောထဲမှာ ယာယီတဲတွေနဲ့ တိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
“တအားဒုက္ခရောက်တာပေါ့ လူကြီးပိုင်းတွေကတော့ အခုလည်း ရွာထဲတွေကို ပြန်မခေါ်သေးဘူး။ စစ်ဘေးရှောင်စခန်းတွေမှာပဲ ထားသေးတယ်။ လူငယ်ပိုင်းပဲ ရွာထဲမှာနေတယ်။ တစ်ရာ ရာခိုင်နှုန်းမှာ ခုနစ်ဆယ် ရာခိုင်းနှုန်းက တောထဲမှာပဲရှိသေးတယ်။ တော်တော်ကို လွတ်ကင်း စစ်ဘေးရှောင်စခန်း တွေက ရွာနဲ့ဝေးရာ တောထဲမှာ သူတို့မရောက်နိုင်တဲ့ နေရာဒေသတွေမှာ ကျနော်တို့က အတတ်နိုင်ဆုံး ဘေးလွတ်ကင်းရာမှာ ဆောက်ထားတဲ့အတွက်ကြောင့် အခုလာတဲ့ စစ်ဆင်ရေးလမ်းကြောင်းတွေ မှာတော့ အဲဒီအထိ ရောက်မလာသေးဘူး”
ရာသီဥတုလည်း အေးလာတာကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာတာ၊ ကျန်းမာရေးစောင့် ရှောက်မှု အလုံအလောက်မရတာ၊ ဆေးဝါးပြတ်လတ်တာအပြင် အအေးဒဏ်ခံနိုင်ဖို့အတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
အခုဆိုရင် မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်လာတာကြောင့် အရင်ထက်တိုက်ပွဲတွေ ပိုမိုပြင်းထန်ပြီး နောက်ထပ် နေရပ်စွန့်ခွာထွက်ပြေးရမယ့် ဒုက္ခသည်တွေ ပိုများလာမှာ၊ နေအိမ်တွေ ထပ်မံပျက်စီးထိခိုက် မှာကို စိုးရိမ်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။