ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကို မယှဉ်နိုင်တာကြောင့် ပါတီသစ်တွေ ရှုံးနိမ့်

သီဟထွန်း၊ သက်စုအောင်၊ ဖြူဖြူခိုင်
2020.11.18

၂၀၂၀ ရွေးကောက်ပွဲမှာ လူသိများထင်ရှားတဲ့ ပါတီသစ်တွေ ရှုံးနိမ့်ခဲ့တာဟာ၊ ကပ်ရောဂါကာလ မဲဆွယ်စည်းရုံးရေး မညီမျှမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာကို မယှဥ်နိုင်မှု၊ ပထမဆုံးအကြိမ် ခြေစမ်းပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ယှဥ်ပြိုင်မှုတွေကြောင့် ရှုံးနိမ့်ရတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ပါတယ်။

ပါတီသစ်တစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ကတော့ “ပါတီတစ်ခုတည်းကနေ လွှတ်တော်အသီးသီးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုပါ လွှမ်းမိုးနေမယ်ဆိုရင်၊ အပြန်အလှန်ထိန်းကျောင်းတဲ့ နိုင်ငံရေးစနစ်နဲံ အလေ့အထ ထိခိုက်သွားမှာကို စိုးရိမ်တယ်” လို့ ထောက်ပြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD ကသာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြတ်အသတ် အနိုင်ရခဲ့ ပေမယ့်၊  ထင်ရှားတဲ့ ပါတီသစ်တွေဖြစ်တဲ့ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီနဲ့  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တို့ဟာ လွှတ်တော်အသီးသီးမှာ အမတ်နေရာ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ သတင်းမီဒီယာပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင် က “အနိုင်ရပါတီကြီးရဲ့ အရှိန်အဝါက ကြီးမားသလို၊ ပါတီသစ်တွေကို လူသိပ်မသိသေးတာကြောင့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ရတာဖြစ်တယ်” လို့  ပြောပါတယ်။

ပါတီအသစ်တွေ ဘယ်သူမှ နေရာမရလိုက်ဘူးပေါ့နော်၊ ဒါသေချာတယ်လေ၊ အဲဒါဘာလဲဆိုတော့ ကျမတို့ နှစ်ချက်တော့ ရှိတာပေါ့နော်၊ မူလပါတီရဲ့ အရှိန်အဝါ အားကြီးမှုလည်း ပါသလို နောက်တစ်ခုကတော့ တော်တော်များများကတော့ ပါတီအသစ်တွေကို သေသေချာချာ မသိလိုက်သေးဘူးဆိုတဲ့ အဖြေတော့ထွက်တာပေါ့နော့်၊ တစ်ပါတီမဟုတ် တစ်ပါတီလောက်ဆိုတာလောက် သိပြီးတော့လေ၊ နောက်ထပ်ပြီးတော့ ထင်ထင်ရှားရှားဖြစ်လာတဲ့ပါတီ သုံးခုရှိတာပေါ့လေ အသစ်ထဲမှာ၊ အဲဒီပါတီ သုံးခုရဲ့ ပါတီရဲ့ဘရန်းကို ပြည်သူက မသိလိုက်ဘူးလို့ ကျမတို့ ယုံကြည်တယ် အဲ့ဒါလေးပါ။”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဟာ၊ ကိုယ်စားလှယ်လောင်းဦးရေ ၉၂၀ ကျော်နဲ့ တစ်နိုင်ငံလုံးမှာ  ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊  ရွေးကောက်ပွဲမှာ ၄၀ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်းအထိ အနိုင်ရနိုင်မယ်လို့ ပါတီခေါင်းဆောင် သူရဦးရွှေမန်း က ခန့်မှန်းခဲ့တာပါ။

၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီဝင်အဖြစ် အနိုင်ရခဲ့ပြီး၊ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ  ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်တဲ့ ကော့မှူးမြို့နယ်အတွက်၊  ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ကနေ ၀င် ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ဦးဒေးဗစ်လှမြင့် ကတော့  “ကပ်ရောဂါကာလ အကန့်အသတ်တွေကြားမှာ ပါတီသစ်တွေ ပြင်ဆင်ချိန်မရခဲ့ဘူး” လို့  ပြောပါတယ်။

Covid နဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတဲ့ အမိန့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ စည်းရုံးရေးလုပ်ငန်းတွေမှာ အများကြီး ကျနော်တို့ အခက်အခဲတွေ့တယ်ပေါ့နော်၊ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေကနေပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့လို့ မရတဲ့ ကိစ္စရပ်တွေက အဆိုးဆုံး အခြေအနေမှာ ရှိတယ်။ ဒါကတစ်ချက်ပေါ့၊ နောက်တစ်ခုက နိုင်ငံရေးပါတီတွေ အနေနဲ့ ပြင်ဆင်တည်ဆောက်ချိန်လည်း မရလိုက်ဘူးပေါ့နော်၊ Covid ကာလဆိုပြီးတော့ အကန့်အသတ်တွေဖြစ်တဲ့အချိန်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမလား မရွှေ့ဆိုင်းဘူးလားဆိုတဲ့ အနေအထားတွေကိုလည်း ကျတော်တို့က သို့လော သို့လောနဲ့ ဖြစ်လာတဲ့အချိန်နဲ့ ကပ်ပြီးတော့ပေါ့ ၊ ပြင်ဆင်ချိန် မရလိုက်ဘူးပေါ့ အဓိကကတော့။”

လူသိများထင်ရှားသူတစ်ဦးဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင် ကတော့ “ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် မျက်နှာကြောင့် NLD ကို မဲပေးခဲ့ကြသလို၊ ပြိုင်ဘက်ပါတီတွေအနေနဲ့လည်း ပါတီချင်းယှဥ်ပြိင်ရတာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရသလို ဖြစ်ခဲ့တယ်” လို့   ပြောပါတယ်။

“အဓိက မဲပေးတဲ့လူကတော့လေ ပါတီဆိုတာထက် အန်တီစု မျက်နှာနဲ့ပဲ မဲပေးခဲ့ကြတာပေါ့နော် အဲလိုပဲ ကျမတို့ကတော့ မြင်ပါတယ်ရှင့်၊ အန်တီစု မျက်နှာနဲ့ပဲ မဲပေးခဲ့ကြပြီးတော့မှ ကျမတို့ ပါတီ ကိုယ်စားလှယ်လောင်းတွေ အကုန်လုံးက အန်တီစုနဲ့ ပြိုင်ရသလိုဖြစ်တာပေါ့နော်၊ အဲသလိုသဘောမျိုးလေးလဲ သက်ရောက်တယ်ပေါ့နော် ပါတီလိုဂိုပဲ ကြည့်ပီးမဲပေးတဲ့သူ များနေတယ်၊ အဲဒီလို လိုဂိုကို ကြည့်ရခြင်း အကြောင်းအရင်းတွေလည်းပဲ ရှိကြမှာပါ ပြည်သူလူထုမှာလည်းလေ။ ဆိုလိုရှိရင် ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း ကျမတို့က လေးစားပါတယ်။”

NLD ပါတီက နှုတ်ထွက်ခဲ့တဲ့ ဒေါက်တာဒေါ်သက်သက်ခိုင် ဟာ၊  ၂၀၁၉ ခုနှစ်မှာ ပါတီသစ်ထောင်ခဲ့ပြီး ကိုယ်စား လှယ်လောင်း ၂၃၀ ကျော်နဲ့ ရန်ကုန်တိုင်းနဲ့ နေပြည်တော်မှာ အဓိက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

နောက်ထပ် ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကတော့ “ပထမဆုံးအကြိမ် လွှတ်တော်တွင်းနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်တဲ့အတွက်၊ လွှတ်တော်ပြင်ပကနေ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့် အကြံပြုသွားမယ်” လို့ RFA ကို ပြောပါတယ်။

အသစ်ဖြစ်ပေါ်လာမယ့် အစိုးရနဲ့ လွှတ်တော်ကို လေ့လာသုံးသပ်တာစောင့်ကြည့်ပြီး အကြံပြု ဝေဖန်တာတွေ ဆက်လုပ်သွားမယ်။ နိုင်ငံအတွက် အကျိုးရှိတဲ့ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်။ ပါတီအနိုင်ရခြင်း မရခြင်းကို ဝေဖန်တာထက် မူအားဖြင့် ဖြစ်စေချင်တာတစ်ခုရှိတယ်။ အဲဒါက အစိုးရကို ထိန်းကျောင်းနိုင်တဲ့ လွှတ်တော် အသက်ဝင်ဖို့ အားကောင်းဖို့ ဖြစ်စေချင်တယ်။ လက်ရှိ နိုင်ငံရေးစနစ်က လွှတ်တော်ကို လွှမ်းမိုးတဲ့ ပါတီက သမ္မတနဲ့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို လွှမ်းမိုးတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်အစိုးရကိုပါ လွှမ်းမိုးတယ်။ ပြည်ထောင်စုအဆင့် ကော်မရှင် ကော်မတီတွေကိုပါ လွှမ်းမိုးတယ်။ အဲဒါက အပြန်အလှန်စစ်ဆေး ထိန်းကျောင်းတဲ့ အထိန်းအထေ စနစ်ကို ထိခိုက်သွားမှာ ကျတော်တို့က စိုးရိမ်တယ်။"

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ကိုယ်တိုင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သလို၊  ပါတီတစ်ခုလုံးအနေနဲ့လည်း ကိုယ်စားလှယ်လောင်း ၁၄၀ ကျော် နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

မဲဆန္ဒရှင်တွေအနေနဲ့ နောက်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်တွေကို နာမည်ကိုတောင်မကြည့်မသိဘဲ ရွေးချယ်တဲ့အခြေအနေမျိုး မဟုတ်ဘဲ၊  နိုင်ငံရေးစနစ်နဲ့ ပါတီကိုယ်စားလှယ်တွေ၊ သူတို့ရဲ့သမိုင်းကြောင်းနဲ့ အရည်အချင်းတွေကို အသေအချာ ကြည့်ရှုလေ့လာပြီးမှ ရွေးချယ်ဖို့ကိုလည်း  ဦးကိုကိုကြီးက တိုက်တွန်းသွားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က “ပထမဆုံးအကြိမ် ခြေစမ်းရမယ့် ပါတီသစ်တွေဟာ၊  မဲဆန္ဒနယ်အများကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်တာက ထိထိရောက်ရောက်ဆောင်ရွက်ဖို့ အကန့်အသတ်ဖြစ်စေခဲ့တယ်” လို့ သုံးသပ်ပါတယ်။

ပထမတစ်ချက်က သူတို့က တစ်နိုင်ငံလုံးအနေနဲ့ အဲဒီပါတီတွေကို စိတ်ဝင်စားမှုရှိပေမယ့်လည်း သူတို့ဝင်ပြိုင်တဲ့ မဲဆန္ဒနယ် တစ်နယ်ချင်းမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ မဲပေါ့နော်၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ထောက်ခံသူအရေအတွက်တွေ မရှိတာလည်း ပါပါတယ်၊ နောက် ဒုတိယတစ်ချက်ကတော့ အဲဒီပါတီတွေက ပထမအကြိမ် ရွေးကောက်ပွဲဝင်တာ ခြေစမ်းပွဲပဲလေ၊ အဲ့လို ခြေစမ်းပွဲမျိုးမှာ သူတို့က မဲဆန္ဒနယ်တွေ အများကြီး ဝင်ပြိုင်လိုက်တဲ့အခါကြတော့ သူတို့မှာရှိနေတဲ့ အကန့်အသတ်ရှိတဲ့ စွမ်းအားတွေ စွမ်းအင်အရင်းအမြစ်တွေကို ဖြန့်ပြီး သုံးလိုက်သလို ဖြစ်သွားတဲ့အခါကြတော့ မဲဆန္ဒနယ် တစ်နယ်ချင်းမှာ ထိထိရောက်ရောက် မဲဆွယ်စည်းရုံးမှုတွေ မလုပ်နိုင်တာလည်း ပါတာပေါ့၊ နောက် နံပါတ် ၃ ကတော့ ဦးကိုကိုကြီးတို့ ဒေါ်သက်သက်ခိုင်တို့ ပါတီတွေကြတော့ NLD ပါတီကို မဲကွဲအောင် ထောင်တဲ့ပါတီတွေဆိုတဲ့ ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိနေတယ်၊ အဲဒီဝေဖန်တိုက်ခိုက်မှုတွေကလည်း အတိုင်းအတာထိ ထိရောက်ခဲ့တယ်လို့ ကျနော်ထင်တယ်။”

ပါတီသစ်တွေအနေနဲ့ ရည်မှန်းချက်ကို အကန့်အသတ်နဲ့ပဲ ထားသင့်တယ်၊ မဲဆန္ဒနယ်တွေကို အသေအချာ ရွေးချယ်၊ လွှတ်တော်ထဲကို အရင်ရောက်အောင်ကြိုးပမ်းပြီး လူထုထောက်ခံမှုရအောင် လုပ်ဆောင်သင့်တယ်” လို့ ဦးရဲထွဋ်က အကြံပြုသွားပါတယ်။

ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကတော့  “ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသွားသူက ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်” လို့ သူ့အယူအဆကို မှတ်ချက်ပေးပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံမှာ အဓိက ဇာတ်ဆောင်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေဆဲပဲ၊ အဲဒီအတွက်ကြောင့်မလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ စဉ်းစားလိုက်ရင် နိုင်ငံရေးမှာ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေဘယ်သူရှိလဲဆို၊ ဒေါ်အောင်ဆန်းစုကြည်က နံပါတ် ၁ ဆိုတဲ့ အခြေခံနဲ့ပဲ လူတွေကြားမှာ ရှိနေကြတယ်။ အဲဒီတော့ ကျန်တဲ့သူတွေအတွက်က နိုင်ငံရေးက သိပ်တိုးလို့ မပေါက်တော့တဲ့ အနေအထားဖြစ်သွားတာပေါ့ဗျာ။”

NLD က သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရတဲ့အတွက်၊ လွှတ်တော်နဲ့ အစိုးရကြား အပြန်အလှန်ထိန်းကျောင်းမှု မရှိတော့သလို၊  NLD အမတ်တွေပဲ အုံနဲ့ကျင်းနဲ့ လွှတ်တော်ထဲရောက်သွားတဲ့အတွက် တွန်းတွန်းတိုက်တိုက် လွှတ်တော်ဖြစ်ဖို့တော့ မလွယ်တော့ဘူးလို့လည်း  ဒေါက်တာ မင်းဇော်ဦးက ဖြည့်စွက်ပြောဆိုသွားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အပြီးသတ်မဲရလဒ်တွေအရ၊ လွှတ်တော်အသီးသီးမှာ  ရွေးကောက်တင် မြှောက်ခံရတဲ့ ကိုယ်စားလှယ်စုစုပေါင်း  ၁,၁၁၇ ဦး ရှိပါတယ်။

အဲဒီအထဲမှာ NLD က ပြည်သူ့လွှတ်တော်၊  အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် နဲ့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင် စုစုပေါင်း လွှတ်တော်အမတ်နေရာ  ၉၂၀ ထိ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။