၂၀၂၁ ရခိုင်ဝန်ကြီးချုပ်သစ်အတွက် ပါတီကြီးတွေရဲ့ လျာထားချက်
ဝေမာထွန်း
2020.09.02
2020.09.02
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ (ခ) အရ တိုင်းနဲ့ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးနေပါပြီ။
ပဋိပက္ခတွေနဲ့ နိုင်ငံတကာက အာရုံစိုက်မှုများနေတဲ့ ရခိုင်ပြည်နယ်ထဲက ဘယ်လိုပုဂ္ဂိုလ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အလွန် ဝန်ကြီးချုပ်ဖြစ်သင့်ပါသလဲ။
လူမျိုးရေးပဋိပက္ခတွေကြုံတွေ့ခဲ့ရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ဖိအားပေးမှုတွေရှိပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေသလို ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံးမှာရှိနေတဲ့ ရခိုင်ပြည်နယ်အတွက် ၂၀၂၀ ရွေးကောက်ပွဲ အလွန် ဖြစ်လာမယ့် ဝန်ကြီးချုပ်ဟာ ဒေသခံ ရခိုင်တိုင်းရင်းသားဖြစ်ဖို့၊ လူထုယုံကြည်ကိုးစားသူဖြစ်ဖို့လိုသလို ရခိုင်ပြည်နယ်အခြေစိုက် ပါတီတွေထဲကဖြစ်ဖို့ ရခိုင်လူထုက လိုလားနေပါတယ်။
ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က လက်ရှိ ကိုယ်စားလှယ် လောင်းတွေထဲမှာ ဝန်ကြီးချုပ်အရည်အချင်းရှိသူတွေ အများအပြား ပါဝင်တာတွေ့ရပြီး ရခိုင်ပဋိပက္ခကို ဖြေရှင်း နိုင်မယ့် ရခိုင်တိုင်းရင်းသားတစ်ဦး ဝန်ကြီးချုပ်ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။
“လက်ရှိ ရခိုင်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံထားရသူတွေထဲမှာ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်နိုင် လောက်တဲ့ အရည်အချင်းရှိတဲ့သူတွေ အများကြီးပါတယ်လို့ မြင်တယ်။ ဒီတခေါက် ဝန်ကြီးချုပ် ဖြစ်သင့်တယ် လို့ ကျွန်တော်အနေနဲ့ Personal အမြင်အရတော့ ၂၀၀၈ ဖွဲ့စည်းပုံအောင်ကနေ ဆက်ပြီးတော့ သွားနေမယ် ဆိုရင် ပြည်မအခြေစိုက်ပါတီတွေနဲ့လည်း Relationship ကောင်းတဲ့သူ ဖြစ်ဖို့လိုတယ်။ အထူးသဖြင့် ရခိုင် လူထုနဲ့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးကောင်းတဲ့သူ ဖြစ်ဖို့ လိုတယ်။”
ရခိုင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင့်ဦးဆောင်ပါတီတို့ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ရတာဖြစ်လို့ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ မဲအောင်နိုင်ပြီး ပြည်ထောင်စုအစိုးရဖွဲ့နိုင်တဲ့ ပါတီကသာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဝန်ကြီးချုပ်တွေကို စိတ်ကြိုက်ခန့်အပ်ခွင့်ရမှာပါ။
ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ သဘောကျ ဝန်ကြီးချုပ် ခန့်အပ်ရေး ပြင်ဆင်ဖို့ လက်ရှိဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်းမှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်က လုပ်ဆောင်ခဲ့တာရှိပေမယ့် လွှတ်တော်အတွင်း ကိုယ်စားလှယ်အများစုရှိနေတဲ့ NLD ဘက်က လက်မခံလို့ အတည်မဖြစ်ခဲ့ပါဘူး။
မြောက်ဦးစစ်တမ်းစာအုပ်ကို ရေးသားခဲ့သူ ဦးမောင်မောင်စိုးက ရခိုင်လူထုကို ကိုယ်စားပြုတဲ့ ရခိုင်ပါတီက သူကို ဝန်ကြီးချုပ်မခန့်ဘဲ ပြည်မပါတီကပဲ နေရာယူဦးမယ်ဆိုရင် ရခိုင်ပြည်နယ်အခြေအနေက တိုးတက်ဖို့ ဝေးနေ ဦးမယ်လို့ သုံးသပ်ပါတယ်။
“ရခိုင်မှာ ရခိုင်ပါတီတွေက အားကောင်းပါတယ် ၂၀၁၀ မှာကော၊ ၂၀၁၅ မှာကော။ ရခိုင်လူမျိုးကို ကိုယ်စား ပြုတဲ့လူဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းပေးနိုင်တဲ့သူတစ်ယောက်လည်း ဖြစ်တယ် အဲလို လူမျိုးကို ဝန်ကြီးချုပ်ခန့်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်အတွက်တော့ ကောင်းလိမ့်မယ်ထင်ပါတယ်။ အဲလိုမဟုတ်ဘဲ ပြည်မမှာ အာဏာရတဲ့ နိုင်ငံရေးပါတီ တစ်ရပ်ရပ်က သူ့ပါတီကို ကိုယ်စားပြုတဲ့သူ၊ သူ့ပါတီ စကားနားထောင်တဲ့သူကို ခန့်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းဖို့က နည်းနည်း ခက်လိမ့်မယ် ထင်ပါတယ်။”
ပါတီကြီးတွေဖြစ်တဲ့ NLD နဲ့ USDP က မိမိပါတီသာ ရွေးကောက်ပွဲအောင်နိုင်လို့ အစိုးရဖွဲ့နိုင်ရင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ လျာထားသူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ထားမှာ မလွဲပါဘူး။
တဖက်မှာလည်း ရခိုင်တိုင်းရင်းသားပါတီတွေက အစိုးရဖွဲ့နိုင်တဲ့ပါတီတွေက တောင်းဆိုလာမယ်ဆိုရင် ဝန်ကြီးချုပ် အဆိုပြုနိုင်ဖို့ ကိုယ့်ပါတီကနေ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ဒီတာဝန်ကို ထမ်းဆောင်နိုင်မယ့် သူတွေကို လျာထား ထားကြပါတယ်။
USDP က ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ ၂၀၁၄ ကနေ ၂၀၁၅ အထိ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမောင်မောင်အုန်းမပါဝင်ပါဘူး။ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က အစိုးရဖွဲ့နိုင်ဖို့ ဦးစွာကြိုးပမ်းနေပြီး ဝန်ကြီးချုပ်အတွက် လျာထားချက်တွေရှိပေမယ့် အသေးစိတ်ပြောလို့မရသေးကြောင်းပြောပါတယ်။
ပါတီတွေက ဘယ်သူဘယ်ဝါကို ဝန်ကြီးချုပ်အဖြစ် လျာထားတယ်ဆိုတာကို ထုတ်မပြောတာဟာ ပါတီတွင်း စည်းလုံးညီညွတ်ရေးကို အဟန့်အတားမဖြစ်ဖို့နဲ့ နိုင်ငံရေးမှာ စကားမကျွံအောင် ထိန်းသိမ်းတဲ့ သဘောလို့ ပြောကြပါတယ်။
ရခိုင်အမျိုးသားပါတီကိုသာ ဝန်ကြီးချုပ်ခန့်အပ်ခွင့်နဲ့ ပြည်နယ်အစိုးရဖွဲ့ခွင့် ပေးမယ်ဆိုရင် တာဝန်ယူနိုင်မယ့် သူတွေကို ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ထားတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်း ကပြောပါတယ်။
“တကယ်လို့သာ သူ့တို့အနေနဲ့ ကျွန်တော်တို့ပါတီကို အစိုးရဖွဲ့ခွင့်ပေးမယ်၊ ဝန်ကြီးချုပ်ခန့်မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က မလုပ်နိုင်စရာတော့ အကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဦးညီပုကို NLD က ခန့်အပ်ခဲ့တယ်ဆိုရာမှာလည်း အရည်အချင်းရှိလို့ ခန့်အပ်ခဲ့တာမဟုတ်ဘဲ သူတို့ပါတီရဲ့ အကြီးအကဲ တစ်ယောက်မို့လို့ ခန့်အပ်ခဲ့တဲ့သဘောလို့ ကျွန်တော် မြင်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ကို အုပ်ချုပ်တဲ့ အခါမှာ အိုးနင်းခွက်နင်းဖြစ်တယ်။ ဒီအခြေအနေကို သင်ခန်းစာယူပြီးတော့ ကျွန်တော်တို့ စီမံခန့်ခွဲပိုင်ခွင့် သာရှိမယ်ဆိုရင် ဒီနေရာမှာလုပ်နိုင်မယ့် ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ဆီမှာ အများကြီးပါတယ်။ ဒါပေမဲ့ အဲဒီအခွင့်အရေးဆိုတာကတော့ နည်းနည်းဝေးသေးလို့ပေါ့။ အသေးစိတ်အစီစဉ်တော့ ကျွန်တော်တို့ ချထားခြင်းမရှိသေးပါဘူး။”
NLD က ဆိုရင် လက်ရှိရခိုင်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဦးညီပုကိုလာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ သူ့တို့ပါတီအားကောင်းတဲ့ ဂွမြို့နယ်ထဲက ပြည်နယ်မဲဆန္ဒနယ်မြေအမှတ် (၂) ကပဲ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
NLD ဟာ ရခိုင်ပြည်နယ်မှာ ဂွနဲ့ သံတွဲမြို့နယ်တွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အလားအလာ အားကောင်းပါတယ်။
NLD သာ အစိုးရဆက်ဖွဲ့နိုင်ရင် လက်ရှိဝန်ကြီးချုပ် ဦးညီပုကိုပဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်ထားမလား ဒါမှမဟုတ် NLD ပါတီတွင်းကဖြစ်စေ ရခိုင်ပါတီတွေထဲကဖြစ်စေ တခြားတစ်ဦးကို ရွေးချယ်မလားဆိုတာကတော့ ဒီအချိန်မှာ ဝေခွဲရခက်နေပါသေးတယ်။
NLD က အစိုးရ နောက်တကြိမ် ပြန်ဖွဲ့နိုင်မယ်ဆိုရင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရနိုင်ဖွယ်ရှိသူ နောက်တစ်ဦး ကတော့ ဒေါက်တာတင်မာအောင် ဖြစ်ပါတယ်။ ဒေါက်တာတင်မာအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် ကာလကြာရှည် တာဝန်ဆောင်ခဲ့ပြီး NLD အစိုးရဖွဲ့ပြီးတဲ့နောက်မှာတော့ နေပြည်တော်ကို စွန်ခွာပြီး ရခိုင်ပြည်နယ်မှာ လူမှုရေးလုပ်ငန်းတွေကိုသွေားရောက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
သူဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကနေ တောင်ကုတ်မြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ပါတယ်။
ALD ပါတီဝင် ဒေါက်တာတင်မာအောင် ဝန်ကြီးချုပ်ဖြစ်လာမလားဆိုပြီး ထင်ကြေးပေးခံရမှုအပေါ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဦးလှမြင့်က ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်း ရှိမှုကြောင့် ထင်ကြေးတွေပေးလာကြတာလို့ မှတ်ချက်ပြုပါတယ်။
“သူ့ရဲ့ လုပ်ပုံကိုင်ပုံနဲ့ သူဖြတ်သန်းတာနဲ့ သူတက်ထားတဲ့ အတက်ပညာနဲ့ အခြားသူတွေ ရခိုင်ပြည်နယ်ထဲမှာ ဝင်မယ်ဆိုတဲ့သူတွေနဲ့ ယှဉ်ရင် သူကပိုပြီးတော့ အရည်အချင်းရှိနိုင်တယ်လို့ ထင်တယ်။ အရည်အသွေး သူ့လောက်ပြည့်တဲ့သူ၊ သူနဲ့ယှဉ်ပြီး ပြည့်တဲ့သူရယ်လို့ မရှိဘူးဖြစ်တဲ့အတွက် လူတွေ ဒီလိုထင်ကြေးပေး တာလည်း ဖြစ်လိမ့်မယ်။”
ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲဝင်လာတာဟာ NLD နဲ့ ALD ပါတီကြား ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေမလားဆိုတဲ့အမြင်တွေလည်း ရခိုင်လူထုကြားရှိနေပြီး နှစ်ဖက်ပါတီကို RFA က မေးကြည့်ရာမှာတော့ တစ်စုံတစ်ရာ ညှိနှိုင်းထားမရှိဘူးလို့ ပါတီတာဝန်ရှိသူတွေက ဖွင့်ပြောပါတယ်။
“သေချာတာကတော့ ညှိနှိုင်းဖို့ဆိုတာထပ် ဒေါ်တင်မာအောင်က သူ့ရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ သူ့ပါတီကိုယ်စားပြု သူ့လူထုရဲ့ ကိုယ်စားပြုပြီး ဝင်ပြိုင်တာပါ။ ကျွန်တော်တို့နဲ့ ဘာမှ ချိတ်ဆက်ထားမှု မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း သူအနိုင်ရရင် သူ့ပါတီက အများစုအနိုင်ရရင် တမျိုးတဖုံတော့ ဖြစ်ချင်လည်းဖြစ်လာမှာပေါ့နော်။ အဲလောက်ပဲ ပြောချင်ပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် ပြောသွားတာပါ။
ဒေါက်တာတင်မာအောင်ကို လက်ရှိအချိန်မှာ မီဒီယာတွေနဲ့ထုတ်ဖော်ပြောဆိုဖို့ ALD ပါတီက ကန့်သတ်ထား ပါတယ်။
NLD ပါတီနဲ့ ဆက်ဆံရေးကောင်းတဲ့ ဒေါက်တာတင်မာအောင်သာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်လူထုကြား ဆက်ဆံရေးကောင်းလာနိုင်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဆောင်ရွက်နိုင်မယ်လို့ ထင်မြင်ချက်တွေရှိပါတယ်။
တဖက်မှာလည်း NLD ပါတီကို မကြိုက်ကြတဲ့ ရခိုင်လူထုက ဒေါက်တာတင်မာအောင် ဝင်ပြိုင်တဲ့ ALD ပါတီဟာ NLD ရဲ့ လောင်းရိပ်မိနေတဲ့ ပါတီဆိုတဲ့အမြင်နဲ့ ဒေါက်တာတင်မာအောင် ဝန်ကြီးချုပ်ဖြစ်ရေး ကို မလိုလားကြောင်း ပြောကြတာတွေလည်းရှိပါတယ်။
ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်အရ အမည်ထုတ်မပြောလိုဘူးဆိုတဲ့ စစ်တွေမြို့ခံ တစ်ယောက်က ဒေါက်တာ တင်မာအောင်ကို ပုဂ္ဂိုလ်ရေးအရ ကြိုက်ပေမယ့် NLD၊ USDP တို့လို ပါတီကြီးတွေနဲ့ ကင်းလွတ်သူ ကိုသာ ဝန်ကြီးချုပ်ဖြစ်စေလိုတယ်လို့ ထုတ်ပြောပါတယ်။
“ရှင်းရှင်းပြောရရင် NLD ကို ရခိုင်တွေ မကြိုက်ဘူး။ စောစောကပြောတဲံ အမျိုးသမီးဟာ ရခိုင်ပါတီတော့ ရခိုင်ပါတီပဲ အဲ့ဒီပါတီကို ရခိုင်အများစုက NLD လောင်းရိပ်မိနေတဲ့ပါတီလို့ ယူဆကြတယ်။ သူ့က ထူးချွန်တယ်၊ ထက်မြတ်တယ်။ တော်တယ်။ လက်ခံတယ် ဒါကို လူတွေ ဒါပေမယ့် သူကျောထောက် နောက်ခံပြုထားတဲ့ ပါတီက NLD ထီးရိပ်အောက်က ပါတီလို့ လူတွေအများစုက ယုံကြည်ထားကြတယ်။ NLD နဲ့ လွတ်ကင်းတဲ့ ပြည်ခိုင်ဖြိုးနဲ့လွတ်ကင်းတဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ”
တိုက်ပွဲတွေပြင်းထန်နေသလို စီးပွားရေးချွတ်ခြုံကြနေပြီး လက်ရှိမှာ ကပ်ဘေးနဲ့ပါ အပြင်းအထန် ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ကို ဦးဆောင်မယ့် ရခိုင်ဝန်ကြီးချုပ်ဟာ ရခိုင်လူထု သဘောကျနှစ်ခြိုက်သူ ဖြစ်ဖို့လိုသလို အဖက်ဖက် မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးဆောင် လုပ်ကိုင်နိုင်စွမ်းရှိသူဖြစ်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။