ကြားဖြတ်မှာ NLD ဘာကြောင့် မျှော်လင့်သလို မနိုင်ခဲ့သလဲ


2018.11.03
counting-votes-622.jpg ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်က မဲရုံတစ်ရုံမှာ မဲများရေတွက်စဉ်
Photo: Kyaw Zaw Win/ RFA

နိုဝင်ဘာ ၃ ရက်နေ့ မနေ့က ကျင်းပတဲ့ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် (၁၃) နေရာအနက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ နေရာမှာ အနိုင်ရပြီး ၆ နေရာမှာ ရှုံးနိမ့်သွားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။ အဓိကအတိုက်အခံဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ USDP က ၃ နေရာမှာ အနိုင်ရခဲ့ပါတယ်။ NLD ခေါင်းဆောင်တချို့ မျှော်လင့်ပြောဆိုခဲ့သလို ဘာကြောင့် မနိုင်ခဲ့ပါသလဲ။ ရလဒ်နဲ့ သုံးသပ်ချက်တွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်သူ့လွှတ်တော် (၄) နေရာ အနက် ကန်ပက်လက်၊ တာမွေ နဲ့ မြင်းခြံမြို့နယ်တွေမှာ NLD က အနိုင်ရပြီး လဲချားမြို့နယ်မှာတော့ SNLD ပါတီက အနိုင်ရသွားပါတယ်။ အမျိုးသားလွှတ်တော် (၁) နေရာမှာတော့ မြစ်ကြီးနား မြို့နယ်မှာ USDP ပါတီက အနိုင်ရပါတယ်။ မြစ်ကြီးနားမှာ ကချင်ပါတီ KDP က မဲ တစ်သောင်းရှစ်ထောင် ကျော်ရသလို NLD ကလည်း အလားတူ တစ်သောင်းကျော်ရခဲ့ပါတယ်။ ဒါပေမယ့် USDP ကမဲ ၂ သောင်းကျော်ရရှိပြီး နိုင်သွားခဲ့တာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် (၈) နေရာအနက် အုတ်တွင်း၊ သပိတ်ကျင်းနဲ့ မင်းဘူးမြို့နယ်တွေမှာ NLD က အနိုင်ရပြီး တမူးနဲ့ ဆိပ်ကမ်းမြို့နယ်တွေမှာ USDP၊ မတူပီမြို့နယ်မှာ ချင်းအမျိုးသားဒီမိုကရေစီပါတီ နဲ့ ရသေ့တောင် မြို့နယ်မှာ ဒေါက်တာအေးမောင်ရဲ့သား တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အနိုင်ရရှိပါတယ်။ တိုင်းရင်းသားလူမျိုးများလွှတ်တော်အတွက် မန္တလေးတိုင်းမှာ NLD က ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ဦးစိုင်းပန်းဆိုင် အနိုင်ရသွားပါတယ်။

NLD ခေါင်းဆောင်တွေ မျှော်လင့်ပြောဆိုခဲ့သလောက် အနိုင်မရခဲ့သလို မဲလာပေးသူ ဦးရေ နည်းပါးတဲ့အချက်တွေကို ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။

ဘာကြောင့်ထင်သလောက် အနိုင်မရခဲ့ပါသလဲ။ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းရဲ့ သုံးသပ်ချက်တွေက စိတ်ဝင်စားစရာပါ။

"ဆိပ်ကမ်းကတော့ ကြိုခန့်မှန်းပြီးသားပါ၊ ရှုံးနိုင်ခြေရှိတယ်။ မြစ်ကြီးနား ရှုံးတယ်၊ မတူပီ ရှုံးတယ်။ ဒါကတော့ စပရိုက်ပေါ့နော်။ အံ့အားသင့်ဖွယ်ကောင်းတယ်။ အဓိကက ထောက်ခံတဲ့သူတွေက မဲလာမပေးတာများတယ်။ ဆိပ်ကမ်းမြို့နယ်ဆိုရင် ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့သူတွေအားလုံးက မဲလာပေးကြတယ်။ ကျနော်တို့ဘက်က ကျနော်တို့ကို ထောက်ခံမယ့်သူတွေကို မဲလာပေးဖို့ မလှုံ့ဆော်နိုင်ခဲ့ဘူး။ ဒါကျနော်တို့ရဲ့ အားနည်းချက်ပေါ့နော်။ နောက်တစ်ခုက ဒါ ဝန်ထမ်းတွေ အဓိက ရှိတဲ့နေရာပေါ့နော်။ ဝန်ထမ်းတွေထဲမှာလည်း သဘောထား အပြောင်းအလဲရှိတယ်လို့ ကျနော်တို့ တွက်ဆလို့ရတယ်။ ဆိပ်ကမ်းကတော့ အစောကြီးထဲကလည်း ပြောနေတယ်။ ရှုံးသွားနိုင်ခြေရှိတယ်ဆိုတာမျိုး။ မြစ်ကြီးနားက အဓိကကတော့ ကချင်တိုင်းရင်းသားတွေက ကချင်ကို မဲပေးတယ်။ ကျနော်တို့ရဲ့ကိုယ်စားလှယ်က ကချင်ဆိုပေမယ့် NLD ကို ဗမာပါတီလို့ သတ်မှတ် ထားတော့ ကချင်မဲကို မရဘူး။ ပြီးတော့ ကျနော်တို့ကို ထောက်ခံတဲ့ ဗမာတိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသားတွေ ကျတော့လည်း မဲလာမပေးတာများတယ်။ တဘက်က ပြည်ခိုင်ဖြိုးကျတော့ သူ့ကိုထောက်ခံတဲ့သူတွေအကုန် မဲလာပေးတယ်။ ဒါ့အပြင် ကြိုတင်မဲကလည်း အခိုင်အမာ အများအပြား ရရှိထားတယ်။ ဒါနဲ့ ပြည်ခိုင်ဖြိုးက နံပါတ်တစ်နေရာ ရသွားတယ်။ ကချင်တိုင်းရင်းသားပါတီက နံပါတ်နှစ်၊ ကျနော်တို့က နံပါတ်သုံးနေရာပဲ ရတယ်။ တမူး ရှုံးတယ်ဆိုတာ ၂၀၁၅ တုန်းကလည်း ကျနော်တို့ ရှုံးတယ်။ တမူး ရှုံးတဲ့ကိစ္စကတော့ ပါတီပိုင်း ဖိဖိစီးစီးလုပ်ဖို့ အားနည်းတယ်လို့ ကျနော်မြင်တယ်။ ခန့်မှန်းကြည့်တာက တမူးက သေသေချာချာ ဖိဖိစီးစီး လုပ်မယ်ဆိုလို့ရှိရင် နိုင်နိုင်တယ်လို့ မြင်ထားတယ်။ ဒါပေမဲ့ ရှုံးသွားတယ်ဆိုတာကတော့ ကျနော့်အတွက် အံ့အားသင့်ဖွယ် ဖြစ်တယ်ပေါ့။ တမူးကတော့ မရှုံးသင့်ပဲ ရှုံးသွားတယ်လို့ မြင်တယ်။ နောက် မတူပီ ပေါ့။ ချင်းမှာ ကြားဖြတ် နှစ်နေရာရှိတယ်၊ တစ်ခုက ကန်ပက်လက်၊ တစ်ခုက မတူပီ ပေါ့။ တကယ်တမ်း အားနည်းနေတာက ကန်ပက်လက်က အားနည်းနေတာ။ မတူပီက ဒီလောက်အားမနည်းဘူး။ ကန်ပက်လက်ကတော့ ၂၀၁၅ တုန်းက အားနည်းခဲ့တယ်။ ဒါပေမဲ့ ကန်ပက်လက်က နိုင်သွားခဲ့တယ်ပေါ့။ မတူပီ ရှုံးသွားတဲ့ကိစ္စမှာ ဘာကြောင့် ရှုံးသွားလဲဆိုတာ မဖြေနိုင်သေးဘူး။ အဲဒီမှာ ရွေးထားတဲ့ကိုယ်စားလှယ်က ဘယ်နေရာတွေ ဘယ်နေရာတွေက မဲရလဲဆိုတာ ပြန်ကြည့်ရဦးမယ်။ ချင်းမှာက မျိုးနွယ်စုတွေကလည်း စကားပြောတယ်။ ကျနော်တို့ဘက်က အားနည်းချက်တွေရှိတယ်။ ဒါတွေကို ပြန်ကြည့်ဖို့လိုမယ်လို့ ကျနော်မြင်တယ်"

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ဦးတင်ထွဋ်ဦး ကတော့ ဒီပွဲမှာ မဲပေးသူနည်းပါးတာကို သူ သတိပြုမိပါတယ်။ ဒါပေမဲ့ ၂ဝ၂ဝ အတွက်တော့ သိပ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ကောက်ချက်ချပါတယ်။

"မဲမပေးတဲ့အရေအတွက်ကတော့ များနေပါတယ်။ ဒါပေမဲ့ များတဲ့အပေါ်မှာတော့ တချို့က ရလဒ်ပေါ်မှာ ယုံကြည်လို့ မပေးတာလည်း ရှိနိုင်သလို၊ နောက်ပြီးတော့ ကြားဖြတ်ဖြစ်တဲ့အတွက် သိပ်ဘာမှ အပြောင်းအလဲ အရေးမကြီးှဘူးလို့ ယူဆနိုင်သူတွေ ရှိနိုင်ပါတယ်ဗျ။ မကျေနပ်လို့ မပေးချင်တဲ့သူလည်း ရှိကောင်း ရှိနိုင်ပါတယ် ခင်ဗျာ။ သို့သော် ဘာပဲပြောပြော နိုင်ငံရေး ရေချိန်ပေါ်မှာတော့ မြင့်တယ်လို့  ကျနော်တို့ ယူဆပါတယ်"

ဦးမျိုးရန်နောင်သိန်းကလည်း NLD အပေါ် လူထုယုံကြည်မှု မြင့်မားဆဲပါ။ ဒါပေမယ့် အသေအချာ ဝေဖန်သုံးသပ် ဖို့တော့ လိုမယ်လို့ ပြောပါတယ်။

"ပြောကြမှာပေါ့ဗျာ။ အခုက NLD အစိုးရကို လူကြိုက်နည်းတယ်တို့ ဘာတို့။ အဲဒါမဟုတ်ဘူးဗျ။  ၂၀၁၅ တုန်းကကျတော့ ဒါက လှုပ်ရှားမှုတစ်ခုဖြစ်တယ်ဆိုပြီး ဝင်ပါကြတာ။  မဲပေးတဲ့ ရာခိုင်နှုန်းကျတယ်ဆိုတာက တခြား ဒီမိုကရေစီ နိုင်ငံကြီးတွေမှာလည်း မဲကို မဖြစ်မနေပေးရမှာမျိုးမဟုတ်ရင် ရာခိုင်နှုန်းက ကျတာပဲ။ လူထုစိတ်ဝင်စားမှု ပြန်ပြီး မြှင့်တင်ပေးရမှာပေါ့။ တကယ်တော့ ဒီမိုကရေစီကို လိုလားတယ်ဆိုရင် မဲပေးပါလို့ လုပ်ကိုလုပ်ရမှာ။ နောက်တစ်ခုက ပြည်သူတွေထဲမှာ စီးပွားရေးကျတာကလည်း ရိုက်ခတ်မှုတစ်ခုရှိမယ်လို့ ကျနော်ထင်တယ်။ ငါတို့မဲပေးလည်းမထူးပါဘူးကွာလို့ စိတ်ဖြစ်သွားလားဆိုတဲ့ မေးခွန်းလည်းမေးရမယ်လို့ ကျနော်တို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ ပြည်ခိုင်ဖြိုးကို အားပေးတဲ့သူတွေက အကုန်မဲသွားပေးကြတယ်။ ကျနော်တို့ကို အားပေးတဲ့သူတွေက မဲမပေးကြဘူး။ ကျနော်တို့ဆိုတာက ဒီမိုကရေစီအင်အားစုတွေပေ့ါနော်။ ဒါမျိုးက ချောင်းဆုံမှာ ရှုံးသွားတဲ့ကိစ္စလည်း အဲလို ရှုံးခဲ့တာပဲ"

NLD ပါတီဝင်မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံထောက်ခံသူတစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် ဒေါ်ရီရီမြင့်ကတော့ အခုလို ၇ နေရာပဲ အနိုင်ရပြီး လာရောက်မဲပေးသူ နည်းပါးမှုဟာ NLD ကို သတိပေးလိုက်တာပဲလို့ ဝေဖန်ပါတယ်။

"ပါတီအနေနဲ့လည်း သူတို့ စိတ်ဝင်စားပြီး စိုးရိမ်သွားမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက မဲလာပေးတဲ့ လူဦးရေ နည်းသွားရတဲ့အကြောင်းအရင်းကတော့ ပြည်သူလူထုအနေနဲ့ သူတို့စိတ်ပူနေတဲ့အရာတွေအပေါ်မှာ သိပ်ပြီး ဖြေလျော့မှု မပေးနိုင်ဘူးထင်တော့လည်း သူတို့ အာရုံစူးစိုက်မှု နည်းတာလား၊ ဒီကိစ္စအပေါ်မှာ ရင်ထဲမှာ ခံစားချက် ရှိနေတာလား မသိဘူး။ ပါတီက လူကြီးတွေအနေနဲ့ရော တခြားနိုင်ငံရေး စိတ်ဝင်စားတဲ့လူတွေ အနေနဲ့ရောက စိတ်ပူစရာကိစ္စလို့တော့ ထင်ပါတယ်"

အမေရိကန်ပြည်ထောင်စုရောက် ၈၈ အရေးတော်ပုံ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမောင်မောင်သိန်းကလည်း NLD အနေနဲ့ ပြင်ဆင်သင့်တာတွေ ရှိနေပြီလို့ ပြောပါတယ်။

"၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်ပြီး မဲပေးလိုက်ဆိုတော့ ပါတီကို ကြည့်ပြီးတော့ ယုံယုံကြည်ကြည်နဲ့ မဲပေးလိုက်တယ်။ ကိုယ်စားလှယ်တွေက တကယ်အလုပ်လုပ်တဲ့အချိန်မှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အခါကျတော့ ထွေအုပ်ကလူတွေက အဓိကထားပြီး အုပ်ချုပ်သလိုဖြစ်နေတဲ့အခါကျတော့ ထွေအုပ်က လူတွေနဲ့ပဲ ပြည်သူလူထုက တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာကို။ အဲဒီတော့ ၆ နေရာမှာ ရှုံးရတာပေါ့ဗျာ။ နောက်တစ်ခါ တိုင်းရင်းသားနေရာတွေမှာကျတော့လည်း ငြိမ်းချမ်းရေးဆိုတဲ့ အဓိက လုပ်ငန်းစဉ်ကို မဖော်ဆောင်နိုင်တဲ့အခါကျတော့လည်း တိုင်းရင်းသားတွေကလည်း စစ်ဘေးဒုက္ခတွေနဲ့ စိတ်ဆင်းရဲနေပြီလေ။ အဲဒီတော့ ကိုယ့်တိုင်းရင်းသားခေါင်းဆောင်ကိုပဲ ရွေးချယ်မှာပေါ့။ ဒါကတော့ထုံးစံပဲ။ NLD အနေနဲ့ လုပ်ရမယ့် အလုပ်တွေကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာပြောထားတဲ့ ကတိတွေကို တည်အောင်၊ အလုပ်တွေများများလုပ်နိုင်အောင်၊ နောက်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေကိုလည်း တကယ်အရည်အချင်း ပြည့်မီတဲ့ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်တင်မြောက်ပေးဖို့ လိုအပ်လာပြီဆိုတာကို အဖြေပေါ်လာတဲ့ အဓိပ္ပာယ်ပါ "

အခုရရှိတဲ့ ရွေးကောက်ပွဲရလဒ်တွေဟာ NLD အသိုင်းအဝန်းနဲ့ ၈၈ ငြိမ်းပွင့်အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်မပြုသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။