လွှတ်တော်ကိုယ်စားလှယ်ရွေးပွဲ မမျှတမှု NLDခေါင်းဆောင်တွေ သတိပြုမိ ဟုဆို

ခင်မောင်စိုး
2020.06.18

လာမယ့် ရွေးကောက်ပွဲအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေကို ဒီရက်ပိုင်းရွေးချယ်ခဲ့ရာမှာ ပါဝင်သင့်သူတွေ မပါခဲ့တဲ့အတွက် ပါတီခေါင်းဆောင်ပိုင်းကို တိုင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မြို့နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲမှာ ပါတီခေါင်းဆောင်တွေရဲ့ မူလရည်မှန်းချက်နဲ့ ကွဲလွဲပြီး အုပ်စုဖွဲ့ ရွေးချယ်မှုတွေပေါ်ပေါက်ခဲ့တာ မှန်ကန်ပါတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး စာရေးဆရာ မုံရွာအောင်ရှင် က ပြောပါတယ်။

“ ၂ဝ၂ဝ မှာ မြို့မိမြို့ဖ နဲ့ ပူးပေါင်းလုပ်တဲ့ အစီအစဉ်က တကယ်တော့ ၂ဝ၁၅ တုန်းက ကိုယ်စားလှယ်လောင်း ရွေးချယ်တာတွေမှာ အားနည်းတယ်လို့ ယူဆပြီးတော့ ပိုပြီး ကောင်းအောင် ပိုပြီး စုံစုံညီညီဖြစ်အောင် အဲဒီရည်ရွယ်ချက်နဲ့ စီစဉ်တာဘဲ၊ သို့သော် စီစဉ်တဲ့နေရာမှာ အုပ်စုပုံစံတွေ ပါလာတာပေါ့ဗျာ၊ တကယ်ကောင်းတဲ့ဟာက ပြောစရာဖြစ်လာတာပေါ့လေ၊ အခု မြို့နယ်တွေ တော်တော်များများမှာ အဲဒီပြသနာတွေဖြစ်နေတာ၊ တချို့မြို့နယ်တွေဆိုရင်  ပေါက်ကွဲပြီးတော့ တိုင်းရုံးတွေကို လာပြီး တိုင်ကြတာရှိတယ်”

နိုင်ငံရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှဟာ တချိန်က NLD မှာ တက်ကြွစွာပါဝင်ခဲ့သူပါ။ သူမ ပါဝင်လှုပ်ရှားခဲ့စဉ်ကတော့ အခုလို အုပ်စုဖွဲ့တာမျိုး မရှိပါဘူးလို့ ဆိုပါတယ်။

“ပါတီလုပ်ငန်းစဉ်တွေမှာ ကျမတို့ ရိုးရိုးသားသားလုပ်ခဲ့တယ်။ ကျမတို့ မှော်ဘီမြို့နယ်မှာလည်း  သိပ်ဆိုးဆိုးရွားရွားမရှိခဲ့ဘူး။ ၁၉၉ဝ  ရွေးကောက်ပွဲမှာလဲ ကျမတို့ ကိုယ်လုပ်နိုင်တာ တာဝန်ကျေကျေလုပ်ခဲ့ကြတယ်။ အုပ်စုဖွဲ့တာ ရှုပ်ရှုပ်ထွေးထွေး ဘာမှမရှိပါဘူး။ အခု ကိစ္စမှာတော့ ဘာမှ ဝေဖန်ချက်မပေးချင်ဘူး။

NLD လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအာကာမျိုးထက်က အခု ၂ဝ၂ဝ ရွေးကောက်ပွဲအတွက်  ကိုယ်စားလှယ်လောင်း ရွေးချယ်ပုံဟာ  ၂ဝ၁၅ ရွေးကောက်ပွဲကထက် ပိုမိုကောင်းမွန်ပေမယ့် အုပ်စုဖွဲ့မှုတွေ ရှိခဲ့တာတော့ အမှန်ပါပဲ။ အဲဒီလို  အုပ်စုဖွဲ့ရွေးချယ်မှုဟာ တိုင်းဒေသကြီး လွှတ်တော်အဆင့်မှာ ပိုများခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ အရင်ကထက်စာရင်ကောင်းသွားတယ်။ ဒါပေမယ့် အုပ်စုဖွဲ့မှုရှိတယ်။ အဓိကအားဖြင့် တိုင်းအဆင့်တွေမှာရှိတယ်။ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်က ဗဟိုထိန်းချုပ်မှုအောက်မှာ ရှိတာဖြစ်တဲ့အတွက် သူတို့ကသိပ်ပြီးတော့ မထည့်ရဲဘူး။ ဒါပေမဲ့တိုင်းတွေကျတော့ ဒီလောက်တော့ မစိစစ်နိုင်ပါဘူးကွာဆိုပြီး  ဝင်တိုးကြတဲ့သဘောပဲ ”

ဆရာ မုံရွာအောင်ရှင်က အခုဖြစ်ပွားခဲ့တာတွေကို ပါတီခေါင်းဆောင်ပိုင်းက ပြင်ဆင်မယ်လို့ သူ ယုံကြည်ကြောင်း ပြောပါတယ်။

“ ဒီလိုဖြစ်နေတာကို ဗဟိုက ပိုပြီး အာရုံစိုက်မိတယ်။ လက်တွေ့လည်း တွေ့လာတယ်လေ။ တကယ်ပါဝင်ရမယ့် သူတွေ နောက်ကျန်ရစ်ခဲ့ပြီလေ- ဥပမာ ကိုအောင်ကြည့်ညွှန့်လို ပုဂ္ဂိုလ်မျိုး ၊ မန္တလေးမှာဆိုရင်လဲ ကျော်စိုးလင်းတို့၊ ကိုမျိုးနိုင်တို့ ကျန်ခဲ့တယ်။ တော်တော်များများကျန်တာ တွေ့လာရတော့ ဒါတွေက အုပ်စုရဲ့သဘောပဲ ဆိုတာ ပိုပြီး ပီပြင်လာတယ်။ ဒါပေမယ့် သူတို့ နောက်ထပ်အဆင့် ၂ ဆင့်ကို ကျော်ဖြတ်ရဦးမှာ။  အခု မြို့နယ်က အခြေခံအဆင့်၊ ဒုတိယက တိုင်း ဒါမှမဟုတ် ပြည်နယ်အဆင့်၊ နောက်ဆုံးစိစစ်မှာက ဗဟိုပေါ့။ အုပ်စုပုံသဏ္ဍာ န်နဲ့တက်လာသူတွေ ဗဟိုကျရင် ကျန်ရစ်ခဲ့မယ်လို့ ယုံကြည်တယ် ”


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်အဆင့်ရွေးပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မမှန်မကန်မှုတွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေက ဘယ်လို ပြင်ဆင်တည့်မတ်မှာလဲ ဆိုတာကို လူထုက စောင့်ကြည့်နေမှာ အမှန်ပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။