စေ့စပ်ဆွေးနွေးရေး မဖြစ်နိုင်သေးဘူးလို့ နယ်ပယ်ပေါင်းစုံက သုံးသပ်နေကြ

2021.11.18
စေ့စပ်ဆွေးနွေးရေး မဖြစ်နိုင်သေးဘူးလို့ နယ်ပယ်ပေါင်းစုံက သုံးသပ်နေကြ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘန်ကောက်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြသော မြန်မာနိုင်ငံသားများ။
Photo: RFA

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြဖို့ အပါအဝင် အချက် ၅ ချက်ကို ပြီးခဲ့တဲ့ ဧပြီလ အာဆီယံညီလာခံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည်မဖော်တဲ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို ပစ်မှတ်ထား ဖမ်းဆီးတရားစွဲတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်တာတွေပါ ပိုတိုးလုပ်ဆောင်လာနေပါတယ်။

အထူးသဖြင့် မြန်မာ့အရေး စေ့စပ်ညှိနှိုင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့ထဲမှာ ပါတဲ့ တရုတ်၊ ဂျပန် နဲ့ ထိုင်းနိုင်ငံက သံတမန်တွေ မြန်မာပြည်ကို ရောက်နေတဲ့အချိန် စစ်ကောင်စီက အမှု ၁၁ မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့် အပါအဝင် ခေါင်းဆောင် ၁၆ ဦးကို ရွေးကောက်ပွဲ မသမာမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ရက်က စွဲချက် ထပ်တိုးလိုက်တာဟာ နိုင်ငံတကာနဲ့မြန်မာပြည်သူတွေ လိုလားနေတဲ့ စေ့စပ်ဆွေးနွေးပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေးလမ်းဟာ ပိုပြီးအလှမ်းဝေးသွားစေပါတယ်။



ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေးဘူးဆိုတာကို ပြသလိုက်တာပဲလို့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်က ဒေါက်တာတင့်ဆွေက ပြောပါတယ်။

"ကျနော်တို့နိုင်ငံရဲ့ လက်ရှိပြဿနာအကြီးကြီးမှာ တွေ့ဆုံဆွေးနွေးရေးဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်မှာလည်း ပါသလို ကုလသမဂ္ဂတို့၊ အမေရိကန်ပြည်ထောင်စုတို့ EU တို့ကပါ တွေ့ဆုံဆွေးနွေးရေးကို တွန်းကြပါတယ်။ တွန်းတဲ့အချိန်မှာ စစ်ကောင်စီက လိုက်လျောမှု မပြရုံသာမက ပိုပြီးတော့တောင် ဆိုးလာတဲ့အတွက် ကျနော်တို့ နိုင်ငံရဲ့ ဖြေရှင်းရေးမှာ တောင်းဆိုတဲ့ဘက်က တိုက်တွန်းတဲ့ဘက်က ဆုံးဖြတ်ချက် ချတဲ့ဘက်ကတော့ တွေ့ဆုံဆွေးနွေးရေးကို လက်မလွှတ်ဘဲ ဆက်ပြီးတော့ ပြောဆိုဆောင်ရွက်နေတာ မှန်တယ်။ ဆက်လုပ်ရမယ်။ တကယ်တမ်းအဖြေရှာမှု၊ အဖြေထွက်လာမှုကတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြစ်ကောင်းမှဖြစ်မယ်"

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးမဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံရေးပြဿနာတခု ဖြစ်တာကြောင့် ပုံသေတွက်ချက်လို့ မရဘူးလို့ ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန်းရွှေတို့ လက်ထက်မှာလည်း တရားစွဲခဲ့တာပဲ။ အချိန်တန်တော့ လွှတ်ပေးလိုက်တာတွေရှိတယ်။ အခုကလည်း နိုင်ငံတကာက တွေ့ဆုံဆွေးနွေးဖို့ ပြောတယ်။ အာဆီယံကလည်း တောင်းတယ်ပေါ့။ အဲဒီလိုအနေအထားမျိုးမှာ အခုလို အမှုတွေ တစ်ခုပြီး တစ်ခုထပ်စွဲနေတဲ့ အနေအထားရောက်လာတာ ဘာကို ညွှန်ပြနေသလဲဆိုတော့ အခုအနေအထားမှာ တွေ့ဆုံဆွေးနွေးရေးဟာ မဖြစ်နိုင်ဘူးဆိုတဲ့ နိုင်ငံရေးညွှန်းကိန်းလို့ပဲ ကျနော်မြင်တယ်။ လောလောဆယ်လဲ ဘီလ်ရစ်ချတ်ဆန်တို့ ဂျပန်က ဆာဆာကာဝါတို့ ရောက်နေတာ။ သူတို့လည်း ဝိုင်းတော့ ကြိုးပမ်းနေကြတာပဲ။ ဒါပေမဲ့ ဒီအခက်အခဲတွေက ပြေလည်မယ်ဆိုလည်း ချက်ခြင်းပြေလည်မှာ။ ဒန်နီ ဖန်စတားကြည့်ပါလား။ ၁၁ နှစ်ချထားတာ။ ဒါပေမဲ့ အခြေအနေတစ်ခု အောက်မှာတော့ ချက်ခြင်းပြေလည်သွားတာ။ ဒီလိုလည်း ဖြစ်နိုင်ပါတယ်။ ဒါက နိုင်ငံရေးပြဿနာဖြစ်လို့ ပုံသေကားချပ်တော့ ဘယ်အရာမှ ထည့်တွက်လို့ရတာ မရှိဘူး"

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင် ၁၆ ယောက်ကို ရွေးကောက်ပွဲ မသမာမှုနဲ့ ထပ်မံတရားစွဲတဲ့နေ့ဟာ စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုတို့ လဝက ဥပဒေတို့နဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို လွှတ်ပေးလိုက်တဲ့နေ့လည်း ဖြစ်ပါတယ်။

36937a7e-2be6-492f-9ca6-82f7a085aacb.jpeg
အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၁ နိုဝင်ဘာ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။ (Photo: Myanmar Military)

စစ်ကောင်စီဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအရ ကစားနေတာဖြစ်တဲ့အတွက် သူတို့ဒီလိုစွဲချက်တင်တိုင်း စိုးရိမ်စရာမလိုပါဘူးလို့ နော်ဝေးအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောတယ်။

"စစ်အုပ်စုရဲ့စဉ်းစားပုံ စဉ်းစားနည်းက တခါတလေကျရင် စဉ်းစားရတာတောင် နည်းနည်းခက်တယ်ပေါ့နော်။ ဥပမာ အမေရိကန် သတင်းထောက် ဒန်နီဖန်စတားဆိုရင်လည်း နောက်ထပ် နှစ်မှုနဲ့ ထပ်စွဲပြီးတော့မှ လွှတ်လိုက်တာပဲလေ။ သူတို့စွဲချင်တဲ့အချိန် စွဲချင်တဲ့အမှုနဲ့ စွဲမယ်။ လွှတ်ချင်တဲ့အချိန်လွှတ်မယ်။ ဖြေလျှော့လိုက်မယ်။ စသဖြင့်ပေါ့လေ။ နိုင်ငံတကာဖိအားတွေ များလာရင် လျှော့ပေးလိုက်မယ်။ အဲဒီလိုလျှော့ပေးလိုက်တဲ့အခါမှာလည်း သူတို့ဘက်က အများကြီးလျှော့ပေးတယ်ဆိုတာ ပြချင်တဲ့ သဘောမျိုးဖြစ်အောင်လည်း လုပ်ဆောင်တဲ့ သဘောမျိုး ရှိတတ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ဒီလိုထပ်စွဲတာတွေက သိပ်ပြီးတော့ ထိရောက်လိမ့်မယ်လို့ မထင်ပါဘူး"

တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းကတော့ စစ်ကောင်စီရဲ့ လက်ရှိလုပ်ရပ်တွေက စေ့စပ်ညှိနှိုင်းရေးကို ဦးတည်နေတာမဟုတ်ဘူး၊ အယောင်ပြ စေ့စပ်ညှိနှိုင်းမှုမျိုးတွေကို ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

"အဓိကတော့ မင်းအောင်လှိုင်က သူ့ရဲ့တကိုယ်ရေအာဏာရရေးတခုအတွက် တိုင်းပြည်နဲ့ တိုင်းပြည်က အင်စတီကျူးရှင်းအားလုံးကို ချောက်ထဲဆွဲချသွားတာ။ အခုထိလည်း ရှင်းရှင်းလင်းလင်းနဲ့ အမှန်တရားကို မြင်ကပုံမပေါ်သေးဘူး။ အဲဒီအတွက် စေ့စပ်ညှိနှိုင်းမှု ဆိုတာကလည်း သူတို့ခံစားနေရတဲ့ဖိအားတွေ လျှော့ကျသွားအောင် လုပ်တဲ့ စေ့စပ်ညှိနှိုင်းမှုပဲ ဖြစ်လိမ့်မယ်။ ကျနော်တို့ကတော့ စေ့စပ်ညှိနှိုင်းမှုနဲ့ ပတ်သက်ရင် ရှင်းတယ်။ စကစဟာ သူတို့ ကျူးလွန်ခဲ့တာ အားလုံးအတွက် ပြစ်ဒဏ်ပြန်ခံရမယ်။ နစ်နာခဲ့သူ အားလုံးအတွက် တရားမျှတမှုကိုပြန်လည်ဖော်ဆောင်နိုင်ရမယ်။ တိုင်းပြည်ရဲ့ ဖယ်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးမှာ ဘယ်လိုဆက်သွားမယ် ဆိုတာကို တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ စုပေါင်းအဖြေရှာပြီး လွတ်လွတ်လပ်လပ် သွားတဲ့ပုံစံမျိုးပဲဖြစ်ရမယ်။ အယောင်ပြ အနှစ်သာရမရှိတဲ့ ညှိနှိုင်းမှုတွေ ကျနော်တို့ လက်မခံဘူး။ ရှိလာရင်လည်း ဆက်ပြီးတိုက်ပွဲဝင်နေမှာပဲ"

စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးရေးဟာ လက်တွေ့မှာ မဖြစ်နိုင်သေးဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှာ ပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း နိုဝင်ဘာ ၁၆ ရက်နေ့ (NUCC) ရဲ့ အွန်လိုင်းသတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး လူထုဆန္ဒပြပွဲတွေကို စစ်တပ်ကအကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့နောက် နိုင်ငံတွင်း အကြမ်းဖက်မှု ရပ်စဲရေး၊ သက်ဆိုင်သူအားလုံး အပြုသဘောဆောင် ဆွေးနွေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံက မြန်မာကို လူသားချင်းစာမှု အကူအညီပေးခွင့်ရရေးနဲ့ အာဆီယံအထူးသံတမန် မြန်မာသို့ လာရောက်ခွင့်ပြုရေးတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် အခုအချိန်အထိ လိုက်နာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်တာတော့ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။