နွားထိုးကြီးမြို့နယ်မှာ NLD ပါတီဝင် လေးဦးအပါအဝင် ဒေသခံ ခြောက်ဦးသတ်ဖြတ်ခံရ

RFA Burmese
2022.12.08
နွားထိုးကြီးမြို့နယ်မှာ NLD ပါတီဝင် လေးဦးအပါအဝင် ဒေသခံ ခြောက်ဦးသတ်ဖြတ်ခံရ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာအုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တချို့အား ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Natogyi Township Info Committee NLD

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မင်းရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လေးဦးနဲ့ အရပ်သား နှစ်ဦး စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၆ ရက်ညမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

NLD ပါတီဝင်တွေဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် ဦးကျော်ဆောင်၊ အသက် ၆၃ နှစ်အရွယ် ဦးခင်အောင်စိန်၊ အသက် ၄၂ နှစ်အရွယ် ဦးဟန်တင်၊ ကိုမင်းဇော်နဲ့ ဒေသခံတွေဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုစိုးပိုင်၊ အသက် ၁၇ နှစ်အရွယ် ကိုအောင်ကိုမင်း ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတာပါ။

“အိမ်မှာလည်း လာဖမ်းသွားတယ်။ လမ်းပေါ်မှာ ရပ်ကြည့်နေလို့ ဖမ်းခေါ်သွားတာ တွေလည်းရှိတယ်"

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၃၀ နီးပါး ဒီဇင်ဘာလ ၆ ရက်၊ ည ၉ နာရီဝန်းကျင်မှာ ကားနှစ်စီးနဲ့ ရောက်လာပြီး NLD ပါတီဝင်တွေနဲ့ ရွာသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ မင်းရွာက အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုခေါ်တဲ့ပုံစံက ဓာတ်ပုံနဲ့တကွလာတာ၊ နာမည် စာရင်းနဲ့လေ။ ပါတီဝင် လေးယောက်ကတော့ သူတို့ဦးတည်ချက် လေးယောက်ပေါ့။ အလောင်းက မင်းရွာရဲ့ မြောက်ဘက် ရွာနှစ်ရွာကြားမှာ တံတားလေးတစ်စင်းရှိတယ်။ အဲဒီတံတားနားမှာ သုံးယောက်ကို စွန့်ခဲ့တယ်။ နောက်ထပ်သုံးယောက်ကိုကျတော့ မင်းရွာရဲ့ တောင်ဘက် လမ်းဘေးမှာ ချခဲ့တယ်။ သုံးလောင်း၊ သုံးလောင်း။ သူတို့ပြီးတဲ့အချိန်မှာ သေနတ် နှစ်ချက်ဖောက်တယ်”

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို ပစ်မှတ်ထားလေ့ရှိတယ်လို့ နွားထိုးကြီးမြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

“အိမ်မှာလည်း လာဖမ်းသွားတယ်။ လမ်းပေါ်မှာ ရပ်ကြည့်နေလို့ ဖမ်းခေါ်သွားတာ တွေလည်းရှိတယ်။ ပြီးတော့ ဖုန်းထဲက အောင်နိုင်ရေးနဲ့ ပတ်သက်တဲ့ ပုံလေးတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ပုံလေးတွေ ပါမှာပေါ့။ အဲဒီလူတွေကို ဖမ်းပြီးတော့ သတ်ပစ်တယ်ပြောတယ်။ အဓိကလုပ်တာက မြင်းခြံက သီတာယုမွန်ဆိုတဲ့ ပျုစောထီးက လုပ်တာ။ သူက စီမံချက်နဲ့ကို လုပ်တာ။ PDF တွေကလည်း အဲဒီဘက် တွေက ပျုစောထီးတွေ ခေါင်းထောင်နေတော့၊ ရွာကလည်း ရွာကြီးဆိုတော့ PDF တွေက ပြောက်ကျားစနစ်နဲ့ သွားသွားရှင်းတာ”

နွားထိုးကြီးမြို့နယ် ကြောင်နံရွာက အသက် ၅၅ နှစ် အရွယ် စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နဲ့ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကိုကောင်းထက်နိုင်တို့နှစ်ဦးဟာ ဒီဇင်ဘာလ ၅ ရက် က မင်းရွာအနီး သတ်ဖြတ်ခံလိုက်ရပါတယ်။ သူတို့နှစ်ဦးကို PDF တွေက သတ်ဖြတ်ခဲ့တာလို့ ပြောကြပါတယ်။

ဒါဟာ လက်တုံ့ပြန်မှုဖြစ်တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်သောကြာက သုံးသပ်ပါတယ်။

“အုပ်ကြီးသားအဖကို ရှင်းလိုက်တဲ့အတွက် အုပ်ကြီးမှာ လက်လုပ်ပစ္စည်း (သေနတ်) ရယ်၊ အသီး (ဗုံး) တစ်လုံးရယ် ရခဲ့တယ်လေ။ မြင်းခြံက နာမည်ကြီးနေတဲ့ သီတာယုမွန် ပျုခေါင်းဆောင်နဲ့လည်း အဆက်အသွယ်ရှိတော့ သူက NLD ပါတီဝင်တွေလည်း ဖြစ်တယ်၊ အပြစ်မဲ့ပြည်သူတွေလည်း ဖြစ်တဲ့သူတွေကို လာရောက်ပြီးတော့ ရက်ရက် စက်စက်ပဲဗျာ လက်ပြန်ကြိုးတုတ်ပြီး မျက်နှာတွေ၊ ပါးစပ်တွေကို အဝတ်စည်းပြီးတော့ သေနတ်နဲ့ တေ့ပစ်သွားတာဗျာ”

natogyi-nld.jpg
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တချို့အား ၂၀၂၀ ခုနှစ် မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Natogyi Township Info Committee NLD)

မင်းရွာဟာ မြင်းခြံနဲ့ နွားထိုးကြီးကို ဆက်သွယ်ထားတဲ့ ကားလမ်းနံဘေး ရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၇၀၀ ဝန်းကျင် ရှိပါတယ်။

သေဆုံးသူ မင်းရွာသား ခြောက်ဦးကို ဒီဇင်ဘာလ ၇ ရက်မနေ့က သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ကတော့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်သွားကြပြီလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မန္တလေးတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၇ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် NLD ပါတီဝင်တွေ အပါအဝင် အရပ်သား၂,၅၆၅ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။