NLD ကိုယ်စားလှယ်ရွေးပွဲ မျှတမှန်ကန်မှု ဘယ်လောက်ရှိခဲ့လဲ
ခင်မောင်စိုး
2020.06.17
2020.06.17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ မမျှမတ ဘက်လိုက်ရွေးချယ်မှုတွေ ရှိခဲ့တယ်လို့ ဝေဖန်မှုတွေပေါ်ထွက်နေပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ လွှတ်တော်အမတ်ဖြစ်လိုသူတွေလည်း မိုးဦးကျထွက်တဲ့ မှိုတွေလို ပေါ်လာကြပြီး မိမိတို့ နေရာရရေးအတွက် တချို့က သိက္ခာမဲ့စွာ ကြိုးစားကြတာတွေ မြင်ရကြားရပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေအတွက် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားရွေးချယ်ခဲ့ပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ မြို့နယ်တခုကို နိုင်ငံရေးအစဉ်အလာရှိတဲ့ မြို့မိမြို့ဖ ၅ ဦးပါတဲ့အဖွဲ့နဲ့ ၁၅ ဦးခန့်ပါဝင်တဲ့ မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့တွေ ပူးပေါင်းပြီး ကိုယ်စားလှယ်တဦးနေရာအတွက် ပထမ နဲ့ ဒုတိယ ဦးစားပေးဆိုပြီး ၂ ဦးစီ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
NLD ဗဟိုက ထုတ်ပြန်ချက်မှာ အုပ်စုဖွဲ့ခြင်း အလျဉ်းမရှိဘဲ ဒီမိုကရေစီအရေးနဲ့ အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ဦးစားပေးရွေးချယ်ကြရမည်လို့ ညွန်ကြားခဲ့ပေမယ် တချို့မြို့နယ်တွေမှာ ဘက်လိုက်ရွေးချယ်မှုတွေရှိခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူ စာရေးဆရာမ ဒေါ်မွန်မွန်မြတ် ရဲ့ ပြောစကားအချို့ကို နားဆင်ကြည့်ရအောင်။
"ဒါအုပ်စုဖွဲ့တတ်တဲ့ သဘောသဘာဝကို နားလည်လို့ NLD ခေါင်းဆောင်တွေက သတိပေးတယ်လို့ ကျမယူဆတယ်။ ဒါပေမဲ့ ပြသနာက ပထမအဆင့်ရွေးချယ်တဲ့အခါမှာ ဦးစားပေး ၁ နဲ့ ၂ ကို မြို့မိမြို့ဖ နဲ့ NLD EC တွေက တိုင်ပင်ညှိနှိုင်းဆွေးနွေးရမယ်၊ အငြင်းပွားစရာရှိရင် လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးရမယ်လို့ ဆိုတယ်။ အဲဒီအခါ မြို့မိမြို့ဖက ၅ ယောက်ပဲ ပါတယ်၊ NLD EC က ၁၇ ယောက် အဲဒီတော့ ၂၂ ယောက်ထဲမှာ EC ထဲကပဲ ကိုယ်စားလှယ်လောင်းပြန်လျှောက်တာ ၅ ယောက်ရှိတယ်။ အဲဒီမှာ ကိုယ့်အချင်းချင်းလှည့်ပတ် မဲပေးတာနဲ့ပဲ NLD EC ထဲက နဂိုရွေးထားတဲ့သူတွေပဲ ပြန်ပါဖို့ အလားအလာရှိနေတယ်။ ဗဟိုကချမှတ်တဲ့ထဲမှာ အုပ်စုဖွဲ့တာမဖြစ်ချင်လို့ အဲဒီအချက်ကို အလေးပေးပြောထားတဲ့ကြားက မြို့နယ်က လုပ်နေတာဆိုတော့ ဗဟိုကဒါကို ပြန်ပြီး ကြီးကြပ်ဖို့ လိုတယ်။လာမယ့် ရွေးကောက်ပွဲမှာ NLD မှာ မဲရတာ နည်းသွားရင် နောက်ထပ်အခြေခံဥပဒေပြင်တဲ့ကိစ္စတွေ၊ လွှတ်တော်မှာ မဲခွဲတဲအခါတွေမှာ အင်အားနည်းမှာ၊ အစိုးရမဖွဲ့နိုင်မှာ စိတ်ပူစရာရှိတယ် ”
အင်းစိန်မြို့နယ်က မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်ကျော်ကလည်း ….
" ကိုယ့်လူကိုယ် ရစေချင်တဲ့အတွက် ပြင်ပက လာလျှောက်တဲ့သူတွေကို အရည်အချင်းမမှီဘူးဆိုပြီး ဖယ်ထုတ်တာတွေရှိတယ်။ တချို့မြို့နယ်မှာဆိုလည်း အဲဒီလိုပဲ ကိုယ်နဲ့အဆင်မပြေတဲ့ CEC တွေ ကိုယ်နဲ့အဆင်မပြေတဲ့ ပါတီဝင်တွေကို ဖယ်ထုတ်လိုက်တယ်။ ဒါကို တိုင်းကလည်း မသိနိုင်ဘူး ဗဟိုကလည်း မသိနိုင်ဘူး။ ဘာလို့လဲဆိုတော့ တိုင်းကိုတက်တာက ၂ ယောက်ပဲတက်မှာ၊ ဘယ်သူ့ကိုရွေးတယ် ဘယ်သူပြုတ်ကျကျန်ခဲ့တယ်ဆိုတာကို ဘယ်သူကမှ အသေးစိတ်အစီရင်ခံစာ ပို့မှာမဟုတ်ဘူး။ ဒီတော့ bias မျက်နှာလိုက်တာ အနည်းနဲ့အများ ရှိမှာပဲ "
First Weekly Journal အယ်ဒီတာချုပ် ဦးအောင်စိုးသူကတော့ NLD စတင်ဖွဲ့စည်းကတည်းက အချောင်သမားတွေ နေရာရဖို့ ကြိုးစားခဲ့တာ ရှိပါတယ်လို့ ပြောပါတယ်။
“အုပ်စုဖွဲ့တာတွေ၊ ရပ်မိရပ်ဖက ရွေးတာတောင်မှ လက်သိပ်ထိုးရွေးတာတွေ ခုချိန်ထိရှိတုန်းပဲ။အခုလဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတော်တော်များများက သူတို့ကိုရွေးတာနဲ့ ပါပြီလို့ ထင်နေကြတာ။ အဲဒါမဟုတ်ဘူး- ဘယ်လိုပဲ လက်သိပ်ထိုးရွေးရွေး ဘယ်လိုပဲ ကိုယ်စားလှယ်လောင်းမှာ ပါပါစေ။ တိုင်းနဲ့ ဗဟိုကို တင်ပြီးမှ ဗဟိုက ဆုံးဖြတ်မှာ”
NLD ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတချို့ကလည်း ကိုယ်စားလှယ်လောင်းတွေကို ပါတီဗဟိုခေါင်းဆောင်တွေက ထပ်မံစိစစ်ပြီး လိုအပ်သလို ပြောင်းလဲမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးအဖွဲ့က စာရေးဆရာ မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။
မြန်မာ့နိုင်ငံရေးမှာ အုပ်စုဖွဲ့အခွင့်အရေးယူပြီး ပြိုင်ဘက်ဖြစ်လာသူကို အုပ်စုဖွဲ့တိုက်ခိုက်တတ်တဲ့ အစဉ်အလာကတော့ အားကောင်းနေဆဲ ဖြစ်ပါတယ်။