အတည်ပြုလူနာများလာတဲ့ မောင်တောမှာ အသွားအလာကန့်သတ်ဦးမည်မဟုတ်
2020.06.17
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ခြောက်ဦးရှိပြီဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လောလောဆယ် lockdown လို့ခေါ်တဲ့ သွားလာမှု ကန့်သတ်တာတွေလုပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက မနေ့က စစ်တွေမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
ဘူသီးတောင်နဲ့ မောင်တောမြို့နယ်ကနေ အခြားမြို့နယ်တွေကို သွားလာတဲ့သူတွေကိုလည်း သီးခြားခွဲထား စောင့်ကြည့်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။
“အခု မောင်တောမှာတွေ့တဲ့ ပိုးတွေ့လူနာ လေးယောက်နဲ့ ဘူးသီးတောင်မှာတွေတဲ့ နှစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေဖြစ်တယ်။ ပြန်လာတဲ့သူတွေဖြစ်တဲ့အတွက် လူထုနဲ့ ထိတွေ့ဆက်ဆံမှု မရှိတဲ့အတွက် အဲဒီမြို့နယ်ကလာတဲ့ သူတွေကို ကွာရန်တင်းထားဖို့ အစီအစဉ်မရှိသေးဘူး”
သွားလာမှုကန့်သတ်တဲ့ Lockdown ရဲ့နောက်မှာ ပြည်သူလူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ အားလုံး ပါဝင်တာကြောင့် Lockdown တစ်ခုကို လွယ်လွယ်နဲ့လုပ်ဖို့ မစဉ်းစားသေးဘူးလို့ဆိုပါတယ်။
ဒါပေမဲ့ တစ်ချိန်ချိန် လိုအပ်လာတဲ့အခါ Lockdown လုပ်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ ရောဂါ စောင့်ကြည့်ရေးလုပ်ငန်းကိုပဲ ဆောင်ရွက် နေကြောင်းကို ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မနေ့ကဇွန်လ ၁၆ ရက်နေ့အထိ တို့ဖတ်နမူနာပေါင်း ၁၀၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ရောဂါပိုးရှိသူ ရှစ်ဦးကို တွေ့ရှိခဲ့တာလို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ အေးကျော့တင်က ပြောပါတယ်။
“ဇွန်လ ၁၆ ရက်အထိဆိုလို့ရှိရင်တော့ နမူနာပို့တာ ၁၀၈၃ ယောက်ရှိတယ်ပေါ့နော်။ အဲဒီအထဲမှာ ပိုးတွေ့ လူနာကတော့ ရှစ်ဦးပေါ့။ သူတို့ရဲ့ ဆက်စပ်လူနာတွေကိုလည်း ပို့ပေးထားတယ်။ လောလောဆယ်အထိ အဖြေရပြီး တာကဆိုလို့ရှိရင် ၁၀၂၉ ဦးရှိပြီ။ အဲဒီအရေအတွက်ထဲက ပိုးတွေ့တာလည်း ပါတယ်။ မတွေ့တာလည်း ပါတယ်ပေါ့။ လောလောဆယ်မှာ အဖြေစောင့်ဆိုင်းနေတာက ၅၂ ယောက်ရှိတယ်။ အဖြေစောင့်ဆိုင်းနေတဲ့ ၅၂ ယောက် အထဲမှာ အခုနောက်ဆုံး ဘူးသီးတောင်မှာ တွေ့ထားတဲ့ အမှတ်စဉ် ၂၆၂ ရဲ့ ဆက်စပ်လူနာတွေလည်း ပါတယ်။ အခြား ကွာရန်တင်းဝင်နေသူတွေလည်း ပါပါတယ်”
ရခိုင်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်ပြန် ဒုက္ခသည်တွေကို လက်ခံရေးအစီအစဉ်ကို မြန်မာအစိုးရက ပြီးခဲ့တဲ့ ဧပြီလကပင် ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေစပြီး တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာသူတွေကို သီးသန့်စောင့်ကြည့်ပြီး တို့ဖတ်နမူနာတွေကို စစ်ဆေးခဲ့ရာမှာ နေရပ်ပြန်ဒုက္ခသည် ခြောက်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အသီးသီးတွေ့ရှိခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေစပြီး ဒီနေ့အထိ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေကို တရားမဝင်လမ်းကြောင်း တွေကနေ ပြန်ဝင်လာသူ ၁၇ ဦးရှိပြီးတော့ အဲဒီအထဲက ၆ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။
ဗိုင်းရပ်စ် ပိုးတွေ့လူနာတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာတဲ့သူတွေဖြစ်တဲ့အတွက် ခိုးမဝင်ရအောင်လည်း အစိုးရအနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်တယ်လို့ ဝံလက်ဖောင်ဒေးရှင်း ရဲ့ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်အတွက် စိုးရိမ်စရာကောင်းတဲ့ တံခါးပေါက်ဖြစ်နေတာကြောင့် ဝင်လာတဲ့ သူတွေကို အမြန်ဆုံး သီးခြားခွဲထုတ်စောင့်ကြည့်သင့်တယ်လို့ပြောပါတယ်။
“အဓိကကတော့ ကွာရန်တင်းက ကျနော်တို့ ရန်ကုန်ကလာတဲ့သူတွေထက် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ လာတဲ့သူတွေက ရခိုင်ပြည်အတွက် စိုးရိမ်ရတဲ့ တံခါးပေါက်ကြီးဖြစ်နေတယ်။ ဒါကြောင့် အဲဒီတံခါးပေါက်ကို ပိတ်ဖို့အတွက်က ပိုးတွေ့လူနာတွေကိုရော မတွေ့သေးတဲ့သူတွေပါ အဆောတလျင် ကွာရန်တင်းထားဖို့ လိုတယ်လို့ ထောက်ပြချင်ပါတယ်”
ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ စုစုပေါင်း ရှစ်ဦးအနက် ကျန် နှစ်ဦးဟာ မလေးရှားကနေ ပြန်လာသူတွေဖြစ်ပြီး တောင်ကုတ်နဲ့ သံတွဲမြို့တွေမှာ ဆေးကုသ နေပါတယ်။
သံတွဲမြို့က လူနာအမှတ်-၁၈၈ ဟာ ပထမ သုံးကြိမ် စစ်ဆေးချက်တွေမှာ ပိုးတွေ့ပေမယ့် လေးကြိမ်နဲ့ ငါးကြိမ်မြောက် စစ်ဆေးချက်တွေမှာ ပိုးမတွေ့ရတော့တာကြောင့် ဆေးရုံကဆင်းခွင့်ပြုဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးဌာနက ပြောပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတစ်တစ်နိုင်ငံလုံးမှာ ဒီနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၂၆၂ ဦး နဲ့ သေဆုံးသူ ၆ ဦးအထိ ရှိနေပါတယ်။