မန္တလေး ဗကသရဲ့NO VOTE လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ရန်ကုန်ကျောင်းသားအဖွဲ့တွေ ပြောကြား

ခင်မောင်စိုး
2020.08.11

မန္တလေးအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် လှုပ်ရှားမှုကို စတင်ကြောင်း သြဂုတ်လ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာခဲ့ပါတယ်။

မန္တလေး အခြေစိုက်ပြီး လှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ ဗကသများအဖွဲ့ချုပ်က အရင်အပတ်အတွင်း ရတနာပုံတက္ကသိုလ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြုလုပ်တဲ့  ရွေးကောက်ပွဲတွေဟာ ပြည်သူလူထုအတွက် ထူးခြားတဲ့ပြောင်းလဲမှုမရှိနိုင်တဲ့အတွက် No Vote လှုပ်ရှားမှုနဲ့ သပိတ်မှောက်လှုပ်ရှားမှုကို စတင်ကြောင်း ကြေညာခဲ့တာပါ။ အဲဒီ ဗကသများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်က သူတို့ရဲ့ No Vote လှုပ်ရှားမှုမှာ ပြည်သူအများစုပါဝင်လာမယ်ဆိုရင် ရွေးကောက်ပွဲပျက်ပြီး အကျပ်အတည်းတွေ ပေါ်ပေါက်လာမယ်။ အဲဒီ အကျပ်အတည်းကတဆင့် အခြေခံဥပဒေဖျက်သိမ်းရေးကို လုပ်ဆောင်မယ်လို့ ပြောဆိုကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြထားပါတယ်။

ရန်ကုန်အခြေစိုက်တဲ့ ဗကသများအဖွဲ့ချုပ် ဒု ဥက္ကဌ ကိုဝေယံဖြိုးမိုး က ၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးဟာ သူတို့ရဲ့ အဓိကလှုပ်ရှားမှုဖြစ်ပြီး No Vote လှုပ်ရှားမှုနဲ့ သူတို့ သက်ဆိုင်ခြင်းမရှိပါဘူးလို့ RFA ကို ပြောပါတယ်။

“No vote ဆိုတဲ့ လှုပ်ရှားမှုတွေက လူထုကြားမှာ ရှုပ်ထွေးမှုဖြစ်စေတယ်။ ကျနော်တို့က အဲဒီ No Vote လှုပ်ရှားမှု မလုပ်ဘူးပေ့ါနော်။ ကျနော်တို့အဖွဲချုပ်အနေနဲ့ ကျနော်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးကိုပဲ တစိုက်မတ်မတ် လက်ရှိအချိန်ထိလုပ်လာတယ်။ နောက်တခုက ပြည်သူကြားမှာ ဝေဝါးစေတဲ့အလုပ်ကို ကျတော်တို့မလုပ်ဘူး။ မဲပေးတယ် မဲမပေးဘူးဆိုတာကလူထုရဲ့ နိုင်ငံရေးရေချိန် လူထုရဲ့အခြေအနေပေါ် မူတည်တယ်”

လက်ရှိမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဆိုတဲ့ အမည်ကို ကျောင်းသားအဖွဲ့နှစ်ဖွဲ့က အသုံးပြုလှုပ်ရှားနေပါတယ်။ ရန်ကုန်အခြေစိုက်တဲ့ ဗကသများအဖွဲ့ချုပ် ဒု ဥက္ကဌ ကိုဝေယံဖြိုးမိုးက သူတို့အဖွဲ့ဟာ ၂ဝ၁၉ ညီလာခံက ရွေးချယ်ခံရတဲ့အဖွဲ့ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ ၂ဝဝ၇ မျိုးဆက်တွေကနေပြီး ၂ဝ၁၂ မှာ ဗကသများအဖွဲဲ့ချုပ် CWC ( Central Working Committee- ဗဟိုလုပ်ငန်းကော်မတီ) ဆိုပြီး ဖွဲ့တယ်ပေါ့။ အဲဒီနောက်၂ဝ၁၂ ကနေ ၂၀၁၆ အထိလုပ်ခဲ့တဲ့ ကိုကျော်ကိုကိုတို့ကနေ နောက်ထပ် ၂၁ ဦးပါတဲ့ ဗဟိုလုပ်ငန်း ကော်မတီကို ၂ဝ၁၆ နိုဝင်ဘာမှာ ဘားအံညီလာခံအကြို အစည်းအဝေးမှာ လွှဲပေးခဲ့တယ်။ အဲဒီ CWC ကနေ ပြီး ၂ဝ၁၉ မတ်လမှာ ၈ ကြိမ်မြောက်ညီလာခံကို မြင်းခြံမှာခေါ်ပြီးတော့ လက်ရှိကျနော်တို့ အမှုဆောင်ပေါ့နော် CEC ကို လွှဲပေးခဲ့တယ်။ အလံ အဆက်ဆက် လွှဲပြောင်းလာခဲ့တယ်ပေါ့နော်။ တဖက်ကနေပြီးတော့ ရတနာပုံမှာ အခြေပြုပြီး ဗကသများအဖွဲ့ချုပ်ဆိုပြီးလုပ်နေတဲ့အဖွဲ့က  အခု ၂ဝ၂ဝ မှာမှစပြီးတော့ ဒီ ဗကသများအဖွဲ့ချုပ်ဆိုပြီး စင်ပြိုင် လုပ်ဆောင်နေတာတွေ ရှိတယ်”

အခုလို ရန်ကုန်အခြေစိုက် ဗကသများအဖွဲ့ချုပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး မန္တလေးအခြေစိုက် ဗကသများအဖွဲ့ချုပ်ရဲ့ တုံ့ပြန်ပြောကြားချက်ကိုတော့ မသိရသေးပါဘူး။

အခုရက်ပိုင်းအတွင်းပေါ်လာတဲ့ No Vote လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်ရဲ့ သဘောထားကိုလည်း RFA ကမေးခဲ့ပါတယ်။  

“အထူးသဖြင့် ကျနော်တို့ ပိုပြီးစိတ်ပူတာက တိုင်းရင်းသားဒေသတွေပေါ့နော်။ ကျတော်တို့က တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားလူမျိုးစုထဲကလူတွေကို ပိုပြီးနိုင်စေချင်တယ်။ ဒါက ဖက်ဒရယ်ကို တည်ဆောက်ဖို့နိုင်ဖို့ အခြေခံလို့ ကျနော်တို့ ယူဆတယ်။ အဲဒီနေရာမှာပါ No Vote ဆိုရင် ကျနော်တို့ ကိုယ့် တိုင်းရင်းသားတောင် ကိုယ် မဲမပေးရတော့ဘူးလားပေါ့နော် ဆိုတဲ့ဟာကို စိတ်ပူတယ်"


သူတို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကတော့  ရွေးကောက်ပွဲမဲပေးမှု ပညာပေးလုပ်ငန်းတွေ မကြာခင်ဆောင်ရွက်မယ်လို့လည်း ကိုမင်းဟန်ထက်က ပြောပါတယ်။  

“မဲပေးခြင်းဆိုတာ ဒါ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးပဲဖြစ်တယ်။ ဘယ်နည်းဘယ်ပုံ မဲပေးလို့ရတယ် မဲစာရင်းသွားစစ်ဖို့တွေ … နောက်ကိုယ်မဲပေးမဲ့  ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်ရမလဲပေါ့။ ဒါမျိုးတွေကို Voter education အနေနဲ့ လုပ်သွားမှာပါ ”

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ပိုမိုများပြားလာတာကို မြင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။