အိမ်နီးချင်းနိုင်ငံတွေရောက် မြန်မာများနဲ့ ရောဂါကူးစက်မှု
တင်အောင်ခိုင်
2020.03.01
2020.03.01
တရုတ်ပြည်က စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုဟာ လက်ရှိမှာ တရုတ်နိုင်ငံပြင်ပမှာ ပိုပြီးများနေ ပါတယ်။ ထူးခြားချက်တစ်ခုက တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့ အိမ်နီးချင်းတွေထက် တရုတ်ပြည်နဲ့ ၀ေးကွာတဲ့နေရာ တွေမှာပါ ကူးစက်မှုတွေ ပိုပြီးများလာတာ တွေ့ရတာပါ။ မြန်မာနိုင်ငံသားတွေအများအပြားရှိနေတဲ့ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ရောဂါဖြစ်ပွားမှု အခြေအနေတွေကို ဦးတင်အောင်ခိုင်က တင်ပြပါမယ်။
အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ထောင်ကျော်ရှိနေတဲ့ ဟောင်ကောင်ဟာ တရုတ်ပြည်နဲ့ ကပ်လျက်ရှိပေမယ့် ကူးစက်မှုက ရာဂဏန်းမပြည့်ပါဘူး ဟောင်ကောင်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကိုဖြိုးက ဟောင်ကောင် ဟာ တရုတ်ပြည်နဲ့ ကပ်ပြီးသွားလာကူးသန်းမှုများပေမယ့် ကိုရီးယား နဲ့ ဂျပန်လောက် ရောဂါကူးစက်တာ မများဘူးလို့ပြောပါတယ်။
လက်ရှိမှာ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီး ကူးတဲ့ ဂိတ်တွေအားလုံးကို ဖွင့်ထားတာမရှိဘဲ ဂိတ်ခြောက်ခုရှိတဲ့ အနက် သုံးခုဘဲဖွင့်ပါတယ်။ ဟောင်ကောင်နဲ့ တရုတ်ပြည်ကို သွားလာခွင့်ရှိပေမယ့် တရုတ်ပြည်က ၀င်လာသူ တွေကို ၁၄ရက် စောင့်ကြည့်ပြီး ရောဂါကင်းရှင်းကြောင်း သေချာမှ ဟောင်ကောင်အတွင်း ၀င်ခွင့်ရှိတာဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်ကြောင့် တရုတ်ပြည်က လူအ၀င်နည်းသွားပြီး စီးပွားရေးလုပ်ငန်းတွေ အများအပြားရပ်သွား ပါတယ်။ ဟောင်ကောင်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတွေထဲက ရောဂါကူးစက်သူ မကြားသိရသေးဘူးလို့လည်း ကိုဖြိုးကပြောပါတယ်။ အလားတူ မြန်မာပြည်ကို ပြန်သူလည်း မကြားသိရဘူးလို့ဆိုပါတယ်။
မြန်မာပြည်ကို ပြန်သူများတာကတော့ တောင်ကိုရီးယားက ပိုများပါတယ်။ မြန်မာနိုင်ငံသား သုံးသောင်းကျော်ရှိတဲ့ တောင်ကိုရီးယားမှာ ရောဂါဖြစ်သူလည်း တဖြည်းဖြည်းပိုများလာနေပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံသားတွေထဲက ရောဂါဖြစ်သူ မကြားရသေးပါဘူး၊ ဒါပေမဲ့ မြန်မာပြည်က မိဘဆွေမျိုးတွေ စိုးရိမ်နေတာကြောင့် ပြန်သွားသူတွေတော့ရှိပါတယ်လို့
အွန်ချွန်းမြို့က ကိုရန်နိုင်ထွန်းသီပြောပြပါတယ်။ ခုဒေဂူးမြို့က လာသူတွေကို မြန်မာပြည်အရောက်မှာ ၀ေဘာဂီကိုပို့တယ်ဆိုလို့ ပြန်ချင်သူတချို့ ဇ၀ေဇ၀ါဖြစ်နေတယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံလို မြန်မာနိုင်ငံသား နှစ်သောင်းရှိတဲ့ ဂျပန်နိုင်ငံမှာလည်း မြန်မာနိုင်ငံသားထဲက ရောဂါဖြစ်ပွားသူ မတွေ့ရှိရသေးသလို မြန်မာပြည် ပြန်သူလည်း မကြားသိရဘူး ဒါပေမဲ့ ဂျပန်လူမျိုးတွေမှာ ဖြစ်တာ ၉၀၀ကျော်ပြီလို့ တိုကျိုမြို့က ကိုကျော်ကျော်စိုးက ပြောပါတယ်။
ဂျပန်အစိုးရကတော့ ကျောင်းတွေကို တစ်လကျော်အထိပိတ်ဖို့ စီစဥ်ထားပါတယ်။ ဒါပေမဲ့ ဂျပန်မှာ အခုနှစ် အတွင်းကျင်းပမယ့် အိုလံပစ်ပွဲအတွက်တော့ ဆုံးဖြတ်ချက်မချသေးဘူးလို့ ဆိုပါတယ်။ဒါပေမဲ့ မတ်လ ၁ရက် ဒီကနေ့ကျင်းပမယ့် တိုကျို မာရသွန်ပြိုင်ပွဲကိုတော့ စီစဥ်ထားတဲ့အတိုင်းကျင်းပမှာဖြစ်ပေမယ့် အရင်နှစ်တွေလို လူသောင်းနဲ့ချီ ပါ၀င်ယှဥ်ပြိုင်ခွင့်မပေးဘဲ အိုလံပစ်ပြိုင်ပွဲအတွက် လက်ရွေးစင် ရွေးချယ်ဖို့နဲ့ နိုင်ငံတကာက လာပြိုင်သူတချို့ကိုဘဲ ပြိုင်ခွင့်ပေးမှမို့ လူတစ်ရာကျော်ဘဲ မာရသွန်ပြိုင်ပွဲ ၀င်မှာဖြစ်ပါတယ်။