ဘဝတူနိုင်ငံတွေနဲ့ပေါင်းပြီး ရုရှားကို တုံ့ပြန်သွားမယ်လို့ NUCC ပြော
2023.06.15

ရုရှားအစိုးရဟာ စစ်ကောင်စီကို ကူညီထောက်ပံ့နေတဲ့အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး လိုအပ်ရင် ယူကရိန်းလို ဘဝတူနိုင်ငံမျိုးနဲ့ လက်တွဲပြီး တုံ့ပြန်သွားမယ်လို့ NUCC တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားနိုင်ငံကို ရှုတ်ချတဲ့ (NUCC) ရဲ့ ဇွန်လ ၁၀ ရက် ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဲဒီလိုပြောတာပါ။
ရုရှားနိုင်ငံဟာ ၂ဝဝ၇ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးပယ်ချတာ၊ ၂ဝ၂၁ ဇွန်လ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် မှာ ပါဝင်တဲ့ မြန်မာနိုင်ငံကို စစ်လက်နက် မရောင်းရေး သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ မြန်မာစစ်တပ်ကို ဆက်ရောင်းနေတဲ့ အပေါ် (NUCC) က ပြစ်တင်ရှုတ်ချထားပါတယ်။
ဒါဟာ NUCC ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး ရုရှားကို ရှင်းရှင်းလင်းလင်းသတိပေးလိုက်တာလို့ NUCC အဖွဲ့ဝင်ဖြစ်တဲ့ အလုပ်သမားတပ်ပေါင်းစုက ဦးမောင်မောင် က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ အခု ကန့်ကွက်ရှုတ်ချတယ်ဆိုတာကပေါ့နော်၊ ဒီအမျိုးသားညီညွတ်ရေး ကောင်စီ ပေါ့ နော် NUCC အနေနဲ့ကတော့ မူဝါဒရှင်းလင်းချက်ပေးလိုက်တာပေါ့။ ကျွန်တော်တို့သည် တော်ရုံတန်ရုံ တော့ ဘာမှသိပ်မပြောဘူး၊ လိုသည်ထက် ပိုလာတယ် ဆိုရင်တော့ အလံနီထောင်ပါတယ်၊ တန်ပြန်မှု ရှိပါတယ်၊ ကျွန်တော်တို့လည်း နိုင်ငံရေး ကို နားလည်ပါတယ်ဆိုတဲ့အကြောင်း ရုရှားနဲ့ မင်းအောင်လှိုင် ကိုလည်း ကျွန်တော်တို့ ပြောတဲ့ကိစ္စ ဖြစ်ပါတယ်”
ရုရှားဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆက်ဆံနေတာဟာလည်း ပြည်သူတွေအပေါ် နှိပ်စက်ညှဉ်းပန်း တာကို ထောက်ခံရာကျတယ် လို့ (NUCC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကျွန်တော့်အမြင်တော့ ရုရှားက ဗီတိုအာဏာကိုင်ထားတဲ့နိုင်ငံဆိုတဲ့အခါကျတော့ ကုလသမဂ္ဂတို့ တချို့နိုင်ငံအချင်းချင်းမှာတော့ အကာအကွယ်ပေးနိုင်ပါလိမ့်မယ်ဗျ"
ရုရှားအနေနဲ့ စစ်ကောင်စီကို နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ ပံ့ပိုးတာဟာ မြန်မာနိုင်ငံကို သာမက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်တဲ့လက္ခဏာ ဖြစ်တဲ့အတွက် အမြန်ဆုံးရပ်ဖို့ လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။
NUCC ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး တို့ရဲ့သဘောထားကိုမေးကြည့်တော့ နိုင်ငံရေးရှုပ်ထွေးနေတဲ့ အချိန်မှာ ထွက်လာသမျှ ကြေညာချက်တွေကို စောင့်ကြည့်နေရုံက လွဲလို့ မှတ်ချက်ပေးစရာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် စာထုတ်တယ်၊ လိုင်းပေါ်မှာတင်တယ်။ ပြောရရင် ဒီအခြေအနေမှာ ထွက်လာတဲ့ အစီရင်ခံစာတို့၊ ဘာတို့ဆိုတာမှာ အတည်ပြုဖို့၊ ပြောရရင် သူ့ရဲ့ တကယ်တမ်း ရည်ရွယ်ချက်က သိပ်ရှင်းလင်းတဲ့ အနေအထား မတွေ့ရဘူး။ အဲတော့ ဒီအခြအနေမှာ ထွက်လာတဲ့ ထုတ်ပြန်ချက်တွေက စောင့်ကြည့်ရုံကလွဲလို့ တိကျတဲ့ သုံးသပ်ချက်မျိုးပေးဖို့ အတော်ခဲယဉ်းပါတယ်”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရုရှားနိုင်ငံဟာ အရေးကြီးပြီး ယုံကြည်အားထားရတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ရုရှား-မြန်မာ သံတမန် ထူထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အလားတူ ရုရှားသမ္မတ ပူတင်က စစ်ကောင်စီကိုပြန်ပို့တဲ့ သဝဏ်လွှာမှာလည်း ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အမြင့်ကို တက်လှမ်းနေပြီး ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက် အောင်မြင်ခဲ့တယ်လို့ ချီးကျူးထားပါတယ်။ ဒါဟာ အာရှပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် အထောက်အကူဖြစ်ဖို့ ယုံကြည်တယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။
နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကိုတောင် ဂရုမစိုက်တဲ့ ရုရှားကို ပြစ်တင်ရှုတ်ချရုံ လောက်နဲ့ အလုပ်မဖြစ်ဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း က သုံးသပ်ပါတယ်။
“ကျွန်တော့်အမြင်တော့ ရုရှားက ဗီတိုအာဏာကိုင်ထားတဲ့နိုင်ငံဆိုတဲ့အခါကျတော့ ကုလသမဂ္ဂတို့ တချို့နိုင်ငံ အချင်းချင်းမှာတော့ အကာအကွယ်ပေးနိုင်ပါလိမ့်မယ်ဗျ။ နောက်တစ်ခုကကျတော့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေရှိမယ်၊ အခု နောက်ပိုင်းတော့ သတင်းစာတွေထဲမှာ တွေ့နေတာ ရုရှားဘက်က လွှတ်တော်ဒုက္ကဋ္ဌ လာတာတို့၊ နောက် ဒီဘက်က တရားရေးဝန်ထမ်းတွေကို ရုရှားမှာ သင်တန်းပေးတာတို့၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှု၊ အဲလိုတွေတော့ ရှိမယ်ထင်ပါတယ်။ ကျွန်တော့်အမြင် ကတော့ သိပ်တော့လည်း ဝေဖန်တာတော့ ဝေဖန်တာပေါ့ဗျာ၊ အများကြီးတော့ ထိရောက်မယ်လို့တော့ မထင်ပါဘူး”
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် ကတော့ ရုရှားနဲ့ ပတ်သက်တဲ့ NUCC ရဲ့ ထုတ်ပြန်ချက်ဟာ လုပ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ပြောပါတယ်။
“NUCC အနေနဲ့ကတော့ သူ လုပ်ရမယ့် အလုပ်တွေကိုလုပ်တာပါပဲနော်။ ဒီရုရှားက စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်း ထောက်ခံပြီး အကူအညီပေးနေတာနဲ့ ပတ်သက် လို့ ဒါက NUCC အနေနဲ့တော့ ထုတ်ဖော် ရှုတ်ချရမယ်၊ ကန့်ကွက်ရမယ်၊ အဲဒါ သူ လုပ်ရ မယ့်အလုပ်။ သူလုပ်ရမယ့်အလုပ် လုပ်တာကတော့ ကျွန်တော်တို့က မှန်တယ်၊ ကောင်းတယ်လို့ပဲ ယူဆပါတယ်”
တရုတ်နိုင်ငံကိုလည်း အလားတူ ကန့်ကွက်ရှုတ်ချမှုမျိုး လုပ်သင့်တယ်လို့ ဦးသန်းစိုးနိုင် က ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ ရုရှား-မြန်မာ စစ်ခေါင်းဆောင်တွေ နှစ်နိုင်ငံကူးလူးဆက်ဆံမှု ပိုများလာခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ စာမျက်နှာမှာ အကာအကွယ် ရဖို့နဲ့ နျူကလီးယား နည်းပညာနဲ့ စစ်ဘက်ဆိုင်ရာအကူအညီတွေ ရဖို့ ရုရှားကို သိသိသာသာ ချဉ်းကပ်နေတာလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌဟာ စစ်အာဏာသိမ်း နှစ်နှစ်မပြည့်ခင်မှာတင် ရုရှားနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး ရုရှားထုတ် ခေတ်မီဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယမြောက်ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့လည်း သဘောတူစာချုပ် ချုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံကို ရုရှားကျွမ်းကျင်ပညာရှင်တွေ ရောက်လာပြီး အချက်အလက် နည်းပညာ ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတဲ့အကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန် ထားပါတယ်။
တစ်ဖက်မှာလည်း ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ပူတင်အစိုးရဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့တာ ခံနေရပြီး မြန်မာစစ်ကောင်စီကို ရောင်းထားတဲ့ စစ်လက်နက်ဆိုင်ရာပစ္စည်း တွေကို ပြန်ဝယ်နေရပါတယ်။