စစ်ကောင်စီခွင့်ပြုထားတဲ့ လုပ်ငန်းတွေ တရားမဝင်ကြောင်း NUG အစိုးရကြေညာ
2021.08.31
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီ ရှစ်ခုရဲ့ အမည်စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပြီး တရားမဝင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုတွေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။
ကုမ္ပဏီအမည်စာရင်းတွေကို ဩဂုတ်လ ၃၀ ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာတော့ အင်တာနက် လူမှုစာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ စင်္ကာပူ၊ ထိုင်း၊ တရုတ်၊ ဂျပန်နဲ့ မြန်မာကုမ္ပဏီတွေဖြစ်ပြီး၊ အခုအခါ စစ်အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ဆက်စပ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးဦးတင်ထွန်းနိုင်က - မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ တရားမဝင် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်တွေကို မစိစစ်ဘဲ မြန်မာပြည်သူတွေ လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ ဆန့်ကျင်နေကြောင်း၊ ဒီလိုလုပ်ရပ်တွေကို လက်မခံနိုင်ကြောင်း ပြောဆိုပါတယ်။
NUG အနေနဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းအပြီး ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေနဲ့ အတည်ပြုချက်တွေကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်းပြောဆိုထားပြီး စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ တရားမဝင် ရင်းနှီးမြှုပ်နှံမှုတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ရပ်ဆိုင်းဖို့၊ မရပ်ဆိုင်းရင် တရားစွဲဆိုခံရမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

စာရင်းတွေအရ အကြီးဆုံးစီမံကိန်းက အမေရိကန်ဒေါ်လာ နှစ်ဘီလျံခွဲ ကုန်ကျပြီး၊ မဂ္ဂဝပ် ၁၃၉၀ ထုတ်လုပ်မယ့် မီးလင်းချောင်း ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဖက်စပ်တည်ဆောက်မယ်လို့ သိရပါတယ်။
နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတခုက Myanmar Golden Eagle ကုမ္ပဏီရဲ့ အမေရိကန်ဒေါ်လာ ၃၇ သန်းတန် ပုလင်းစက်ရုံဖြစ်ပါတယ်။ ဒါ့ပြင် ဒေါ်လာ ၂၂ သန်းတန် မဂ္ဂဝပ်လ ၃၀ ထုတ်လုပ်မယ့် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံးကို Clean Power Energy ကုမ္ပဏီက တည်ဆောက်နေတာပါ။ စင်္ကာပူနဲ့ ဖက်စပ်တည်ဆောက်မှာ ဖြစ်ပါတယ်။ အလားတူ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီ စီမံခန့်ခွဲမှု လမ်းညွှန်စာရင်းမှာ မြန်မာငါးဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦး ပါဝင်တဲ့ သန့်ရှင်းစွမ်းအင်ထုတ်ယူရေး လုပ်ငန်း ကုမ္ပဏီတစ်ခုကိုလည်း တွေ့ရှိရပါတယ်။
အခုအချိန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးစားနေကြပြီဖြစ်ကြောင်း The Straits Times သတင်းက ဖော်ပြပါတယ်။ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲပြောဆိုနေပြီး၊ လက်ရှိ အရေးပေါ်အခြေအနေ ကြေညာချက်ကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ ရုပ်သိမ်းပြီး၊ ရွေးကောက်ပွဲအသစ် ကျင်းပမှာ ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီပွားရေးဟာ ဒီနှစ်ကုန်ပိုင်းမှာ ၁၈ ရာနှုန်း ကျဆင်းဖွယ်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအတွင်း တရုတ်ပြည်က စွမ်းအင်၊ ရေနံ၊ သဘာဝဓာတ်ငွေ့ အပါအဝင်၊ သစ်တောနဲ့ ဓာတ်သတ္တု ထွက်ကုန်တွေ မြန်မာဆီက အလုံးအရင်းနဲ့ ဝယ်ယူနေပါတယ်။ တရုတ်အတွက် သယံဇာတတွေ လိုအပ်နေသလို၊ မြန်မာစစ်အစိုးရမှာလည်း ငွေကြေး လိုအပ်နေတာဖြစ်ပါတယ်။
သမိုင်းတလျှောက် မြန်မာ့အများဆုံး ပို့ကုန်တွေထဲမှာ သစ်တောထွက်ပစ္စည်း၊ ဓာတ်သတ္တုနဲ့ ကျောက်မျက်ရတနာတွေပါဝင်ပြီး၊ အများဆုံး ဝယ်ယူသူကလည်း တရုတ်ပြည်ပဲ ဖြစ်ပါတယ်။ မြန်မာ့သစ်တောပြုန်းတီးမှုအများစုဟာ တရားမဝင် သစ်ခုတ်လှဲမှုတွေကြောင့် ဖြစ်ပြီး၊ တရားမဝင် ဓာတ်သတ္တုတူးဖော်မှုတွေကြောင့်လည်း ရာဇဝတ်မှုတွေအပါအဝင်၊ စစ်တပ်ရဲ့ အဓမ္မ ခိုင်းစေမှု၊ နေရာပြောင်းရွှေ့ကြရမှုတွေ ပေါ်ပေါက်နေရကြောင်း The Epoch Times သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၀ ပြည့်နှစ်က မြန်မာ့ သစ်တောပြုန်းတီးမှုအဆင့်ဟာ ၁၈ နှစ်အတွင်း ဒုတိယ အကြီးဆုံး ဖြစ်ခဲ့ ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ သစ်တောပြုန်းတီးမှုဟာ စိုးရိမ်ဖွယ်ကောင်းလောက်အောင် ကြီးမားလာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က မြန်မာနဲ့ နယ်စပ်တလျောက်ကမှာ တရားမဝင် သစ်ထုတ်လုပ်မှု တန်ချိန်ပေါင်း တစ်သိန်း ရှိခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်မှာ တရားမဝင် သစ်တန်ချိန် ၈၅၀ ရှိခဲ့ကြောင်း၊ အများစုဟာ တရုတ်ပြည်ကိုရောက်ရှိသွားခဲ့ကြောင်းလည်း ဖော်ပြပါတယ်။