NUG ကြေညာချက် နောက်ဆက်တွဲ ကြိုဆိုပူးပေါင်းမှုနဲ့ စိုးရိမ်မှုများ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.09.08
NUG ကြေညာချက် နောက်ဆက်တွဲ ကြိုဆိုပူးပေါင်းမှုနဲ့ စိုးရိမ်မှုများ လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်ရေးလေ့ကျင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို မေလလယ်ပိုင်းက တွေ့ရစဉ်။
Photo: Reuters

အမျိုးသားညီညွတ်ရေးအစိုးရက တော်လှန်စစ်စတင်ကြောင်း ကြေညာလိုက်ချိန်က စပြီး CDM စစ်တပ်အရာရှိတွေ ဦးဆောင်တဲ့ ပြည်သူ့ရင်ခွင် အဖွဲ့ကို လာရောက်ပူးပေါင်းဖို့ လက်ရှိပြည်တွင်းတပ်မတော်သားတွေက ဆက်သွယ်စာရင်းသွင်းမှုတွေ အလွန်များပြားလာနေတယ်လို့ သိရပါတယ်။ အခုကြေညာချက်နဲ့ စပ်လျဉ်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးလိုလားတဲ့ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံဖွားတွေက အားရဝမ်းသာ ကြိုဆိုခဲ့ကြသလို နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်ပူပန်ကြောင်း ပြောဆိုသံတချို့လည်း ပေါ်ထွက်လာခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကတော့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပူပန်ပြောဆိုမှုတွေကို သူကြားသိပါတယ်။ လက်ရှိအခြေအနေမှာ တခြားရွေးချယ်စရာလမ်း မရှိပါဘူးလို့ ဝေဖန်ပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ကျနော်တို့မှာ လက်နက်ကိုင်နိုင်ငံရေးနဲ့ပတ်သက်ပြီး အရင်ထဲက ရေခံမြေခံ ရှိပြီးသား။ ကျနော်တို့က ဦးတည်ချက်က ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် ရှိထားပြီး အဲဒီအပေါ်မှာ ဘုံရည်မှန်းချက်တွေ ရှိလာပြီဖြစ်တာကြောင့် ဒါ ထုတ်ပြန်ကြေညာလိုက်တာလို့ ထင်ပါတယ်။ နောက်ခုက တော်လှန်ရေးမှာ အသွင်သဏ္ဍာန်မျိုးစုံနဲ့ပါနေတဲ့ လူငယ်မျိုးဆက်တွေအားလုံးကလည်း ဒီလို မကြေညာခင်ထဲက သူတို့အနေနဲ့ လှုပ်ရှားဆောင်ရွက်နေတာတွေ ပါဝင်နေတာတွေ ရှိတယ်၊ အခုက တရားဝင်ထုတ်ပြီးတော့ ကြေညာလိုက်တာဖြစ်တဲ့အတွက် ရှေ့လျှောက်ကတော့ ပိုပြီး တော်လှန်ရေးအရှိန်အဟုန် ဆက်ပြီးမြင့်သွားလိမ့်မယ်လို့ ယုံကြည်တယ်”

ဒါ့အပြင် သူက အခုဖြစ်ရပ်အားလုံးဟာ တရားဝင်အစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းလို့ ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာကို နားလည်ကြဖို့ လိုတယ်လို့ ပြောပါတယ်။

“အကြမ်းဖက်မှုက ဘယ်ဘက်ကလုပ်တယ်ဆိုတာ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းကြီး အားလုံးကသိထားတယ်လို့ ကျနော် ယုံကြည်တယ်။ ကမ္ဘာ့နိုင်ငံတွေကလည်း ဒီအပေါ်မှာ နားလည်လိမ့်မယ်လို့ မျှော်လင့်တယ်။ လူထုက မျှော်လင့်နေတာက ဒီစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးဟာ ဘယ်နေ့ဖြစ်မလဲ အဲဒီအတွက်ကို ဘယ်လိုကြိုးစားနေကြတယ်ဆိုတာကို သိတဲ့အတွက်ကြောင့် သူတို့အနေနဲ့ အဆင်သင့်ဖြစ်မှုအတွက် ပြင်ဆင်နေကြတယ်လို့ ကျနော်မြင်တယ်”

000_9HB4AP.jpg
ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ်။ (Photo: Reuters)

ကရင်နီဒီမိုကရက်တစ်တပ်ဦး တာဝန်ခံ ဦးကျော်ထက် က သူတို့ မြေပြင်တိုက်ပွဲဝင်နေသူတွေအတွက် အားတက်စရာဖြစ်တယ်လို့ ပြောပါတယ်။

“NUG ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ D Day ပဲ ပြောပြော တော်လှန်ရေးနေ့ပဲ ပြောပြော ကျနော်တို့က ကြိုဆိုတယ်။ ကျနော်တို့ဒေသမှာ D Day ဖြစ်နေတာ ကြာနေပြီလေ။ အခု D Day ခေါ်လိုက်တဲ့အတွက် တခြားပြည်နယ်တိုင်းတွေမှာလဲ ထကြွလိုက်တဲ့အတွက် ကျနော်တို့ ဒီဘက်မှာဖြစ်နေတဲ့ စစ်ပွဲတွေက ခုသာခံသာ ရှိသွားတဲ့ အနေအထားမျိုးရောက်သွားတာပေါ့။ အရင်တုန်းက ကျနော်တို့ ကချင်ဒေသ ကရင်နီဒေသ ကရင်ဒေသတို့မှာဘဲ အဓိကထားဖြစ်နေတာလေ၊ တိုက်ပွဲတွေ အတော်များများက။ အခုကျတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွလာတာ တွေ့ရတယ်။ စစ်ကောင်စီကိုလည်း ပိုပြီး ဖိအားပေးတဲ့ အနေအထားကို ရောက်လာတာပေါ့”

အခုကြေညာချက်နဲ့ ပတ်သက်ပြီးပြည်တွင်းရှိ PDF အဖွဲ့တချို့က ပြင်ဆင်မှုမလုံလောက်သေးတဲ့ အတွက် NUG အပေါ်ဝေဖန်မှုတွေ ရှိတယ်လို့ သတင်းရပါတယ်။ ဦးကျော်ထက်ကတော့ စစ်ကောင်စီရဲ့ လူမဆန်မှု ဒဏ်တွေကို ပြည်သူတစ်ရပ်လုံး နေ့စဉ်ခံစားနေရတာဖြစ်လို့ မပြည့်စုံလည်း တိုက်မှဖြစ်မယ့် အနေအထားပဲလို့ ပြောပါတယ်။

“တိုက်တာတော့ တိုက်ရမှာပဲ။ လက်နက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျနော်တို့ ဒေသမှာ တောထဲရောက်တဲ့သူတွေက နည်းနည်းခံသာသေးတယ်။ မြို့ပေါ်မှာ ရှိတဲ့သူတွေဆိုရင် နေ့တိုင်း ဖမ်းဆီးခံရတယ် နှိပ်စက်ခံရတယ်။ ဖမ်းသွားပြီး ခဏနေ အလောင်းလာထုတ်ဆိုတဲ့ အဖြစ်တွေက ရန်ကုန်- မန္တလေးနဲ့ ပြည်နယ် တိုင်း အတော်များများမှာ ဖြစ်နေတာလေ။ ကျနော်တို့က NUG က အခုလိုခေါ်လိုက်တာ ကြိုဆိုတယ် နောက်တောင် ကျနေပြီလို့ မြင်တယ်”

202131191_941528143086617_7662102554618036610_n.jpg
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (Photo: PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)

စကစကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ အရာရှိ အမည်ဝှက် ကက်ပတိန်ဇီးရိုး ကတော့ NUG ကြေညာချက်ထွက်ပြီးတာနဲ့ တပြိုင်နက်လိုလိုမှာ စကစလက်အောက်ခံ တပ်ဖွဲ့ဝင်တွေထံက သူတို့ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ဆက်သွယ်လာသူဦးရေ တရှိန်ထိုးတက်လာခဲ့တဲ့အတွက် စာရင်းလက်ခံဖို့ မနိုင်မနင်းဖြစ်နေတယ်လို့ ပြောပါတယ်။

“ဒီတော်လှန်ရေးနေ့ ဖြစ်ပေါ်လာရင် တပ်တွင်းကနေ ထွက်မဲ့သူတွေ ထွက်ပြေးမဲ့သူတွေ ပြည်သူတွေနဲ့ ပူးပေါင်းမဲ့လူ ဒီလိုဆုံးဖြတ်ထားတာ ဒီအချိန်မှာ အရမ်းများလာတယ်၊ ကျနော်တို့ရဲ့ ပြည်သူ့ရင်ခွင် team ကို ဆက်သွယ်လာတဲ့လူ အရမ်းများလို့ ဖြေကြားရေးအပိုင်းတွေမှာ မနိုင်ဘူး။ တဖက်မှာကျတော့ ကြိုတင်ပြင်ဆင်မှု မပြည့်စုံသေးတဲ့ မြေပြင် PDF အဖွဲ့တွေရှိတယ် UG တွေရှိတယ်၊ သူတို့အနေနဲ့ကျတော့ မပြည့်စုံဘဲ ထ တိုက်ရမှာလား အစိုးရအပေါ် အပြစ်မြင်လာနိုင်တဲ့အနေအထားတွေ တွေ့ရတယ်။ ကျနော်ပြောချင်တာက တော်လှန်ရေးစတင်ပြီလို့ ပြောလိုက်တာက ချက်ခြင်းထပြီးတော့ တိုက်ခိုင်းတာရယ်မဟုတ်ဘူး။ အဆင်သင့်ဖြစ်တဲ့ အချိန် အဆင်သင့်ဖြစ်သလို ကိုယ့်အဖွဲ့အစည်း လုပ်နိုင်စွမ်း ဒါတွေကို သုံးသပ်ပြီးတော့ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ရမှာဖြစ်တယ်။ ကိုယ့်အဖွဲ့အဆင်သင့်မဖြစ်ဘဲနဲ့ ဘာမှ လှုပ်ရှားမှု လုပ်ဖို့ မလိုပါဘူးဗျ”

သူတို့နဲ့ ဆက်သွယ်လာသူတွေထဲမှာ သူလျှိုဒလန်တွေပါဝင်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားပြီးဖြစ်တယ်လို့ ကက်ပတိန်ဇီးရိုးက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မိုးသီး
2021-09-08 22:05

နှစ်သက်ပါတယ်