နှစ်လအတွင်း စစ်ကောင်စီဘက်က တစ်ထောင်ကျော် သေဆုံးကြောင်း NUG ပြော

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.08.13

NUG ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဇွန်လ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက် အထိ လက်နက်ကိုင် တိုက်ပွဲနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အပါအဝင် ပဋိပက္ခ ၇၂၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေအတွင်း စစ်သား ၁,၁၃၀ ဦး သေဆုံးကာ ၄၄၃ ဦး ဒဏ်ရာ ရခဲ့တယ်၊ အရပ်သားတွေဘက်ကတော့ ၃၅၈ ဦး သေဆုံးပြီး ၁၃၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ NUG ရဲ့ တိုက်ပွဲစာရင်း သေဆုံးထိခိုက်စာရင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အမြင်သဘောထားသိနိုင်ဖို့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

တိုက်ပွဲတွေက လာမယ့်ကာလတွေမှာ ပိုပြီးပြင်းထန်လာလိမ့်မယ်လို့ ကယားပြည်နယ်မှာ မြို့ပြတိုက်ပွဲ ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူ ခွန်သောမက်စ်က RFA ကို ပြောပါတယ်။

“တိုက်ပွဲက ပိုပြင်းထန်လာမယ့် အနေအထားရှိပါတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ သြဂုတ် ၁၁ ရက်နေ့က ဆိုရင်လည်း ဖရူးဆိုမြို့နယ် ငွေတောင်ရွာအနီးမှာ တိုက်ပွဲ ဖြစ်နေတယ်။ စစ်တပ်ဘက်က လက်နက်ကြီးကျည်တွေနဲ့ ပတ်ပစ်နေတယ်။ ဖယ်ခုံမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲ တွေက ရပ်သွားမယ့် အနေအထားမျိုး မရှိဘူး။ တစ်ရက်ပြီးတစ်ရက် ပိုပြီးတော့ ပြင်းထန်လာမယ်လို့ ကျွန်တော်ပြောချင်တယ်”

တိုက်ပွဲတွေ ပြင်းထန်လာရင် အပြစ်မဲ့အရပ်သားတွေ ထိခိုက်နိုင်ခြေလည်း ရှိတာကြောင့် ပိုထိခိုက်လွယ်တဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အနေနဲ့ တိုက်ပွဲ မဖြစ်ခင်မှာ ကြိုတင်ရှောင်ရှားထားတာက အကောင်းဆုံး ဖြစ်တယ်လို့လည်း ကိုခွန်သောမက်စ်က အကြံပြုပါတယ်။

kayah child
စစ်ကောင်စီတပ်ကြောင့် တောထဲတွင် ထွက်ပြေးနေရသည့် ကရင်နီ စစ်ဘေးရှောင်ကလေးငယ်များကို တွေ့ရစဉ်။ (Photo:Citizen Journalist)

နှစ်လအတွင်း စစ်တပ်ဘက်က ၁၁၀၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ ကိန်းဂဏန်းတွေ အပါအဝင် NUG ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ ဖောင်းပွလွန်းပြီး မြေပြင်အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူးလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ဝေဖန်ပါတယ်။

“တပ်ဘက် အကျအဆုံးစာရင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ထောင်ဂဏန်းဆိုတဲ့ဟာကတော့ အတော်ကြီး များလွန်းနေတယ်ဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် တပ်မကြီး တစ်မစာလောက် ပြုတ်သွားတဲ့ ပုံစံမျိုးလို ဖြစ်နေတယ်။ ဂဏန်းတွေက အရမ်း ဖောင်းပွ နေတယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက လေသူရဲက ပစ်ချရင် သူက တစ်စီးလို့ မှတ်တယ်။ မြေပြင်အမြှောက်တပ်ကလည်း တစ်စီးလို့မှတ်တယ်။ အကြီးအကဲကလည်း တစ်စီးလို့မှတ်တယ်။ တစ်စီးပစ်ချရင် သုံးစီးလို့မှတ်တဲ့ဟာမျိုး။ အခုလည်း အဲလိုမျိုးပဲ ကျဆုံးစာရင်းက အရမ်းကွာဟနေတယ်”

ပြီးခဲ့တဲ့လတွေအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေးတွေအပါအဝင် စစ်တပ်သတင်းပေး သူတွေအပေါ် လုပ်ကြံသတ်ဖြတ်မှု တွေကို ပြည်တွင်းသတင်းမီဒီယာတွေက မကြာခဏ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဒီလို လုပ်ကြံသတ်ဖြတ် ခံရသူတွေကို အရပ်သားသေဆုံးမှုစာရင်းမှာ ထည့်သလား ဒါမှမဟုတ် စစ်ကောင်စီ ဘက်က သေဆုံးသူစာရင်းမှာ ထည့်သလားဆိုတဲ့ အချက်ကိုတော့ NUG ရဲ့ထုတ်ပြန်ချက်မှာ ရှင်းရှင်း လင်းလင်း ဖော်ပြမထားပါဘူး။

"တိုက်ပွဲ တွေက ရပ်သွားမယ့် အနေအထားမျိုး မရှိဘူး။ တိုက်ပွဲက ပိုပြင်းထန်လာမယ့် အနေအထားရှိပါတယ်။"

NUG ရဲ့ထုတ်ပြန်ချက်အကြောင်း အသေးစိတ် သိနိုင်ဖို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို RFA က ဖုန်းနဲ့ရော အင်တာနက်ကပါ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဒီအချက်အလက်တွေဟာ တရားဝင်သတင်းဋ္ဌာနတွေက ဖော်ပြတဲ့စာရင်းတွေနဲ့ လက်တွေ့ တိုက်ခိုက်နေတဲ့ NUG လက်အောက်ခံ PDF တွေဆီက ရရှိလာတဲ့ အချက်အလက်တွေကို စနစ်တကျ စိစစ်ထားတာမို့ ၉၀ ရာခိုင်နှုန်းအထိ မှန်ကန်တယ်လို့ NUG ရဲ့လက်အောက်ခံ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ် (ရိုးမ) အဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“အရှေ့၊ အနောက်၊ တောင်၊ မြောက် အဲဒီမှာရှိတဲ့ PDF တာဝန်ခံတွေရယ်၊ နောက် ကျွန်တော်တို့ အခြားသော PDF တွေ နေ့စဉ်ချိတ်ဆက်မှု သတင်းပေးပို့မှုတွေ ရှိပါတယ်။ အဲဒီသတင်း ပေးပို့တာတွေရယ် မီဒီယာတွေက ဖော်ပြတာတွေရယ်ကို အဓိကထားပြီးတော့ ပြုစုထားတာပါ။ ကျွန်တော်တို့ဘက်က သေဆုံးမှုကတော့ အတိအကျရှိတယ်။ စစ်ကောင်စီဘက်ကတော့ အတိကျဆုံးနဲ့ အနီးစပ်ဆုံးကို ရေးသား ဖော်ပြထားတာပါ။ ကျွန်တော်တို့ မှန်ကန်မှု ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အာမခံပါတယ်”

နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ပိုများတာဟာ စစ်အာဏာရှင်ကို ဖြုတ်ချလိုတဲ့ အရပ်သားတွေနဲ့ PDF တပ်ဖွဲ့တွေရဲ့ စွမ်းအားနဲ့ နယ်မြေကျွမ်းကျင်မှုကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တိုင်းပြည်အတွင်း ပဋိပက္ခတွေ ထူပြောလာပြီး အရပ်သားတွေ ထိခိုက်ခံစားနေရတာတွေ အားလုံးဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အင်အားသုံး ဖယ်ရှားပြီး စစ်အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်တပ်မှာသာ အပြည့်အဝ တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“ကောင်းကောင်းမွန်မွန် ငြိမ်းချမ်းချမ်းချမ်း ဆန္ဒပြခဲ့တဲ့သူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ သူတွေကို အကြမ်းဖက်ပြီး ပြန်တော်လှန်တာဟာ တရားတယ်။ အဲဒါကြောင့် ဒီပြဿနာမှာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုနေတဲ့ စစ်ကောင်စီကပဲ တာဝန်ရှိတယ်။ လောလောဆယ် ဒီကိစ္စဟာ ကာလရှည်ကြာသွား ဦးမှာပဲ။ ကျွန်မတို့ ပြည်သူတွေ ဘက်ကတော့ အထိအခိုက် အနာအကျင် များမှာပေါ့။ လက်နက် အင်အားချင်းလည်း မတူဘူး ဖြစ်တာကိုး။ ဒါပေမဲ့ ပြည်သူလူထုက ရရာနည်းနဲ့ တဖြည်းဖြည်းပြန်ပြီး တော်လှန်လာနိုင်မယ်ဆိုရင် ဒီစနစ် အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်တယ်”

COVID-19 ကူးစက်မှု လျော့ကျလာပြီး မိုးရာသီကုန်လို့ ပွင့်လင်းရာသီ ရောက်ပြီဆိုရင် စစ်တပ်နဲ့ နှစ်ဖက် တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး ကျေးလက်ဒေသတွေအပြင် မြို့ပြတွေအထိပါ ကူးစက်သွားလိမ့်မယ် လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းပါတယ်။

အမေရိကန်ပြည်ထောင်စု Woodrow Wilson Center က သုတေသီ ကိုရဲမျိုးဟိန်း ကတော့ မြို့ပေါ်မှာ တိုက်ပွဲ တွေ ဖြစ်လာပြီဆိုရင် မြို့ပြတိုက်ပွဲကို ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်း မရှိတဲ့ စစ်တပ်ဟာ တောတွင်း တိုက်ပွဲတွေမှာသုံးတဲ့ အဖြူ၊ အမည်း မခွဲဘဲ အားလုံးကို ချေမှုန်းတဲ့နည်းလမ်းကို သုံးမှာဖြစ်လို့ အရပ်သား ပြည်သူတွေ ထိခိုက်မှု ပိုများလာနိုင်တယ်လို့ သတိပေးထားပါတယ်။

စစ်အာဏာသိမ်းပြီး ခြောက်လအတွင်းမှာ အကြမ်းဖက်မှုနဲ့ တိုက်ပွဲတွေကြောင့် နှစ်ဖက်သေဆုံး ထိခိုက်မှုတွေ ရှိသလို တစ်နိုင်ငံလုံးက အပြစ်မဲ့အရပ်သား နှစ်သိန်း နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင် ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။