ထောင်တွင်းအကြမ်းဖက်မှုတွေ စစ်ဆေးပေးဖို့ ICRC ကို တောင်းဆို

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.03.25
ထောင်တွင်းအကြမ်းဖက်မှုတွေ စစ်ဆေးပေးဖို့ ICRC ကို တောင်းဆို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရသည့် ရန်ကုန် အင်းစိန်အကျဉ်းထောင်။
Photo - AFP

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့ ထောင်ထဲမှာ ဖိနှိပ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) အနေနဲ့ ထောင်တွေထဲသွားပြီး စစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့ ၁၈ ဖွဲ့က ဒီမတ်လကုန်ပိုင်းမှာ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ထောင်ထဲမှာ လူမဆန်စွာ နှိပ်စက်ခံရတဲ့အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပါ ခံနေရတယ်လို့ အမှုလိုက်ရှေ့နေတွေနဲ့ ထောင်ထဲက ပြန်လွတ်လာတဲ့သူတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြောဆိုထားပါတယ်။ 

"အစာရေစာ ဝဝလင်လင် မကျွေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ အမျိုးသားရော၊ အမျိုးသမီးရော၊ LGBT တွေရော၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေ များလာတယ်"


ICRC အနေနဲ့ ထောင်တွေထဲသွားပြီး စစ်ဆေးပေးဖို့ ကြေညာချက်ထုတ်တောင်းဆိုတဲ့ထဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အမျိုးသမီးနဲ့ လူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး စစ်အာဏာဆန့်ကျင်ရေး သပိတ်ကော်မတီတွေ ပါပါတယ်။

ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာပါဝင်တဲ့ မန္တလေးမြို့ လိင်စိတ်ခံယူမှု ကွဲပြားသူများသမဂ္ဂက အဖွဲ့ဝင်တစ်ဦးက "အစာရေစာ ဝဝလင်လင် မကျွေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ အမျိုးသားရော၊ အမျိုးသမီးရော၊ LGBT တွေရော၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေ များလာတယ်၊ ဥပမာပြောရရင် မန္တလေး ဗကသအဖွဲ့ဝင် ကိုမြတ်သူဆိုရင် စအိုထဲကို ဝါးလုံးထိုးထည့်တဲ့အထိ ကျူးလွန်ခံရတာတွေရှိတယ်၊ ဒါတွေကို ICRC က ဝင်စစ်ဖို့လိုတယ်"

ဖမ်းဆီးခံထားရတဲ့ မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြတ်သူဟာ စအိုထဲကို ဝါးလုံးထိုးသွင်းခံရတဲ့အထိ စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် နှိပ်စက်ခံခဲ့ရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂက ပြီးခဲ့တဲ့ ဇန်နဝါရီလ ထဲမှာ ထုတ်ပြန်ထားပါတယ်။



အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်လာသူ အများစုကလည်း စစ်ကြောရေးမှာရော၊ ထောင်ထဲမှာပါ နှိပ်စက်ခံထားရတယ်လို့ မီဒီယာတွေမှာ ပြောဆိုထားကြပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ဖမ်းဆီးခံရပြီး နှိပ်စက်ခံရလို့ စစ်ကြောရေးမှာ သေဆုံးရတဲ့သူ အနည်းဆုံး အယောက် ၁၁ဝ ရှိပါတယ်။

"ICRC က ပြည်ထဲရေးရဲ့ခွင့်ပြုချက်တောင်းပြီးတော့ ထောင်တွေမှာ ဝင်ရောက်မေးမြန်းတာတွေ ဟိုအရင်ကတည်းက လုပ်ခဲ့တာရှိတယ်၊ ဒီဘက်နောက်ပိုင်းမှာ ထဲထဲဝင်ဝင်မတွေ့ရဘူး။"


လောလောဆယ် ဒီမတ်လ ၁၅ ရက်နေ့ကလည်း ဖမ်းဆီးခံထားရတဲ့သူ ၇ ယောက်ကို ထောင်အာဏာပိုင်တွေက ပစ်သတ်လိုက်ပါတယ်။ သူတို့တွေဟာ ထောင်အာဏာပိုင်တွေကို ဓားစာခံလုပ်ပြီး ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်သတ်လိုက်တာလို့ စစ်ကောင်စီက ဆိုပါတယ်။

ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြကြလို့ တိုက်ပိတ်ခံထားရသူတွေလည်း ရှိနေပါတယ်။

တနင်္သာရီတိုင်း၊ ထောင်ဝယ်ထောင်ကနေ ထောင် ခြောက်လကျပြီး ပြန်လွတ်လာတဲ့သူတစ်ဦးက  "နိုင်ငံရေး အကျဉ်းသားနဲ့ ရာဇဝတ်မှုတွေကို အတူတူထားတယ်၊ အဲဒီရာဇဝတ်မှုတွေကိုလည်း ထောင်အာဏာပိုင်တွေက အာဏာပေးထားတယ်၊ လက်ရှိ ထားဝယ်ထောင်မှာ ဆယ်ယောက်ကျော် တိုက်ပိတ်ခံထားရတယ်၊ နိုင်ငံရေး စကားတွေပြောတယ်၊ စုရုံးတယ်ဆိုပြီး တိုက်ပိတ်ခံရတယ်၊ အခန်းကျဉ်းလေးတစ်ခုတည်းကို လူ သုံးလေးယောက်ထည့်ပြီး တိုက်ပိတ်ထားတာ"

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့ ထားဝယ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၂ဝဝ ကျော် ရှိပါတယ်။

အဲဒီထဲမှာ သားအိမ်ရောဂါခံစားနေရတဲ့ အမျိုးသမီး တစ်ဦး၊ ရင်ဘတ်ကို သေနတ်ပစ်ခံထားရတဲ့ အမျိုးသမီးတစ်ဦး၊ အကျိတ် ခွဲစိတ်ရမယ့် အမျိုးသမီး တစ်ဦးနဲ့ လက်မောင်းရိုး ကျိုးထားတဲ့ အမျိုးသား တစ်ဦးဟာ ဆေးကုသခံယူဖို့ အလွန်လိုအပ်နေတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

ဒီလို ထောင်တွင်း အကြမ်းဖက်ခံရမှုတွေ၊ လိုအပ်ချက်တွေကို ICRC အနေနဲ့ အမြန်ဆုံး စစ်ဆေးဖို့ လိုနေပေမယ့် စစ်အာဏာသိမ်းပြီးကတည်းက ICRC ရဲ့ လုပ်ဆောင်ချက်တွေ မတွေ့ရဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ဝေဖန်ပါတယ်။

"ICRC က ပြည်ထဲရေးရဲ့ခွင့်ပြုချက်တောင်းပြီးတော့ ထောင်တွေမှာ ဝင်ရောက်မေးမြန်းတာတွေ ဟိုအရင်ကတည်းက လုပ်ခဲ့တာရှိတယ်၊ ဒီဘက်နောက်ပိုင်းမှာ ထဲထဲဝင်ဝင်မတွေ့ရဘူး၊ သူကိုယ်တိုင်က ရွံ့နေလား မသိရဘူး၊ သူ့ဘက်ကတွန်းပြီး ပြောနေဆိုနေရမယ်၊ အဲလိုမလုပ်လို့ ဒီဘက်ကထောင်သားတွေ ပြဿနာတွေ ပြေလည်အောင် ICRC က မရှင်းလင်းနိုင်ဘူး ဖြစ်လာတယ်"

ဖမ်းဆီးထောင်ချခံထားရသူတွေဟာ အကျဉ်းသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့လည်း သူက ဆိုပါတယ်။

"ထောင်ထဲမှာ ဆန္ဒပြတာတွေလည်း ကြားနေရတယ်။ အစာငတ်ခံ ဆန္ဒပြတာတွေလည်းရှိတယ်၊ အဲဒါတွေကို ဖော်ထုတ်ပြီး တိုက်ပိတ်တာ၊ ရိုက်နှက်တာ လုပ်နိုင်တာပေါ့၊ မျက်ကွယ်မှာ၊ အခုဆို ပိုဆိုးတယ် ကိုဗစ်ဆိုပြီး မိသားစုက မတွေ့ရဘူး၊ ထောင်ဝင်စာပဲပို့ရတယ်၊ အကျဉ်းသား အခွင့်အရေးတွေ ရှိပေမယ့် အပြည့်အဝ မရဘူး၊ ဆေးဝါးကုသခွင့်ဆိုတာလည်း တော်ရုံဆေးရုံသွားဖို့က မလွယ်ပြန်ဘူး"

ICRC အဖွဲ့ဟာ အရင်စစ်အစိုးရခေတ် ၂ဝဝဝ ပြည့်နှစ်တွေကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲမှာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိခဲ့တဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်တွေက အကျဉ်းသားတွေရဲ့ လူမှုရေး၊ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အားကိုးအားထားရာ အဖွဲ့အစည်းကြီးလည်း ဖြစ်ပါတယ်။

ICRC အကြီးအကဲ Peter Maurer နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ဝ၂၁ ခုနှစ် ဇွန်လက တွေ့ဆုံချိန်မှာလည်း Peter Maurer က အကျဉ်းထောင်တွေထဲသွားဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ အချိန် ၁ဝ လလောက်ကြာတဲ့အထိ အကျဉ်းထောင်တွေထဲကို ICRC က သွားခွင့်မရသေးပါဘူး။ လတ်တလော မြန်မာနိုင်ငံတွင်း ထောင်ထဲတွေ သွားရောက်နိုင်ဖို့နဲ့ ပတ်သက်လို့ ထပ်မံသိရှိနိုင်ဖို့ ICRC ကို RFA က ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားဟောင်းများ AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့သူ စုစုပေါင်း အယောက် ၉၉ဝဝ ကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။