ရွှေကုက္ကိုမြို့သစ်က ကျားဖျန့်အလုပ်သမားတွေ ထိုင်းနိုင်ငံကို တိမ်းရှောင်လာနေကြ
2024.02.21

ရွှေကုက္ကိုမြို့သစ်က ကျားဖျန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ပူးပါင်းလုပ်ကိုင်နေတဲ့ ရထိုက် တရုတ်ကုမ္ပဏီက ဒေသဖွံဖြိုးရေး စရိတ်အကြောင်းပြပြီး တစ်ဦးကို ထိုင်းဘတ်ငွေ ကိုးထောင်နီးပါး ကောက်ခံနေသလို ငွေ မပေးနိုင်ရင် BGF စစ်သားအဖြစ်စုဆောင်းခံရမဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်ဝိုက်ကို တိမ်းရှာင်လာနေကြတယ်လို့ သိရပါတယ်။
လတ်တလော ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက သူတို့ ကျားဖျန့်လုပ်ငန်း အလုပ်သမားတွေအနေနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူက RFA ကို ပြောပါတယ်။
"အဓိကကတော့ ကျွန်တော်တို့ ဆက်ကြေးကောက်တာ၊ ဆက်ကြေးကောက်တယ်ဆိုတာလည်း ပမာဏက တွက်ကြည့်မယ်ဆိုလို့ရှိရင် ဘတ် ရှစ်ထောင်ကျော်ကြီးဆိုတော့ မြန်မာငွေ ရှစ်သိန်း၊ ကိုးသိန်းနီးပါးရှိတယ်။ သူတို့ကိုပေးရင် ကျွန်တော်တို့ အိမ်ပို့ဖို့ နေနေသာသာ ကျွန်တော်တို့တောင် အိမ်ကနေပါပြန်တောင်းရမဲ့ အနေအထားဖြစ်သွားမယ်။"
အခု ဖေဖော်ဝါရီလအတွင်း ထိုင်းမြန်မာနယ်စပ်က ကျားဖျန့် ငွေလိမ်လုပ်ငန်းတွေကို စစ်တပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးမယ်ဆိုတဲ့ သတင်း တွေကြောင့် တရုတ်လုပ်ငန်းရှင်တွေ ရှောင်တိမ်းသွားကြပြီးနောက်မှာ သူတို့အနေနဲ့ ပြည်တွင်းက နေရပ်ဇာတိတွေကိုပြန်သွားမယ်ဆိုရင် စစ်ကောင်စီ စစ်တပ်ရဲ့ တပ်သားစုဆောင်းမှုနဲ့ ကြုံတွေ့နိုင်သလို ရွှေကုက္ကိုလ်မှာ ဆက်လက်နေထိုင်ပြီး ရထိုက်ကုမ္ပဏီကို ရန်ပုံငွေ မပေးနိုင်ရင်လည်း BGF စစ်သားအဖြစ် အမှုထမ်းရမှာကို စိုးရိမ်တဲ့အတွက် ထိုင်းနိုင်ငံဘက်ကို အခုလို ရှောင်တိမ်းခဲ့ရတာဖြစ်တယ်လို့လည်းသူက ပြောပါတယ်။
အခုလို ရွှေကုက္ကိုဒေသမှာ ရထိုက်ကုမ္ပဏီက ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကောက်ခံနေတာနဲ့ပတ်သက်ပြီး BGF လုံခြုံရေး တာဝန်ခံ ဗိုလ်မှူး မောင်ဝင်း ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ် မရရှိသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီး တစ်ဦးကလည်း မြဝတီမြို့တဝိုက်မှာရှိတဲ့ ကျားဖျန့် လုပ်ငန်းတွေကို ဖမ်းဆီးနှိမ်နင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ထိုင်းနိုင်ငံဘက် ရှောင်တိမ်းလာရတယ်လို့ RFA ကို ပြောပါတယ်။
"ဒီမြဝတီမြို့အထွက်တို့ သဃ်န်းညီနောင်တို့ဘက်မှာဆိုလည်းပဲ ခဏခဏ တိုက်ပွဲတွေဖြစ်နေတာလေ PDF တွေနဲ့ မြန်မာစစ်တပ်နဲ့က ခဏခဏ စစ်ပွဲတွေဖြစ်နေတယ်။ ပြီးလို့ရှိရင် ဒီ PDF တွေကလည်းပဲ မြဝတီမြို့ဒီဘက်ထဲကို ဒရုန်းတွေနဲ့ချတာမျိုးတို့ ပြီးရင်ကာစီနိုဘက်ကိုလည်း ဒရုန်းတွေနဲ့ချမယ်လို့ ကျွန်မတို့လည်းကြားရတယ်ပေါ့နော်။ အဲတော့ ကျွန်မတို့လည်းမနေရဲတော့ဘူးပေါ့ နောက်ပြီး၊ ဒီ KNU ဘက်ကလည်း တိုက်ပွဲတွေ ဖော်ဆောင်မယ်လို့ကြားတယ်၊ ကျွန်မတို့ကြားတာကတော့ BGF နဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်မယ်လို့လည်း ကြားတယ်ပေါ့နော်။ နောက်ပြီးဒီကျားဖြန်လုပ်ငန်းကို ထိုင်းရယ်တရုတ်ရယ် မြန်မာနိုင်ငံရယ် သုံးနိုင်ငံပေါင်းပြီးတော့ နှိမ်နင်းမယ်လို့လည်း ပြောတယ်ပေါ့နော်၊ နေ့ဝင်ပြီးတိုက်မလား ညဝင်ပြီးတိုက်မလားလို့လည်း မသိရဘူးပေါ့နော်၊ နေ့ခင်းဘက်လည်းမအိပ်ရဲ ညဘက်လည်းမအိပ်ရဲဆိုတော့ ကျွန်မတို့လည်း အခြေနေမကောင်းတာနဲ့ ဒီဘက်ကိုထွက်လာခဲ့တာပါ"
လက်ရှိမှာ BGF တပ်တွေအနေနဲ့ စစ်ကောင်စီထံက ရိက္ခာနဲ့ လစာငွေတွေ မယူတော့တဲ့အတွက် သူတို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုဒေသက အိမ်ငှားလုပ်ငန်းရှင်တွေ ကျားဖျန့်လုပ်ငန်း လုပ်ကိုင်သူတွေထံကနေ စစ်သားတွေရဲ့ လစာငွေအဖြစ် ငွေကောက်ခံနေတာ ဖြစ်တယ်လို့ ရွှေကုက္ကိုလ် ဒေသခံတွေက ပြောပါတယ်။
ဒ့ါအပြင် BGF ထိန်းချုပ်တဲ့ ရွှေကုက္ကိုဒေသက ကျားဖျန့် ငွေလိမ်လုပ်ငန်းတွေမှာရှိတဲ့ သူတွေကို မှတ်ပုံတင်နဲ့ နိုင်ငံကူးလက်မှတ်တွေ သိမ်းဆည်းထားပြီး ရထိုက်ကုမ္ပဏီနဲ့ BGF တပ်ရဲ့ ခွင့်ပြုချက်မရရှိဘဲ အပြင်ထွက်ခွာခွင့်မရှိတဲ့အတွက် အလုပ်သမားအများအပြား ပိတ်မိနေတယ်လို့လည်း သတင်းတွေရရှိပါတယ်။
ဒီအတောအတွင်းမှာပဲ ကရင်အမျိုးသားအစည်းအရုံး KNU က ထိုင်း-မြန်မာ နယ်စပ်က ငွေလိမ်ဂိုဏ်းနဲ့ တရားမဝင် ကာစီနို လောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အိမ်နီးခြင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဲဒီလို ထုတ်ပြန်ထားပေမဲ့လည်း လက်ရှိအချိန်အထိတော့ ထိုင်း-မြန်မာနယ်စပ်က မြဝတီ၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး KK park၊ ကျောက်ခက်၊ ဝေါလေ ဒေသတွေမှာရှိနေတဲ့ ကျားဖျန့် ငွေလိမ်ဂိုဏ်းတွေကို ဘယ်အဖွဲ့အစည်းကမှ ဖမ်းဆီးနှိမ်နင်းတာ မရှိသေးပါဘူး။