အာဏာသိမ်းပြီးနောက် ဘိန်းစိမ်းထုတ်မှု နှစ်ဆနီးပါး များပြားခဲ့ကြောင်း ကုလပြောကြား
2023.01.26

၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၂ဝ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု တဖြည်းဖြည်း လျော့နည်းကျဆင်း သွားခဲ့တဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက် ၂ဝ၂၂ ခုနှစ်အတွင်း စိုက်ပျိုးမြေနေရာ ဟက်တာပေါင်း ၄ သောင်းကျော်အထိ များပြားလာခဲ့တဲ့အတွက် ၂ဝ၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၃၃% တိုးပွားခဲ့တာ ဖြစ်တယ်။
ဒါ့အပြင် ဘိန်းစိမ်းတန်ချိန် ၇၉ဝ တန် ထွက်ရှိခဲ့တဲ့အတွက် ဒါဟာ အရင်နှစ်ကထက် ၈၈% တိုးတက်များပြားလာခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ကျင်းပတဲ့ ဘန်ကောက်မြို့က သတင်းစာရှင်းပွဲမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာဌာန အရာရှိတွေက ပြောကြားလိုက်ပါတယ်။
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့ ပထမနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၂% နဲ့ ဘိန်းစိမ်း ထုတ်လုပ်မှု ပမာဏ ၄% တိုးတက်ခဲ့ရာကနေ ၂ဝ၂၂ ခုနှစ်မှာတော့ အခုလို အရင် နှစ်ကထက် ၂ ဆလောက် များပြားလာခဲ့တာကို တွေ့ရှိခဲ့ ရတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက သူတို့စုံစမ်းရရှိခဲ့တဲ့ ကိန်းဂဏန်းတွေကို ထောက်ပြပြီး သတင်းစာရှင်းပွဲမှာ ပြောဆိုပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာဌာန အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အရာရှိ Jeremy Douglas ဂျရယ်မီ ဒေါက်ဂလပ်စ်က အာဏာသိမ်းပွဲနောက်ပိုင်း ပြည်တွင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်မှု အခက်အခဲတွေကြောင့် ဘိန်းစိုက်ပျိုးမှု တိုးတက် လာတယ်လို့ ယူဆကြောင်းပြောပါတယ်။ သတင်းစာရှင်းပွဲအပြီး မေးမြန်းရာမှာတော့ သူက မြန်မာနိုင်ငံ ကနေ စိတ်ကြွဆေးထုတ်လုပ်မှု တိုးတက်လာယုံမျှမက ဘိန်းနဲ့ ဘိန်းဖြူ ထုတ်လုပ်မှုတွေပါ တိုးပွားလာနေမှု သို့မဟုတ် ပြန်လည်တိုးပွားလာနေမှုကိုပါ ကျနော်တို့ အခု ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင်အာရှဒေသအတွက် သမိုင်းဝင် စိန်ခေါ်မှုတစ်ခုဖြစ်သလို မြန်မာပြည်အတွက်လည်း အကြီးအကျယ် အကျိူးသက်ရောက်မှု ရှိမှာဖြစ်ပါတယ် လို့ RFA မြန်မာဌာနကို ပြောပါတယ်။
အခုလို ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာ တည်မြဲရေးကလွဲပြီး တခြား အရာတွေကို စိတ်ဝင်စားခြင်း မရှိပါဘူး၊ ဒါ့အပြင် မူးယစ်ဆေးဝါးကရရှိတဲ့ အကျိုးစီးပွားတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့မိသားစုဝင်တွေက ခံစားနေတာဖြစ်ပါတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံး တိုးပွားခဲ့တာကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး ၃၉% အထိ တစ်ဟုန်ထိုး တက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ချင်းပြည်နယ်က ၁၄% နဲ့ ကယားပြည်နယ်က ၁၁% တိုးပွားခဲ့တယ်လို့ ကုလအရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ခုလုံး အတိုင်းအတာနဲ့ ပြောရရင် ဘိန်းစိမ်း ထုတ်လုပ်မှုကလည်း ဟက်တာ တစ်ခုကို ကီလိုဂရမ် ၂ဝ နီးပါး တိုးတက်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၄၁% တိုးတက်ခဲ့တာ ဖြစ်ပါတယ်လို့ ဘန်ကောက်မြို့က သတင်းစာရှင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။