ထန်တလန်မြို့က မိဘမဲ့ကလေး ၄၀ ကျော် ဘေးလွတ်ရာ ခိုလှုံနေရ

2021.11.16
ထန်တလန်မြို့က မိဘမဲ့ကလေး ၄၀ ကျော် ဘေးလွတ်ရာ ခိုလှုံနေရ Mission for Orphans and Captives (MFOC) မိဘမဲ့ဂေဟာမှာ ခိုလှုံနေတဲ့ ကလေးငယ်တွေကို တွေ့ရစဉ်
Photo: MFOC

မြို့လုံးကျွတ်ထွက်ပြေးသွားရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ မိဘမဲ့ဂေဟာ နှစ်ခုရှိပြီး၊ အဲဒီက ကလေး ၄၃ ယောက်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဂေဟာ တာဝန်ခံတွေက RFA ကို ပြောပါတယ်။

ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့က တည်ထောင်ထားတဲ့ Thantalang Association Baptist Church (TABC) မိဘမဲ့ဂေဟာနဲ့ သိက္ခာတော်ရ ဆရာ ဦးဂျွန်နိုင်မန် ဦးစီးတည်ထောင်ထားတဲ့ Mission for Orphans and Captives (MFOC) ဆိုတဲ့ မိဘမဲ့ဂေဟာ နှစ်ခုပါ။

စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေလို့ စစ်ကောင်စီကဘက်ကလည်း အင်အားအလွန်အကျွံ သုံးပြီး ပြန်နှိမ်နင်းနေတဲ့အတွက် လက်နက်ကြီးကျပြီး အိမ်တွေ မီးလောင်တာ၊ မီးရှို့ခံရတာ အနည်းဆုံး လေးကြိမ် ရှိနေပါပြီ။ အဲဒီမီးရှို့တာတွေကို စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။

ဒီကာလမှာ ကလေးတွေ ဘေးကင်းလုံခြုံဖို့ မြို့ပြင်မှာရှိတဲ့ MFOC မိဘမဲ့ဂေဟာက ကလေး ၁၈ ဦး ကို မြို့ကနေ ၉ မိုင် လောက်ဝေးတဲ့ တလန်ရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က သူတို့ပို့ပေးလိုက်တယ်လို့ CDF အဖွဲ့က ပြောပါတယ်။

"မြို့ပြင်မှာရှိတဲ့ မိဘမဲ့ဂေဟာကတော့ ကျွန်တော်တို့ကပဲ လုံခြုံတဲ့ရွာကို ပို့ပေးတယ်။ ဒီလမှာ ကျွန်တော်တို့က သွားထုတ်ပြီး လုံခြုံတဲ့နေရာအထိ ပို့တယ်။ အခက်အခဲတော့ တော်တော်ရှိတာပေါ့နော်။ ကျွန်တော်တို့ CDF အဖွဲ့စည်းထဲမှာ ဆန်တွေ စုစောင်းပေးတာတို့ ရှိတယ်။ ကျွန်တော်တို့က မီဇိုရမ်ဘက်မှာ သွားဝယ်တာလည်း ရှိတယ်"

အဲဒီ MFOC မိဘမဲ့ဂေဟာမှာ ၅ နှစ်အရွယ်ကနေ ၁၇နှစ်အရွယ်အထိ ကလေး ၁၈ ဦး ရှိပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ဂေဟာတာဝန်ခံ သိက္ခာတော်ရ ဆရာ ဦးဂျွန်နိုင်မန်က အခုလို ပြောပါတယ်။

"အားလုံးက ထွက်သွားကြတာပေါ့နော်။ ထန်တလန်မှာတော့ လူက မရှိတော့ဘူးပေါ့။ အခုတော့ အခက်အခဲ မရှိပါဘူး။ ကျွန်တော်တို့က ရွာသူ၊ ရွာသားများ အားလုံးက ကျွန်တော်တို့ကို အခု တာဝန်ယူတာပေါ့။ အဆင်ပြေပါတယ်။ စိုးရိမ်တာပေါ့လေ။ ထန်တလန်မြို့ပေါ်မှာ အပစ်အခတ်တွေလည်း ဖြစ်နိုင်တယ် ဆိုပြီးတော့မှ၊ တိုက်ပွဲတွေလည်းဖြစ်နိုင်တယ်ဆိုပြီးတော့မှ သူတို့ စိုးရိမ်လို့လာခေါ်တာ"

"မနေ့ည ၉နာရီဝန်းကျင်မှာ တစ်အိမ် ထပ်လောင်တယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ထန်တလန်မြို့မှာ နေအိမ် ခုနစ်လုံး မီးလောင်ခဲ့ပြီး အဲဒီအထဲမှာ နှစ်ခြင်း ခရစ်ယာန်အဖွဲ့က တည်ထောင်ထားတဲ့ TABC မိဘမဲ့ဂေဟာလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထန်တလန် CDF က

“မိဘမဲ့ဂေဟာက မနက်ပိုင်း ၅ နာရီဝန်းကျင်မှာ စလောင်တာပေါ့။ အဲဒီမှာ သုံးအိမ်ရှိတယ်။ သုံးအိမ်စလုံး လောင်တယ်။ ပြီးရင် အဲဒီ မိဘမဲ့ဂေဟာရှိတဲ့ ရပ်ကွက်မှာပဲ သုံးအိမ် ထပ်လောင်တယ်။ ၉ နာရီခွဲလောက်မှာပဲ ထပ်လောင်တယ်။ မနေ့ည ၉နာရီဝန်းကျင်မှာ တစ်အိမ် ထပ်လောင်တယ်”

အဲဒီ TABC မိဘမဲ့ဂေဟာမှာ ကလေး ၂၅ ဦး ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ပထမဆုံး အနေနဲ့ နေအိမ် ၁၉ လုံး မီးရှို့ခံရပြီးတဲ့နောက် ထန်တလန်တစ်မြို့လုံးနီးပါး ပြောင်းရွှေ့ကြရသလို TABC မိဘမဲ့ဂေဟာလည်း အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

orphan-thantlang.jpg
Mission for Orphans and Captives (MFOC) မိဘမဲ့ဂေဟာက ကလေးငယ်တွေ ကစားနေတာကို မြင်ရစဉ် (Photo: MFOC)

MFOC မိဘမဲ့ဂေဟာကို ၁၉၉၃ မေလ ၂၁ ရက်နေ့မှာ ကိုယ်ထူကိုယ်ထ စတင် တည်ထောင်ခဲ့တာပါ။ ဒါကြောင့် အခုဆို သက်တမ်း ၂၈ နှစ်ရှိပြီလို့ ပြောပါတယ်။ အခြေအနေ တည်ငြိမ်သွားရင် ပြန်နေဖို့ မျှော်လင့်ထားတယ်လို့ ဂေဟာတာဝန်ခံ သိက္ခာတော်ရ ဆရာ ဦးဂျွန်နိုင်မန် က RFA ကို ပြောပါတယ်။

"အိန္ဒိယပြည်နယ်အထိပြေးဖို့တော့ အစီအစဉ် မရှိသေးဘူး ဒီရွာမှာပဲ ခဏခိုဦးမယ် ကျွန်တော်တို့ကတော့ အခြေအနေကောင်းရင် ထန်တလန်မှာ ပြန်နေဖို့ စဉ်စားထားပါတယ်"

အခုရက်ပိုင်းတွေမှာ ထန်တလန်မြို့မှာ တိုက်ပွဲသံ၊ လက်နက်ကြီးသံတွေ မကြာခဏ ကြားနေရပြီး စစ်ရဟတ်ယာဉ် ပျံသန်းတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့မှာ စက်တင်ဘာလကနေ အခုနိုဝင်ဘာလဆန်းထိ ၁ ကျော်အတွင်း အိမ်ခြေ ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရသလို၊ လက်နက်ကြီးကျတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် မြို့မှာရှိသမျှ လူဦးရေ တစ်သောင်းနီးပါးလောက်က ဘေးလွတ်ရာ ရှောင်နေရတုန်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။