ကနီနယ်မှာ လေးလအတွင်း လူ ၈ဝ ကျော် အသတ်ခံရ

အေးအေးမွန် (အော်စလို)
2021.08.12

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေကို တူမီးသေနတ် စွဲကိုင်ပြီး ခုခံတိုက်ခိုက် သူတွေထဲမှာ စစ်ကိုင်းတိုင်း ကနီနဲ့ ယင်းမာပင်မြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

ကနီနဲ့ ယင်းမာပင်မြို့နယ်ထဲက ရွာ အတော်များများကို စစ်ကောင်စီဘက်က အင်အားသုံး ဖြိုခွင်းပြီး PDF ကို ထောက်ခံတယ်လို့ သံသယရှိသူ မှန်သမျှကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ကနီနယ်မှာ အစုအပြုံလိုက် သတ်ဖြတ်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ၄၆ ဦးထက်မနည်း အသတ်ခံခဲ့ရပါတယ်။

အဲဒီ ၄၆ ဦး အပါအဝင် ကနီမြို့နယ်မှာ လေးလနီးပါးအတွင်း သေဆုံးသူပေါင်း ၈၀ ကျော် ရှိခဲ့ပြီး၊ အဲဒီအထဲမှာ PDF တပ်ဖွဲ့ဝင် ၃၁ ယောက်၊ မိုင်းနင်းမိပြီး သေဆုံးခဲ့ရသူ သုံးယောက်၊ ဘေးလွတ်ရာ ရှောင်တိမ်းရင်း သွေးလွန်တုတ်ကွေးကြောင့် သေဆုံးရသူ တစ်ယောက်၊ ပြေးရင်းလွှားရင်း အမောဖောက် သေဆုံးခဲ့သူ တစ်ယောက် စုစုပေါင်း ၈၂ ယောက် ပါဝင်တယ်လို့ ကနီ PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ်က နေရာစုံမှာ တိုက်ပွဲ ၃၅ ကြိမ် ဖြစ်ပွားခဲ့တဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

"စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလဆန်း ၁၁ ရက်နေ့ကတည်းက ကနီမြို့နယ်အတွင်း ဝင်ရောက်လာတယ်။ တိုက်ပွဲပေါင်း ၃၅ ပွဲ ဖြစ်ပွားခဲ့တယ်။ တိုက်ပွဲတွေက နေရာအစုံ။ ပြည်သူ့ရဲဘော် ၃၁ ဦး အသက်ပေးလှူခဲ့ရတယ်။ အရပ်သားပြည်သူတွေကို စစ်ကောင်စီက အစုအလိုက် အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်တာ သုံးကြိမ် ကြီးကြီးမားမားဖြစ်ခဲ့တယ်။ အရပ်သားပြည်သူ သေဆုံးမှုက ၅၁ ဦး၊ တိုက်ပွဲတွေကလည်း ကနီမြို့နယ် ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းရောမှာ အကုန်ဖြစ်တာ"

ဒီလေးလနီးပါး ကာလအတွင်း အဖမ်းခံထားရတဲ့ ကနီဒေသခံ အယောက် ၅၀ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပြီးတိုင်း ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေထဲ ဝင်လာပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတာနဲ့ စိုက်ပျိုးရေးပစ္စည်းတွေ အပါအဝင် လယ်ယာသုံး ကျွဲ၊ နွားတွေကို သတ်ဖြတ်တာတွေ လုပ်ကြတယ်လို့လည်း ကနီ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလကစလို့ အခုချိန်ထိ စစ်ကောင်စီတပ်တွေက ကနီမြို့နယ်က အဓိက လမ်းမကြီးဖြစ်တဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ချထားပြီး ဖြတ်သန်းသွားလာတဲ့ ကား၊ မော်တော်ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာ မှန်သမျှကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ဆိုပါတယ်။

kani-weapon.jpg
(ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီကျည်ကို တွေ့ရစဥ်)

ပြီးခဲ့တဲ့ ဇူလိုင်လ တိုက်ပွဲတွေ ပိုပြင်းထန်လာချိန်မှာ စစ်ဆေးမှုတွေ ပိုတင်းကျပ်လာတဲ့ အတွက် စားသောက်ကုန်နဲ့ ဆေးဝါးတွေပါ ကျေးရွာတွေကို သယ်ယူလို့မရတော့ဘဲ ရိက္ခာနဲ့ဆေးဝါး ပြတ်လပ်တဲ့အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့နယ် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ကုန်ကားတွေ၊ ကုန်မော်တော်တွေ အဝင်အထွက် မရှိတော့တဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ အခါမှာ အစားအသောက် ရိက္ခာတွေ ပြတ်လပ်သွားပြီ၊ ဆေးဝါးဆိုရင် ကျန်းမာရေးမကောင်းလို့ ပါရာစီတမော တစ်ပြား သောက်ဖို့တောင် ဘယ်မှဝယ်လို့မရဘူး။ အလှူရှင်တွေပို့တဲ့ ပစ္စည်းတွေကို ဆိုင်ကယ် အထမ်းပိုးတွေနဲ့ သယ်ဆောင်ပြီးတော့ တစ်ရက်တာ ဖြစ်ကျော်ဖို့၊ နှစ်ရက်တာ ဖြတ်ကျော်ဖို့သာ မျှဝေစားသောက်နေရတယ်။ ဒီတိုင်း ရေရှည်ဆက်ဖြစ်နေမယ်ဆိုရင် ငတ်မွတ်တဲ့ဘေးတွေ ကြုံတော့မယ်။ လောလောဆယ်တောင် ဒေသမှာ ဆန်ပြုတ် ပြုတ်သောက်ရတဲ့သူတွေတို့၊ တချို့ဆို တစ်ရက် ထမင်းမချက်လိုက်ရတဲ့သူတွေတို့ တွေ့နေရပြီ”

အခုလို မိုးရာသီကာလ စိုက်ပျိုးရေးလုပ်ရမယ့် အချိန်မှာလည်း စစ်ကြောင့် ပြေးလွှား နေရတဲ့အတွက် လာမယ်ဆောင်းရာသီ ရိတ်သိမ်းချိန်မှာ ဘာမှ မျှော်လင့်စရာ မရှိဘဲ စားဝတ်နေရေးဒုက္ခကို ပိုပြီး ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဆန်ပြုတ် ပြုတ်သောက်ရတဲ့သူတွေတို့၊ တချို့ဆို တစ်ရက် ထမင်းမချက်လိုက်ရတဲ့သူတွေတို့ တွေ့နေရပြီ”

လာမယ့် တစ်လ၊ နှစ်လ အတွင်းမှာတင် ကနီမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းက ရွာအချို့ စားဝတ်နေရေးခက်ခဲပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ့်အခြေအနေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့နယ် ယင်း ရွာသားတစ်ယောက်က ပြောပါတယ်။

“အလွှာပေါင်းစုံဆိုတော့ အခက်ခဲအမျိုးမျိုး တွေ့ကြုံနေကြရတယ်။ ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းကသူတွေက အရှေ့ဘက်ခြမ်း ရွာတွေကိုလာပြီး အလှူခံနေကြရပြီ၊ လက်လုပ်လက်စားတွေပေါ့၊ သစ်ဝါးတို့၊ ကူးသန်းရောင်းဝယ်ရေး သမားတွေတို့ပေါ့၊ တစ်လ၊ နှစ်လအတွင်း ဆိုရင်ကို ဝမ်းစာရေးအတွက် မလွယ်မယ့် အနေအထားဖြစ်နေပြီ၊ ရွာသာမီးနဲ့ရှို့ချင် ရှို့ပါတော့၊ တချို့ဆို အသက် ၇၀၊ ၈၀ သမားတွေကို ကျော်ပိုးပြီး ပြေးနေရတာ၊ ဒါတွေဖြစ်နေတော့ မရွံမုန်းပဲနေမလား။ လူတန်းစေ့ ခံစားနေရတာ မတတ်နိုင်လို့သာပါ။ တတ်နိုင်ရင် တစ်ယောက်ထဲ အသက်ပေးပြီးကို ချတယ်”

လတ်တလောမှာ ကနီမြို့နယ်အတွင်း ဖုန်းဘေလ်ငွေဖြည့်တာကအစ ဝယ်မရ ဖြစ်နေတာကြောင့် အချင်းချင်း မျှဝေသုံးစွဲနေရတယ်လို့လည်း သူကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ဟာ ချင်းတွင်းမြစ်ဘေးမှာ တည်ရှိပြီး ကျေးရွာ အုပ်စုပေါင်း ၄၈ ခု ရှိပါတယ်။အဲဒီကျေးရွာတွေထဲမှာ ရေကြောင်း ကုန်းကြောင်း မျှမျှတတသုံးလို့ရတဲ့ ရွာတွေက အခြေနေ သိပ်မဆိုးသေးပေမယ့် ကုန်းလမ်းတစ်ခုပဲ သွားလာလို့ရတဲ့ ကျောက်တန်း၊ ညောင်တုန်း၊ ရွာသစ်၊ ရေဆိုး၊ ခုံကြီး၊ ပါဟဲ၊ နန်းစု၊ အထက်ကင်း၊ အောက်ကင်း၊ မိချောင်းတွင်း စတဲ့ကျေးရွာအုပ်စု ၂၅ စုထဲက ရွာပေါင်း ၁၀၀ ကျော်က ဒေသခံ တစ်သောင်းကျော်ဟာ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ ဒီအခက်အခဲတွေ အပြင် အခုချိန်ဟာ မိုးတွင်းဖြစ်လို့ တောင်ကျချောင်းရေ ကနေ တစ်ရှိန်ထိုး ကျဆင်းတဲ့ ရေကြီးမှု သဘာဝဘေးဒဏ်နဲ့ ကိုဗစ်ကပ်ရောဂါ ဒဏ်ကိုပါ ကနီမြို့နယ်အတွင်းက ကျေးရွာအားလုံးနီးပါး ရင်ဆိုင်ခံစားနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။