ပုလောမှာ စက်လှေနစ်မြုပ်မှု ရှစ်ဦးသေဆုံးပြီး နှစ်ဆယ်နီးပါး ပျောက်ဆုံးနေ

RFA Burmese
2024.10.21
ပုလောမှာ စက်လှေနစ်မြုပ်မှု ရှစ်ဦးသေဆုံးပြီး နှစ်ဆယ်နီးပါး ပျောက်ဆုံးနေ ပုလောမြို့နယ် ကျောက္ကာရွာအနီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ညက စက်လှေတိမ်းမှောက်ခဲ့ရာနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်နေကြစဉ်။
အရှင်ဣန္ဒက ကျောက္ကာကျွန်း

[Update: 5: 40 PM, Oct 21, 2024]

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာရွာအနီးပင်လယ်ပြင်မှာ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၉ နာရီခန့်က ခရီးသည်တွေပါတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ရှစ်ဦးသေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေ တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကူညီပေးနေသူတွေရဲ့စာရင်းအရ ဒီနေ့နေ့လယ် တစ်နာရီကျော်အထိ ၄၇ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ၁၇ ဦးခန့် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

"တစ်ရက်ကျော်သွားပြီဆိုတော့ အဲဒီ ၁၇ ယောက်လုံးက အသက်ရှင်နိုင်ဖို့ ခဲယဥ်းတယ်”

စက်လှေပေါ်မှာ လူဦးရေရှစ်ဆယ်ကျော်ပါတယ်လို့ ပြောနေကြပေမဲ့ စာရင်းအတိအကျမရှိတာကြောင့် အဲဒီထက် ပိုနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“Dead Body ကတော့ ရှစ်လောင်းပေါ့။ အမျိုးသမီးခုနစ်လောင်းနဲ့ ကလေးအလောင်း တစ်လောင်း။ ရှစ်လောင်း တွေ့ထားတယ်။ သူတို့ကို သရဏဂုံတင်ပြီးပြီ။ စက်လှေမှာပါလာတာ ရှစ်ဆယ်ကျော်လို့တော့ပြောတယ်။ ဒါပေမဲ့ ကလေးတွေက စာရင်းမရှိဘူး။ အကုန်လုံး တစ်ရာနီးနီးလောက်ရှိတယ်”

ကျောက္ကာကျေးရွာကနေ မြိတ်မြို့ကိုသွားချိန် ကျောက္ကာရွာအထွက် ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက် ပြန်လာကြတဲ့ ကျောင်းသားတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောမြို့နယ် ကျောက္ကာရွာအနီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ညက စက်လှေတိမ်းမှောက်မှုတွင် သေဆုံးသူအချို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (Facebook/အရှင်သုန္ဒရ)
ပုလောမြို့နယ် ကျောက္ကာရွာအနီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ညက စက်လှေတိမ်းမှောက်မှုတွင် သေဆုံးသူအချို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (Facebook/အရှင်သုန္ဒရ)

တင်ဆောင်ထားတဲ့ ဝန်အားများသလို ရေစီးသန်ပြီး လှိုင်းလည်းရှိတာကြောင့် ဟန်ချက်ပျက်ပြီး နစ်မြုပ်ခဲ့တာလို့ ကျောက္ကာရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကကတော့ အပေါ်မှာ တင်ထားတဲ့၀န်က များတော့ ရေစီးကအရမ်းကြမ်းတော့ ကျောက္ကာကနေအထွက်မှာ ချောင်း၀လေးရှိတယ်။ တောင်ကြား ပင်လယ်၀ပေါ့လေ။ အဲဒီမှာ ရေစီးကအရမ်းသန်တာ အပေါ်၀ိတ် အရမ်းလေးတော့ ဟန်ချက်ပျက်သွားတော့ တိမ်းမှောက်သွားတာ။ စစ်ရှောင်တွေလည်း ပါကြတယ်။ ကျောက္ကာတို့၊ ပလတို့က မြိတ်မှာကျောင်းတက်နေတဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေလည်း ပါကြတယ်"

လက်ရှိ အသက် (၁၆) နှစ်ကနေ အသက် (၆၀) အကြား အမျိုးသမီး ခုနစ်ဦးနဲ့ သုံးလအရွယ်ကလေးတစ်ဦးရဲ့ အလောင်းသာ ပြန်တွေ့သေးတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

မြိတ်-ပုလော ကားလမ်းမှာ တိုက်ပွဲကြောင့် ယာဉ်အစီးရေ ရာချီပိတ်မိနေ

တနင်္သာရီတိုင်းက မြို့နယ်တချို့မှာ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံထားရ

တနင်္သာရီမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ


ပျောက်ဆုံးနေသူတွေထဲမှာ ဆယ်နှစ်အောက်ကလေး ခုနစ်ဦးနဲ့ ကျောင်းသားတွေပါဝင်ပြီး အသက်ရှင်လျက် ပြန်တွေ့ဖို့ ခဲယဉ်းသွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“လှေက မှောက်တဲ့အချိန် ပက်လက်ပြန်သွားတော့ လှေ၀မ်းထဲမှာ အလောင်းတွေရှိသေးတယ်။ အတိအကျ မသိရသေးဘူး။ အခုက ပျောက်ဆုံးနေတာ တစ်ရက်ကျော်သွားပြီ။ ပျောက်ဆုံး ၁၇ ဦးလုံးက လှေ၀မ်းထဲ ပါသွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ မျောသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တစ်ရက်ကျော်သွားပြီဆိုတော့ အဲဒီ ၁၇ ယောက်လုံးက အသက်ရှင်နိုင်ဖို့ ခဲယဥ်းတယ်”

ကယ်ဆယ်ရေးကို အနီးအနားရွာက လှေပိုင်ရှင်တွေ၊ မြိတ်မြို့က ပရဟိတအဖွဲ့တွေ စုပေါင်းလုပ်ဆောင်နေကြပြီး လတ်တလော ရေတက်နေသလို ရေစီးသန်နေတာကြောင့် ကယ်ဆယ်ရေး ခဏရပ်နားထားရတယ်လို့ ဆိုပါတယ်။

မိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရသွန်းပြီး လှိုင်းကြီးမှုတွေ ဖြစ်နေတာပါ။

စက်လှေနစ်မြုပ်မှုအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပုလောမြို့နယ် ကြဲရွာနဲ့ အနီးတစ်ဝိုက်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ပုလော ပြည်ထောင်စုကားလမ်းမှာ ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ပိတ်မိနေပြီး အများစုဟာ ရေလမ်းကိုပဲ အသုံးပြုနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် စက်လှေနစ်မြုပ်တဲ့အထဲမှာ ကျောက္ကာရွာဘက်မှာ စစ်ဘေးရှောင်နေရတဲ့ ကြဲရွာအနီးတစ်ဝိုက်က ဒေသခံတွေ ပါသွားတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။