မီးဘေးသင့် ဒေသခံတွေအတွက် ထန်းတဲအလှူ

RFA Burmese
2024.12.27
မီးဘေးသင့် ဒေသခံတွေအတွက် ထန်းတဲအလှူ S & C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အမိုးအကာများ ပြုလုပ်ပေးရန် ထန်းရွက်များ ရွေးချယ်ပြင်ဆင်နေသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ S & C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း တစ်သိန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။ ဒေသခံတွေ တောင်ယာလုပ်ငန်းအများစုကနေ စုဆောင်းတည်ဆောက်ခဲ့ရတဲ့ အိမ်တွေဟာ နာရီပိုင်းအတွင်း ဆုံးရှုံးခဲ့ရတာပါ။ ဒီလိုဆုံးရှုံးမှုတွေကနေ စိတ်သက်သာရာ အနည်းငယ်ရအောင် Special and Choice (S&C) မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ထန်းတဲအိမ်တွေ ဆောက်လုပ်လှူဒါန်းပေးနေပါတယ်။

“မိသားစုတွေက အသက်ဘေး လွတ်ခဲ့ပေမဲ့ မိဘတွေလက်ထက် ကိုယ့်ညီ ကိုယ့်မောင်နှမတွေ ချွေးနဲ့သွေးနဲ့ ရိုးရိုးသားသား ရှာဖွေစုဆောင်းပြီးမှ ဖြစ်လာတဲ့အိမ်က ခဏလေး ရက်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်းမှာ လုံးဝ ကုန်းကောက်စရာ မကျန်အောင် ပြာပုံဘဝကို ရောက်သွားတဲ့အတွက်ကတော့ ယူကျုံးမရ ဖြစ်တာပေါ့နော်”

လုံခြုံရေးကြောင့် မအိလို့ အမည်လွှဲထားတဲ့ ဒီပဲယင်း ဒေသခံတစ်ဦးဟာ မိသားစုရဲ့ ချွေးနည်းစာနဲ့ ဆယ်စုနှစ်နဲ့ချီကြာအောင် စုဆောင်းပြီး ဆောက်ခဲ့ရတဲ့အိမ်ကို နာရီပိုင်းအတွင်း ဆုံးရှုံးခဲ့ရတာပါ။

စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ရွာလုံးကျွတ်တဲ့အထိ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ကိုင်းတိုင်းမှာ မအိလို အိုးအိမ်မဲ့သွားတဲ့လူတွေ သိန်းနဲ့ချီပြီး ရှိနေပါတယ်။

“အိမ်ကြီးအိမ်ကောင်းတွေနဲ့ယှဥ်ရင် သေးငယ်လှပေမဲ့ အမိုးအကာအောက်မှာနေရတဲ့ လုံခြုံမှုအနည်းငယ်တော့ ရရှိခဲ့ကြပါတယ်”

သူတို့အတွက် အမိုးအကာနဲ့ လုံခြုံနွေးထွေးမှုကို ပေးနိုင်ဖို့အတွက် Special and Choice (S&C) လို့ အမည်ပေးထားတဲ့ မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အိမ်လေးတွေ ပြန်ဆောက်ပေးနေတာ အခုဆိုရင် နေအိမ်ပေါင်း ၁၄၀၀ ပြည့်တော့မှာပါ။

ထန်းပင် ပေါများတဲ့ အညာဒေသဖြစ်လို့ ကုန်ကြမ်းကို ထန်းရွက်နဲ့ အဓိကသုံးပြီးဆောက်တဲ့ ထန်းရွက်မိုး ဝါးကပ်ကာအိမ်တွေဟာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ကြီးအိမ်ကောင်းတွေနဲ့ယှဥ်ရင် သေးငယ်လှပေမဲ့ အမိုးအကာအောက်မှာနေရတဲ့ လုံခြုံမှုအနည်းငယ်တော့ ရရှိခဲ့ကြပါတယ်။

“အရမ်း ဘာမှ ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတဲ့ ဘဝတွေဆိုတော့ ကိုယ့်အတွက်က တန်ဖိုးကြီးကြီးမားမား ပြန်ရလိုက်သလိုပဲ ခံစားရတာပါ”

အညာဒေသမှာ အိမ်တစ်လုံးဖြစ်ဖို့က မလွယ်လှပါဘူး။ မိသားစုမှာ တောင်ယာလုပ်ကိုင်သူက လုပ်၊ တစ်နယ်တစ်ကျေးမှာ လုပ်ကိုင်သူကလည်း ငွေပြန်ပို့ရင်း ဆယ်စုနှစ်နဲ့ချီကြာအောင် နှစ်ရှည် စုဆောင်းပြီးမှ တည်ဆောက်ကြရတဲ့အိမ်တွေပါ။

မီးလောင်လို့ အိမ်တွေဆုံးရှုံးမှု အများဆုံးဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်ခုနစ်ခုမှာ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က နေအိမ် ၁၄၀၀ နီးပါးကို နှစ်နှစ်အတွင်း ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

“လူတိုင်းမှာ နွေးထွေးလုံခြုံတဲ့အိမ်တစ်လုံးတော့ ပိုင်ဆိုင်စေချင်တာ ဖြစ်ပါတယ်

အဲဒီ တဲအိမ်လေးတွေ စဆောက်ကာစက တစ်သိန်းခွဲနဲ့ရခဲ့ပေမဲ့ ထန်းရွက် ရှားလာလို့ လှူတဲ့လူ နည်းလာတာ၊ ကုန်စျေးနှုန်း တက်လာတာနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်ပါ။ အိမ်တစ်လုံးကို သုံးသိန်းလောက်အထိ ကုန်ကျစရိတ် တက်လာတယ်လို့ S&C အဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။

ငွေကြေးအခက်အခဲအပြင် အိမ်တွေ ဆောက်ပေးတဲ့အချိန် စစ်ကြောင်းလာလို့ ဆောက်လုပ်ရေး ရပ်နားရတာမျိုးတွေလည်း ဖြစ်ဖူးတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ပေးတဲ့အိမ်လေး ရရင်ကို သူတို့ ပျော်နေတာ။ ဒါပေမဲ့ သူတို့ ဆုံးရှုံးသွားတာက ကျွန်တော်တို့ပေးတဲ့ အိမ်ထက် အဆပေါင်းများစွာ သာတယ်။ သူတို့အနေနဲ့ ဆုံးရှုံးမှုအများကြီးထဲကမှ ဒီလိုတဲအိမ်လေး တစ်အိမ်ပြန်ရတာကို ဝမ်းသာကြတယ်”

အဖွဲ့ဝင် ၃၈ ဦးနဲ့ ဖွဲ့စည်းထာတဲ့ S&C အဖွဲ့မှာ အခမဲ့ ကူညီလုပ်ဆောင်ပေးတဲ့သူတွေလည်း များပါတယ်။ အခုလို အိမ်တွေ တည်ဆောက်ဖို့ရာအတွက် မတည်ငွေကိုတော့ အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ငွေနဲ့စခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေနဲ့ ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။

အထိမ်းအမှတ်တစ်ခုခုကြောင့် အလှူရှင်တွေကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားနာမည်တွေနဲ့ လာရောက်လှူပြီးတော့ အိမ် တည်ဆောက်ပေးတာတွေလည်း ရှိပါတယ်။ အခုအချိန်မှာဆိုရင် အကူအညီ တောင်းလာသူတွေ များနေတာကြောင့် အကုန်လုံးရရှိအောင် ကူညီနိုင်ဖို့တော့ အခက်အခဲဖြစ်နေသေးတယ်လို့ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းနီးပါးရှိလာ

စစ်ကိုင်းတိုင်းက နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေ အကူအညီလိုနေ

နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါး စားနပ်ရိက္ခာနဲ့ အကူအညီတွေ လိုအပ်


အိမ်ကြီး အိမ်ကောင်းတွေ ဆုံးရှုံးဖူးတဲ့ ဒေသခံတွေဟာ ကျောတစ်ခင်းစာ ရလာတဲ့တဲအိမ်လေးတွေ ထပ်မံဖျက်ဆီးခံရမှာကိုလည်း စိုးရိမ်ကြပါတယ်။ စစ်ကြောင်း ဝင်လာပြီး ရွာထဲမှာ ကျန်တဲ့အိမ်တွေကိုရှို့ရင်း မီးကူးရာကနေ ထန်းတဲအိမ် ခြောက်အိမ် မီးထဲ ပါဖူးတယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စွဲတဲ့နေရာနဲ့နီးတာ ဒါမှမဟုတ် စစ်ကြောင်း ခဏခဏ ဝင်လေ့ရှိတဲ့ဒေသတွေက ပြည်သူတွေကတော့ S & C အဖွဲ့လို ကူညီပေးမဲ့လူတွေ ရှိတဲ့တိုင်အောင် အိမ်တွေ ပြန်မဆောက်ရဲကြပါဘူး။

ကိုစိုးမြင့်လို့ နာမည်လွှဲထားတဲ့ ဆားလင်းကြီးဒေသခံဟာ သူ့အိမ်ကို ဆောက်ပြီးပြီးချင်း ငါးလအကြာမှာပဲ မီးရှို့ခံလိုက်ရသူပါ။

“အိမ်လေးတောင် ကောင်းကောင်း မနေလိုက်ရဘူး။ မီးရှို့ခံလိုက်ရတာပဲ။ ကျွန်တော်တို့မှာ ဘာမှမရှိတော့သလို ခံစားနေရတယ်ဗျ။ ရွာလည်း ပြန်နေလို့ မရတော့ဘူး။ ဘာမှမရှိတော့ဘူး။ သူများရွာမှာပဲ ခိုကပ်ပြီးတော့ အလှူရှင်တွေ လာတာကို စောင့်နေရတဲ့ပုံစံ ဖြစ်နေတယ်”

သူတို့အနေနဲ့ အလုပ်သွားလုပ်မယ်ဆိုရင်လည်း မုံရွာဘက်အရောက်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိလို့ မသွားရဲတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့လည်း ဆိုပါတယ်။

S & C အဖွဲ့ဟာ အိမ်တွေ သာမက အညာဒေသမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှို့လို့ မီးထဲပါသွားတဲ့ ဒေသခံတွေရဲ့ ယက်ကန်းစင်တွေကိုလည်း တစ်စင် ခြောက်သိန်းနှုန်းနဲ့ ၄၂ စင် လှူဒါန်းပေးခဲ့တယ်လို့ ပြောပါတယ်။

လက်ယက်ကန်းကိုပဲ အဓိကအားထားပြီး အသက်မွေးဝမ်းကျောင်း ပြုရတဲ့လူတွေကိုစိစစ်ပြီး လှူဒါန်းပေးခဲ့တာလို့လည်း ဆိုပါတယ်။

ကျန်းမာရေး ကဏ္ဍမှာဆိုရင်လည်း မြို့နယ်သုံးခုက လက်လှမ်းမီနိုင်တဲ့ အခမဲ့ဆေးခန်းတစ်ခု ဖွင့်လှစ်ထားပြီး နှစ်နှစ်အတွင်းမှာ လူနာပေါင်း တစ်သောင်းကျော်ကို ကုသပေးခဲ့သလို လက်လှမ်းမီသလောက် မြို့နယ်တွေကို မြွေဆိပ်ဖြေဆေးတွေလည်း လှူဒါန်းခဲ့ပါတယ်။

S & C ပရဟိတ အခမဲ့ဆေးခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Facebook/ S & C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ဓာတ်ပုံ)
S & C ပရဟိတ အခမဲ့ဆေးခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Facebook/ S & C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ဓာတ်ပုံ)

S&C အနေနဲ့ မီးဘေးသင့်ဒုက္ခသည်တွေကို အိမ်ပြန်တည်ဆောက်ပေးတာဟာ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေထဲကမှ တစ်စိတ်တစ်ဒေသ သက်သာရာရအောင် ကုစားပေးလိုတာဖြစ်သလို လူတိုင်းမှာ နွေးထွေးလုံခြုံတဲ့အိမ်တစ်လုံးတော့ ပိုင်ဆိုင်စေချင်တာ ဖြစ်တယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ကလည်း တတ်နိုင်တာကနေပြီးတော့ ပြာပုံပေါ်မှာ နေရတာထက်စာရင် စစ်ရှောင်စခန်းတွေမှာ နေရာတာထက်စာရင် ကိုယ့်စည်းကိုယ်ပိုင် ဒီလိုအိမ်လေးတွေပေါ့နော်။ မိသားစုလိုက် နေလို့ရအောင်”

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းကျော် (၁၀၁,၄၇၄) ရှိပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ခုနစ်သောင်းကျော် (၇၃,၃၅၁) မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။