ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသား ၆၂ ဦး ထောင်သုံးနှစ်စီ ထပ်ချခံရ

RFA Burmese
2023.07.13
ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသား ၆၂ ဦး ထောင်သုံးနှစ်စီ ထပ်ချခံရ ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာသူ တချို့ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Citizen Journalist

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်း ဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အမျိုးသား ၆၂ ဦး ထောင်သုံးနှစ်စီ ထပ်ပြီးတော့ ချခံလိုက်ရတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

၆၂ ဦးစလုံးကို ဇူလိုင်လ ၆ ရက်နေ့မှာ ပုသိမ်အကျဉ်းထောင် အထူးတရားရုံးမှာပဲ ထပ်တိုးအမိန့်ချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ထောင်ဆူပူမှုမှာ ပါဝင်တဲ့ အဓိက ၆၂ ဦးကို ပုဒ်မ ၄၂ ပေါ့နော်။ ထောင်တွင်းမှာ ဆူပူမှုဖြစ်အောင် လုပ်တယ်ဆိုတဲ့ အနေအထားနဲ့ ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ်သုံးနှစ် ထပ်တိုးအမိန့်ချလိုက်တယ်ဆိုတာ သိရပါတယ်”

သူတို့အားလုံးဟာ အရင်ကလည်း ထောင်ထဲမှာ လပေါင်းများစွာ ခြေချင်းခတ် ပြစ်ဒဏ်ပေးခံခဲ့ရပြီး ဇွန်လထဲမှာမှ ခြေချင်းခတ်ပြန်ဖြုတ်ပေးထားလို့ ပုသိမ် အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထပ်တိုးအမိန့်ချတဲ့အထဲမှာ အကျဉ်းထောင်အက်ဥပဒေပုဒ်မ- ၄၂ အပြင် တခြား ရာဇသတ်ကြီးပုဒ်မတွေပါ ပါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပြင်ပမိသားစုဝင်တွေ တွေ့ဆုံခွင့်မရတာကြောင့် အခြား ဘယ်လိုပုဒ်မတွေ ပါသလဲဆိုတာ တိတိကျကျ မသိရဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။

နောက်ထပ် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်ကတော့ ကနဦးခြောက်လပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ကြားထားပြီးမှ သုံးနှစ်ချမှတ်ခံရတာလို့ RFA ကိုပြောပါတယ်။

“ပုဒ်မတွေက သေသေချာချာတော့ မသိဘူး။ ပုဒ်မ တစ်ခုသမားလည်းရှိတယ်။ နှစ်ခုသမားလည်း ရှိတယ်လို့လည်း ပြောတယ်။ ပထမကြားတာ ခြောက်လပဲကျမယ်လို့ ကြားတာ။ နောက်ချလိုက်တော့ သုံးနှစ်ဆိုတော့ သူတို့မှာလည်း စောဒကတက်ခွင့် မရှိဘူးတဲ့။ သူတို့ချသလောက်ပဲပေါ့နော်။ သူတို့ချတာပဲခံရတာ ”

အကျဉ်းသားတွေအားလုံး ပြန်လွတ်မြောက်စေချင်ပြီး မိသားစု စုံစုံလင်လင်နဲ့ အမြန်ဆုံး ပြန်လည်နေထိုင်ခွင့်ရဖို့ မျှော်လင့်မိတယ်လို့လည်း သူကပြောပါတယ်။

အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက အကျဉ်းကျခံနေသူတွေကို အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ - ၄၂ အရ တရားစွဲအရေးယူနိုင်သလို တခြားရာဇသတ်ကြီး ပုဒ်မတွေနဲ့လည်း ထပ်တိုးတရားစွဲဆိုနိုင်တယ်လို့ RFA ကိုပြောပါတယ်။

“ ပုဒ်မ ၄၂ ကတော့ အကျဉ်းထောင်နဲ့ အုပ်ချုပ်မှု၊ လုံခြုံမှုကိုထိပါးတာပေါ့လေ။ အဲဒါက အမြင့်ဆုံးပြစ်ဒဏ်က ခြောက်လ။ သို့သော် အထဲမှာထပ်ပြီးတော့မှ လူသတ်မှု ဖြစ်တယ်ဆိုရင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ရိုက်မှု ဖြစ်တယ်ဆိုရင်တော့ ၃၂၄ တို့၊ ၃၂၆ တို့နဲ့ အရေးယူတာပေါ့။ အဲဒီကနေမှ ထွက်ပြေးမှုဖြစ်စဉ်ဖြစ်ရင် ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ပေါ့။ သူ့သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မတွေနဲ့ အရေးယူပါတယ်”

ပုသိမ်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လို ထပ်တိုးပုဒ်မတွေနဲ့ အရေးယူခဲ့သလဲဆိုတာ တိတိကျကျ သိရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ပုသိမ်အကျဉ်းထောင် ပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ကိုရာစု။ (Photo: Citizen Journalist)
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ပုသိမ်အကျဉ်းထောင် ပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ကိုရာစု။ (Photo: Citizen Journalist)

ပုသိမ်အကျဉ်းထောင်ဟာ ဇန်နဝါရီလ ပထမပတ်ကစလို့ တစ်လကြာ ထောင်ဝင်စာ ပိတ်ခဲ့ပြီးနောက်ပိုင်း ထောင်ဝင်စာပစ္စည်းပဲ ပို့ခွင့်ရပြီး လူချင်းတွေ့ခွင့် မရတော့ပါဘူး။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ အဆက်အသွယ်ပြတ်နေတယ်လို့ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်အနှစ် နှစ်ဆယ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

“လူချင်းတွေ့လို့ရတဲ့ အခါမျိုးကျတော့လည်း ကျန်းမာရေးနဲ့ပတ်သက်တာတို့ သူတို့နေတာ၊ ထိုင်တာ ပစ္စည်းပို့တာမှ အစပေါ့နော်။ အဆင်ပြေလား မေးလို့ရတာပေါ့။ အခုလိုမျိုးကျတော့ စမ်းတဝါးဝါးနဲ့ ပို့နေရတာ။ ပစ္စည်းကို အဝက ထောင်ဝါဒါတွေက ရောက်တယ်လို့ပြောပေမယ့် ရောက်လားမရောက်လား သိချင်တာပေါ့နော်။ ကျန်းမာရေးလည်း အဆင်ပြေလားမပြေလား၊ လူချင်းတွေ့ရတဲ့အခါ သိရတာပေါ့။ အခုလိုမျိုးကျတော့ အဆင်ပြေဘူး”

ဇန်ဝါရီလက ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးဆီက လက်ကိုင်ဖုန်း တွေ့တဲ့အပေါ် ရိုက်နှက် စစ်ဆေးတာနဲ့ ဟင်္သာတထောင်က သေဒဏ်ကျ ကျောင်းဆရာ တစ်ဦးကို ပုသိမ်ထောင်မှာ ကြိုးပေးကွပ်မျက်ဖို့ ပြင်ဆင်နေတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်ဆန္ဒပြတဲ့အပေါ် ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။

ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အသက် ၃၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ကိုရာစုသေဆုံးပြီး အကျဉ်းသား ခုနစ်ဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။

"ထောင်ဆူပူမှုမှာ ပါဝင်တဲ့ အဓိက ၆၂ ဦးကို ပုဒ်မ ၄၂ ပေါ့နော်။"

RFA ကပြုစုထားတဲ့ စာရင်းအရ ၂၀၂၃ ခုနှစ်၊ မေလနဲ့ ဇွန်လအတွင်း ထောင်ပြောင်းစဥ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရတယ်ဆိုတဲ့ အကြောင်းပြချက်အပါအဝင် စစ်ဆေးမေးမြန်းချိန် နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားအကြောင်းတွေကြောင့် သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ဒိုက်ဦးထောင်က ဆယ်ဦး၊ မြင်းခြံထောင်က နှစ်ဦး၊ သာယာဝတီထောင်က တစ်ဦးနဲ့ စစ်ကြောရေး စခန်းကနှစ်ဦး စုစုပေါင်း ၁၅ ဦးရှိပြီ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၁၉,၄၂၇ ဦးရှိပြီး အဲဒီအထဲက ၆,၈၀၂ ဦးက အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ် ကျခံနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။